သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂွာတာနာမို အကျဉ်းစခန်းပိတ်ပစ်ဖို့ အိုဘားမား ကြိုးစားမည်


ကျူးဘားနိုင်ငံ၊ Guanatanamo Bay စစ်အကျဉ်းထောင်ကို ပိတ်ပစ်ဖို့ သူတတ်နိုင်တာအားလုံးကို လုပ်ဆောင်သွားမယ်လို့ အမေရိကန် သမ္မတ Barack Obama က ပြောကြားလိုက်ပါတယ်။

တနင်္ဂနွေနေ့ CNN နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အခုလို သမ္မတ အိုဘားမားက ပြောကြားခဲ့တာပါ။ ဒီအကျဉ်းထောင်ရှိနေသရွေ့ ကမ္ဘာတလွှားမှာ အစွန်းရောက်တွေနဲ့ ဂျီဟတ်လိုလားသူတွေ ပေါ်လာနိုင်တယ်လို့လည်း ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ အဲဒီအကျဉ်းစခန်းမှာ အကျဉ်းသားတယောက်အတွက် ငွေဒေါ်လာ သန်းနဲ့ချီသုံးစွဲနေရသလို ဒီလို အကျဉ်းထောင်ထားရှိတာဟာ အမေရိကန် ပြည်ထောင်စုရဲ့ စံတန်ဖိုးတွေနဲ့လည်း ကိုက်ညီမှုမရှိဘူးလို့ပြောပါတယ်။

စနေနေ့ကတော့ အဲဒီမှာ အမေရိကန်နိုင်ငံကဖမ်းဆီးထားတဲ့ အာဖဂန်နစ္စတန် အကျဉ်းသား ၄ ယောက်ကို ဌာနေပြန်ပို့ပေးလိုက်ပြီလို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ အခုလွှတ်ပေးလိုက်သူတွေဟာ နောက်ကြောင်း အချက်အလက် ရှင်းလင်းတဲ့သူတွေ ဖြစ်ပြီး သူတို့ကို အခုလို ပြန်ပို့်ပေးလိုက်တာဟာ အာဖဂန်နစ္စတန်အစိုးရရဲ့ သမ္မတအသစ် Ashraf Ghani ကို ယုံကြည်မှုရှိတယ်ဆိုတဲ့အကြောင်း သက်သေပြတဲ့အနေနဲ့လည်းဖြစ်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

၂၀၀၉ ခုနှစ်က အမေရိကန်သမ္မတ Barack Obama တာဝန်စယူခဲ့ချိန်က Guantanamo အကျဉ်းထောင်ထဲမှာ အကျဉ်းသား ၂၄၂ ယောက် ရှိခဲ့ပေမဲ့ ခုလက်ရှိအချိန်မှာ တော့ အကျဉ်းသား စုစုပေါင်း ၁၃၂ ယောက်ပဲ ကျန်ရှိနေတာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကို အကြမ်းဖက်သမားတွေ တိုက်ခိုက်ခဲ့လို့ လူ ၃,၀၀၀ လောက် သေဆုံးခဲ့ရပြီး ၄ လအကြာ ၂၀၀၂ ခုနှစ် ဇန္နဝါရီလကစပြီး ဒီ Guantanamo အကျဉ်းထောင်ကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG