IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို တိုက်ခိုက်ချေမှုန်းနိုင်ရေးဟာ မလွယ်ကူတဲ့အပြင် အချိန်တိုအတွင်း ပြီးပြတ်မယ့်လုပ်ငန်း မဟုတ်ဘူးလို့ အမေရိကန် သမ္မတ Barack Obama ဟာ အင်္ဂါနေ့က အဲဒီကိစ္စနဲ့ ပတ်သက်တဲ့ တိုးတက်မှု အခြေအနေကို ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ စည်းဝေးပွဲအတွင်း ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့အတွက် တိကျခိုင်မာတဲ့ အစီအစဉ်တွေ ချမှတ်လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂ ပြောကြားအပြီး တနှစ်အကြာမှာ အခုလို ထပ်မံ ပြောဆိုခြင်းလည်း ဖြစ်ပါတယ်။
အစွန်းရောက် အဖွဲ့အစည်းကို ခေsမှုန်းရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုဖြစ်တဲ့ သူ့ရဲ့ အဲဒီ တောင်းဆိုမှုကို နိုင်ငံတွေနဲ့ အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က တုံ့ပြန်ခဲ့ကြတယ်လို့ အထွေထွေညီလာခံ ပြင်ပမှာ ပြုလုပ်တဲ့ ISIL အကြမ်းဖက်အဖွဲ့နဲ့ အစွန်းရောက် အကြမ်းဖက်ဝါဒတွေကို တန်ပြန်တိုက်ခိုက်ရေးဆိုင်ရာ ထိပ်သီးစည်းဝေးပွဲကို သဘာပတိအဖြစ် ဦးဆောင်ကျင်းပတဲ့ သမ္မတ Barack Obama က ပြောပါတယ်။
အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေ အတွင်းမှာရှိနေတဲ့ အစ္စလာမ်မစ် အစွန်းရောက်တွေကို တိုက်ခိုက်ဖို့ အမေရိကန်က ဦးဆောင်ဖွဲ့စည်းထားတဲ့ ညွန့်ပေါင်း အဖွဲ့ဝင် ၆၀ ရှိတဲ့အထဲ နိုင်ဂျီးရီးယား၊ တူနီးရှားနဲ့ မလေးရှားနိုင်ငံတို့လည်း ပါဝင် ပူးပေါင်းလာတယ်လို့ သမ္မတ အိုဘားမားက ပြောကြားလိုက်ပြီး ဒီ တိုက်ခိုက်မှုတွေမှာ အောင်မြင်မှုရှိသလို ဆုံးရှုံးမှုလည်း ရှိနိုင်တယ်လို့ ပြောပါတယ်။
IS စစ်သွေးကြွတွေဟာ လုံခြုံရေး အလုံအလောက် မရှိတဲ့နေရာတွေမှာ နေရာဝင်ယူနေပြီး လူသစ် စုဆောင်းဖို့အတွက် လူမှုကွန်ယက်ကို ထိရောက်စွာ အသုံးပြုနိုင်တဲ့အဖွဲ့ ဖြစ်တယ်လို့ သမ္မတ အိုဘားမား က ပြောပါတယ်။