သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောလီးဝုဒ်မင်းသားကြီး Omar Sharif ကွယ်လွန်


ဗင်းနစ်စ်ရုပ်ရှင်ပွဲတော်တွင် တွေ့ခဲ့ရသည့် မင်းသားကြီး Omar Sharif။ စက်တင်ဘာ ၁၀၊ ၂၀၀၉
ဗင်းနစ်စ်ရုပ်ရှင်ပွဲတော်တွင် တွေ့ခဲ့ရသည့် မင်းသားကြီး Omar Sharif။ စက်တင်ဘာ ၁၀၊ ၂၀၀၉

ဟောလီးဝုဒ်ရုပ်ရှင်မင်းသားကြီး Omar Sharif ဟာ အသက် ၈၃ နှစ်အရွယ်မှာ ကွယ်လွန်သွားပါပြီ။ အီဂျစ်နိုင်ငံ ဖွား မင်းသားကြီးဟာ ထူးချွန်ဆု အများအပြားကိုလဲ ရရှိခဲ့တာပါ။ ဗွီအိုအေသတင်းထောက် Mohammed Elshinnawi နဲ့ ၂၀၀၉ ခုနှစ်က တွေ့ဆုံ စကားပြောခဲ့တဲ့ အသေးစိတ်ကို ဦးကျော်ဇံသာက တင်ပြထားပါတယ်။

Omar Sharif ဟာ ၁၉၆၂ ခုနှစ်၊ Lawrence of Arabia ဇာတ်ကားက သူ့ကို နိုင်ငံတကာ သရုပ်ဆောင်ဘ၀ သွတ်သွင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဇာတ်ကားမှာ သူ သရုပ်ဆောင်ရတဲ့အခန်းကလဲ သူ့ဇာတိ အီဂျစ် ယဉ်ကျေးမှုကို ကိုယ်စားပြုရသလို ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် အီဂျစ်နိုင်ငံမှာ သူဟာ စံနမူနာထားရတဲ့ ပုဂ္ဂိုလ် တယောက် ဖြစ်လာခဲ့ပါတယ်။

အဲဒီအချိန်က အီဂျစ်နိုင်ငံကို အုပ်စိုးနေတဲ့ပုဂ္ဂိုလ်ဟာ Gamel Abdul Naser ဖြစ်ပါတယ်။ အနောက်တိုင်းကို ဆန့်ကျင်ပြီး အင်မတန်ထက်မြက် တဲ့ ခေါင်းဆောင်တယောက်ဖြစ်ပါတယ်။

“ကျနော် ဟောလီးဝုဒ်ရောက်လာချိန် အီဂျစ်မှာ နာဆာက အာဏာရနေပါတယ်။ ၁၉၆၀ ပြည့်လွန် အဲဒီအချိန်က နာဆာကို အမေရိကန်မှာ အခု ဆက်ဒမ် ဟူစိန်လိုမျိုး သဘောထားကြတာပါ။ ဆိုတော့ စဉ်းစားကြည့်ပါ။ အီရတ်စစ်ပွဲဖြစ်နေချိန် အီရတ်လူမျိုးတယောက် ဟောလီးဝုဒ်မင်းသားဖြစ်လာရင် ဘယ်လိုနေမလဲဆိုတာ။ ဒါပေမဲ့ ကျနော် ကံကောင်းပါတယ်။ ဒိတ်ဒိတ်ကျဲ ဇာတ်ကားကြီးဖြစ်တဲ့ Lawrence of Arabia မှာ နေရာမှန်က သရုပ်ဆောင်ခွင့် ရခဲ့တာပါ။ ချက်ခြင်းပဲ အကယ်ဒမီဆုအတွက် ဆန်ခါတင် ရွေးချယ်ခံခဲ့ရပါတယ်။”

ဒါပေမဲ့ ၁၉၆၀ ပြည့်လွန် အမေရိကန်မှာ လေးနှစ်နေခဲ့ရတဲ့အချိန်မှာ ဟောလီးဝုဒ်က အာရပ်ဘ်မင်းသားကြီး Omar Sharif ကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပါတယ်။ သူဟာ ဘာမှ စိတ်ကျဉ်းကျပ်မှု မဖြစ်ခဲ့ရပါဘူး။ ဒါပေမဲ့လဲ ၂၁ ရာစု ရောက်လာတဲ့အခါမှာ အမေရိကန်နဲ့ အာရပ်ဘ်ကမ္ဘာအကြား ကွာဟမှုတွေ၊ ကွဲပြားမှုတွေ သိပ်ကျယ်ပြန့် လာတာ တွေ့ရတဲ့အတွက် သူ စိတ်ညစ်ရပါတယ်လို့ ဗွီအိုအေကို အခုလိုပြောခဲ့ပါ တယ်။

