သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလ်ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းအပေါ် သမ္မတအိုဘားမား ဝေဖန်


အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ ပြောကြားခဲ့တဲ့ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ မိန့်ခွန်းထဲမှာ အီရန်နိုင်ငံရဲ့ နျူကလီးယား ပြဿနာနဲ့ ပတ်သက်လို့ ထူးထူးခြားခြား မပါဘူးလို့ သမ္မတ Barack Obama ကဝေဖန်လိုက်ပါတယ်။

မိန့်ခွန်းထဲမှာ အသစ်အဆန်းဆိုလို့ ဘာမှပါတာမတွေ့ရတဲ့အကြောင်း၊ ဒါပေမဲ့လည်း အမေရိကန်နဲ့ အစ္စရေးလ်ကြား ဆက်ဆံရေးဟာ မပျက်ပြားနိုင်အောင် ခိုင်မာတယ်လို့ အစ္စရေးလ် ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်နဲ့ အီရန်နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရဟာ အမေရိကန်နဲ့ အစ္စရေးလ်ရဲ့ အကျိုးစီးပွားတွေကို ခြိမ်းခြောက်နေတယ်ဆိုတဲ့ သဘောထားတွေကိုတော့ သူ့အနေနဲ့ လက်ခံတယ်လို့လည်း သမ္မတ အိုဘားမားက ပြောဆိုသွားခဲ့တာပါ။

အထက်နဲ့အောက်လွှတ်တော် ၂ ရပ်ပေါင်း ရှေ့မှောက် မနေ့တုန်းက အစ္စရေးလ်ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းပြောကြားချိန်မှာ နိုင်ငံတကာကိစ္စတွေအတွက် ဥရောပခေါင်းဆောင်တွေနဲ့ ဗွီဒီယိုကတဆင့် ဆွေးနွေးနေတဲ့အတွက် မကြည့်ဖြစ်ပေမဲ့ မိန့်ခွန်းစာသားကို ဖတ်ကြည့်ဖြစ်တယ်လို့လည်း သမ္မတ အိုဘားမားက အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

အစ္စရေးလ် ဝန်ကြီးချုပ်ကတော့ သမ္မတ အိုဘားမား အစိုးရအနေနဲ့ အီရန်နိုင်ငံနဲ့ စေ့စပ်ညှိနှိုင်း သဘောတူညီမှုတွေ ရရှိရေး မကြိုးပမ်းသင့်ဘူးလို့ ကွန်ဂရက်လွှတ်တော် မိန့်ခွန်းထဲမှာ အဓိက အာရုံစိုက် ပြောကြားသွားခဲ့တာပါ။ သမ္မတ အိုဘားမားကတော့ အစ္စရေးလ်အပေါ် ခြိမ်းခြောက်လာနိုင်တဲ့ နျူကလီးယား လက်နက်တွေကို အီရန်နိုင်ငံ မရနိုင်အောင် အကောင်းဆုံး နည်းလမ်းကတော့ သဘောတူညီမှုတရပ် ရနိုင်ဖို့သာ ဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။

အိမ်ဖြူတော် တာဝန်ရှိသူတွေကတော့ ကွန်ဂရက်လွှတ်တော်မှာ အစ္စရေးလ် ဝန်ကြီးချုပ် မိန့်ခွန်းပြောကြားဖို့ သမ္မတ အိမ်ဖြူတော်နဲ့ မတိုင်ပင်ပဲ အောက်လွှတ်တော်ဥက္ကဋ္ဌ John Boehner ဖိတ်ကြားခဲ့တာဟာ လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ရာကျတယ်လို့လည်း ပြောဆိုခဲ့ကြပါတယ်။

XS
SM
MD
LG