သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုံးဟောင်းပေါက်ကွဲ ကလေးနှစ်ဦးသေဆုံး


ကရင်ကလေးငယ်တစ်ဦးကို ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေနားမှာတွေ့ရစဉ်။
ကရင်ကလေးငယ်တစ်ဦးကို ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေနားမှာတွေ့ရစဉ်။

မြန်မာစစ်တပ်နဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ မကြာခနတိုက်ပွဲဖြစ်လေ့ရှိတဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကုန်းနဲ့ အံကလော်ရွာ ဘုန်းကြီးကျောင်းအနီးမှာ မပေါက်ကွဲသေးတဲ့ ဗုံးသီးဟောင်းတခုကို ကလေးတွေ တွေ့ရှိပြီး ဆော့ကစားရာကနေ ပေါက်ကွဲပြီး ကလေးနှစ်ဦး သေဆုံးသွားခဲ့ပါတယ်။ နောက်ထပ် ကလေး (၆) ဦးကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် ဘားအံနဲ့ကော့ကရိတ်ဆေးရုံတွေမှာ ဆေးကုသမှု ခံနေရပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရတပ်နဲ့ ကရင်လက်နက်ကိုင်တွေ အပစ်အခတ်ရပ်စဲရေးလုပ်ထားပေမယ့် ကော့ကရိတ်မြို့နယ်ရွာမှာတော့ မကြာခနဆိုသလို လက်သည်မပေါ်တဲ့ ပစ်ခတ်မှုတွေ ရှိနေပါတယ်။ သောကြာနေ့ကလည်း ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကုန်းရွာနဲ့ အံကလော်ရွာက ကလေးတွေဟာ နှစ်ဘက် လက်နက်ကိုင်တွေ သုံးလေ့ရှိတဲ့ ၄၀ မမ၊ ဗုံးသီးဟောင်းတလုံးကို ဆော့ကစားရာကနေ ပေါက်ကွဲပြီး နှစ်ဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ရွာသစ်ကုန်း ဒေသခံတစ်ဦးက ပြောပါတယ်။

“နှစ်ယောက်က ဖြစ်ဖြစ်ချင်းသေသွားတယ်။ နောက်တယောက်က ဆေးရုံရောက်ပြီးမှ သေသွားတယ်။ အားလုံးပေါင်း ၈ ယောက်၊ ….သူ့ဗိုက်ထဲက အူတွေထွက်နေတယ်။ ….. ”

ဆော့ကစားခဲ့သူ အသက် (၈) နှစ်အရွယ်ကလေးက နေရာမှာတင် သေဆုံးသွားခဲ့ပြီး နောက်တစ်ဦးကတော့ ဆေးရုံရောက်ပြီးမှ သေဆုံးခဲ့ပါတယ်။ အနားမှာရှိပြီး ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့တဲ့ကလေးတွေအနက် ဝမ်းဗိုက်နဲ့လည်ပင်းမှာ ဒဏ်ရာရထားတဲ့ကလေးရဲ့ အခြေအနေက စိုးရိမ်ရတဲ့ အတွက် ဘားအံဆေးရုံကို ပို့ပြီး ကုသနေရပြီး မျက်နှာ၊ လက်နဲ့ ခြေထောက်တွေမှာ ဒဏ်ရာရခဲ့သူ ကျန်တဲ့ကလေးငါးယောက်ကတော့ ကော့ကရိတ်မြို့ဆေးရုံမှာပဲ ဆေးကုသမှုခံနေကြပါတယ်။ အဲဒီရွာတွေဟာ နှစ်ဘက် လက်နက်ကိုင်တွေ မကြာခန ဝင်ထွက်သွားလာနေတဲ့ ဒေသဖြစ်ပြီး တိုက်ပွဲတွေလည်း မကြာခန ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“….ခနခနတော့ ဖြစ်တယ်ပေါ့။”

အခု ကလေးတွေ တွေ့ပြီး ဆော့ကစားခဲ့တဲ့ တိုက်ပွဲအတွင်း မပေါက်ကွဲခဲ့ဘဲ ကျန်နေခဲ့တဲ့ ဗုံးသီးဟောင်းအမျိုးအစားကို နှစ်ဘက်လက်နက်ကိုင်တွေက အသုံးပြုကြပါတယ်။ အဲဒီဒေသမှာ ကရင်လက်နက်ကိုင်တွေလည်း စခန်းချထားသလို မြန်မာစစ်တပ်ဘက်ကလည်း ဝင်ထွက် စခန်းချကြောင်း ဒေသခံတွေက ဆိုပါတယ်။ အဲဒီနယ်မြေဟာ လက်ရှိမှာ တည်ငြိမ်မှု မရှိကြောင်း၊ လက်ရှိ ကော်သူးလေးတပ်မတော်မှာ တာဝန်ယူထားသူ DKBA တပ်မှူးဟောင်း ဗိုလ်မှူး စောဆန်းအောင်ကလည်း ပြောပါတယ်။

“ကော့မလဲရွာမှာဆိုလို့ရှိရင်လည်း ကျောင်းပိတ်တယ်။ ဆရာမတွေ။ ညနေပိုင်းတော့ ကျောင်းဆက်တက်နေတဲ့အနေအထားမှာလေ။ အဲဒီမှာ တပ်က ဝင်ထွက်လိုက်ကြ၊ ..စခန်းလည်းရှိတယ်။ စခန်းက သေးသေးငယ်ငယ်လေးပါ။ တပ်တွေ အဲဒီမှာ လာစုတယ်လေ။ စုပြီး အဲဒီကနေ လက်ရှိ ပြင်ဆင်ပြီး ထွက်နေပြီပေါ့- လက်ရှိအနေအထားကတော့။ ကျနော်တို့စည်းထဲမှာ တကယ်လို့ ရောက်ရှိလာမယ်ဆိုရင်တော့ ပစ်ခတ်မှုတွေ… ၊ ခုခံကာကွယ်တဲ့- မိမိကိုယ်မိမိ ကာကွယ်တဲ့အနေအထားတော့ ပြင်ဆင်ထားတဲ့သဘောပေါ့နော်။”

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၁ ရက်နေ့တုန်းကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ကားရပ်နားတဲ့နေရာတခုမှာ လက်နက်ကြီး ကျည်တွေကျခဲ့ပြီး ခရီးသည် (၃) ဦး နေရာမှာပဲ သေဆုံးခဲ့ပြီး နောက်တစ်ဦးကတော့ ဆေးရုံရောက်ပြီးမှ သေဆုံးခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဒဏ်ရာရသူ (၁၂) ဦး ရှိခဲ့ပြီး အဲဒီပစ်ခတ်မှုမှာလည်း လက်သည်မပေါ်ခဲ့ပါဘူး။

ကရင်ပြည်နယ်အတွင်း နှစ်ပေါင်း ၆၀ ကျော် ကရင်လက်နက်ကိုင်နဲ့ မြန်မာစစ်တပ်ကြားက စစ်ပွဲတွေမှာ နှစ်ဘက်လုံးက အသုံးပြုတဲ့ မြေမြှုပ်မိုင်းတွေ ရှိနေတာကြောင့် ဒေသခံရွာသူရွာသားတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေ သေဆုံးမှု၊ ခြေပြတ်မှုတွေလည်း ရှိနေတာပါ။ အခုလိုမျိုး ကရင်ပြည်နယ်အတွင်း ကျေးရွာတွေနားမှာ မပေါက်ကွဲသေးတဲ့ ဗုံးလက်ကျန်တွေကြောင့်လည်း အရွယ်မရောက်သေးတဲ့ကလေးတွေ ဆော့ကစားမိရာကနေ အခုလို သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတွေလည်း မကြာခန ရှိနေပါတယ်။ အခု ဖြစ်ရပ်မှာတော့ သေဆုံးနဲ့ ဒဏ်ရာရသူ ကလေးတွေဟာ အသက် ၆ နှစ်၊ ၈ နှစ်နဲ့ ၁၀ နှစ်အရွယ်တွေ ဖြစ်ကြပါတယ်ရှင်။

XS
SM
MD
LG