“အခုတော့ အရင်နဲ့ မတူတော့ပါဘူး။ တယောက်နဲ့တယောက် သိပ် မုန်းတီးနေကြတယ်။ အာရပ်ဘ်တချို့နဲ့ အမေရိကန်တချို့အကြား၊ အစွန်းရောက်တွေ အကြား မုန်းတီးမှုတွေရှိနေတယ်။ အရင်လို မဟုတ်တော့ပါဘူး။”

စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှု အမေရိကန်တွေအနေနဲ့ အာရပ်ဘ်နဲ့ မူစလင်တွေအပေါ် နက်နက်ရှိုင်းရှိုင်း အမြင်လွဲမှားသွားစေခဲ့ပါတယ်။ သူတို့ဟာ အနောက်တိုင်းကိုရန်လိုတဲ့ မူစလင် လူနည်းစုနဲ့ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတဲ့ မူစလင်လူများစုကို ခွဲခြားရ ခက်ခဲသွားစေခဲ့တယ်လို့ သူကဆိုပါတယ်။ ရိုမန် ကက်သလစ် ဘာသာဝင်အဖြစ် ကြီးပြင်းလာခဲ့တဲ့ Omar Sharif ဟာ အိမ်ထောင်ပြုတဲ့အခါ အစ္စလာမ်ဘာသာ ကို ကူးပြောင်းခဲ့ပါတယ်။

မူစလင်တွေဟာ ကျန်ဘာသာခြားတွေနဲ့ ဘယ်လို ရင်းရင်းနှီးနှီး ချစ်ချစ် ခင်ခင် နေထိုင်နိုင်တယ်ဆိုတာကို သူ ပြသဖို့ ကြိုးစားခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ ရိုက်ကူးတဲ့ Monsieur Ibraham ပြင်သစ်ဇာတ်ကားမှာ သူဟာ ဂျူး ကလေးငယ်တယောက်ကို မွေးစားတဲ့ ပါရီမြို့မှာနေထိုင်သူ မူစလင်ဈေးဆိုင်ရှင် တယောက်အဖြစ် သရုပ် ဆောင်ခဲ့ပါတယ်။ ဒီကားမှာ သူဟာ ပြင်သစ်နိုင်ငံ ရဲ့ အော်စကာဆုလို့ခေါ်နိုင်တဲ့ ဆီဇာဆု ရရှိခဲ့ပါတယ်။ ဆယ်စုနှစ်များစွာ ဒီကားဟာ အင်မတန် ကျော်ကြားခဲ့ပါတယ်။

ကွယ်လွန်သူမင်းသားကြီး Omar Sharif ဟာ ယဉ်ကျေးမှုချင်း ထိတွေ့ပြော ဆိုပြီး မေတ္တာပေါင်းကူးတံတား တည်ဆောက်ကြဖို့ကို လဲ ထောက်ခံပြောကြားခဲ့သူဖြစ်ပါတယ်။

“ကျနော်တို့အားလုံး ဆင်ခြင်တုံတရားရှိရမယ်။ ကျနော်တို့နဲ့ အမေရိကန်တွေအကြား အမုန်းကို ပစ်ပယ်ကြရ မယ်။ တယောက်ကိုတယောက် အပြန်အလှန် နားလည်မှုနဲ့ အတူထိုင်ပြီး စကားပြောကြရမယ်။”

Omar Sharif ဟာ ရုပ်ရှင်နဲ့ပတ်သက်တဲ့လုပ်ငန်း ရုပ်မြင်သံကြား သရုပ်ဆောင် မှုတွေကို ဆက်လက် လုပ်ကိုင် နေခဲ့ပါတယ်။ ၂၀၁၃ မှာ ပြင်သစ် မော်ရိုကို ဇာတ်ကား Rock the Casbah ဆိုတဲ့ကားမှာ သရုပ်ဆောင်ခဲ့ပါတယ်။ သူ့ရဲ့သားဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် Tarek Sharif က သူ့အဖေဟာ အယ်လ်ဇိုင်းမားဝေဒနာ ခံစားနေရ ပြီဖြစ်တဲ့အကြောင်း မေလတုန်းက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မင်းသားကြီး Omar Sharif ဟာ သောကြာနေ့က ကိုင်ရိုမြို့တော်မှာ နှလုံးခုန်ရပ်ပြီး ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG