သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်းနောင် ပေါက်ကွဲမှု ဒဏ်ရာရ သံဃာတပါး ပျံလွန်တော်မူ


ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ရှမ်းစစ်ပြေးဒုက္ခသည်များ။
ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ရှမ်းစစ်ပြေးဒုက္ခသည်များ။

လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်တွင်းမှာ မတည်မငြိမ် အခြေအနေတွေကြောင့် ဒေသခံတွေကြား စိုးရိမ်နေကြဆဲ ဖြစ်သလို၊ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ တချိန်တည်းမှာပဲ စစ်ဘေးဒဏ်ကနေ ထွက်ပြေးနေကြတဲ့ ဒုက္ခသည် ပြဿနာဟာလည်း ပိုမိုကြီးထွား လာနေပါတယ်။ ပြီးခဲ့တဲ့လကုန်ပိုင်းက ဗုံးပေါက်ကွဲမှုမှာ ဒဏ်ရာရရှိခဲ့တဲ့ အထဲက သံဃာတော်တပါးဟာလည်း အခုနောက်ဆုံး ပျံလွန်တော်မူသွားပါတယ်။ ရှမ်းပြည်နယ်တွင်းက စစ်ရေး တင်းမာမှု နောက်ဆုံး အခြေအနေတွေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွမ်းအိမ် ကတင်ပြထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့အတွင်း ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ သံဃာတော်(၄) ပါးအနက် က ကုန်းတော်ကျောင်းကအရှင်သီဟဟာ မနေ့ မွန်းလွှဲပိုင်းမှာ ပျံလွန်သွားပြီလို့ ရှမ်းလူငယ်ကွန်ယက်အဖွဲ့ဝင် ကိုလွယ် ခမ်းပန်က အခုလိုပြောပါတယ်။

“မနေ့က ၁၁ နာရီလောက်မှာ အဲဒီ အောင်ပန်း ဆေးရုံမှာ ပျံလွန်တော်မူသွားပြီ။ ကုန်းတော်ကျောင်းက ဦးသီဟ ခင်ဗျ။ ပျံလွန်တော်မူသွားတဲ့ ဦးဇင်းက။ ထိတဲ့နေရာက တော်တော်ပြင်းထန်တယ်ခင်ဗျ။ ပြင်းထန်ပြီးတော့ ဒီမိုင်းနောင်ဆေးရုံကို ပို့လိုက်တဲ့အချိန်မှာ မနိုင်ဘူးဆိုပြီးတော့ နောက်နေ့မနက်မှာ ဒီအောင်ပန်း စစ်ဆေးရုံကို သယ်သွားတယ်။ ပြီးတော့ ဦးဇင်း က ပျံလွန်တော်မူသွားတယ်။”

နိုဝင်ဘာ(၃၀)ညနေပိုင်း မိုင်းနောင်မြို့ ကုန်းတော်ဘုန်းကြီးကျောင်း ရေချိုးဆိပ် မှာ ရေဆင်းချိုးတဲ့ သံဃာ(၄)ပါးဟာ ထောင်ဗုံးကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံတင် ထားရာကနေ သံဃာတော်တပါး ပျံလွန်သွားတာလဲဖြစ်ပါတယ်။ ကျန်ရှိတဲ့ သံဃာတော်(၃)ပါးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဗုံးပေါက်ကွဲတဲ့နေရာဟာ မြန်မာစစ်တပ်စခန်းတခု အနီးမှာရှိနေပြီး၊ ဘယ်သူ့ လက်ချက်ကြောင့် ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူး၊ မိုင်းနောင်၊ကျေးသီးဒေသတွေ မှာ မြောက်ပိုင်း ရှမ်းပြည် တပ်မတော် SSPP/SSAနဲ့မြန်မာ့တပ်မတော်တို့ အကြား အောက်တိုဘာလဆန်း ကနေ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်ကနေ စွန့်ခွာနေရတဲ့ စစ်ပြေးဒုက္ခသည် အများအပြားရှိနေပါတယ်။

လက်ရှိ ရှမ်းစစ်ပြေး ဒုက္ခသည်စခန်းရဲ့ကြုံတွေ့နေရတဲ့ အခက်ခဲအခြေအနေကိုတော့ ကိုလွယ်ခမ်းပန်က အခုလိုဆက် ပြောပါတယ်။

“ကလေးတွေပေါ့။ အဓိကကတော့ ကလေးတွေရယ်၊ လူအိုတွေရယ် သူတို့ကျန်းမာရေး အခြေအနေတွေ တချက်ရှိတယ်။ ဒီသောက်သုံးရေနဲ့ပတ်သက်ပြီး ဝမ်းပျက်၊ ဝမ်းလျှောတွေဖြစ်တယ်။ ဒီအအေးမိတဲ့ ပြဿနာတွေပေါ့။ အကြီးဆုံးနေရာက ၃ နေရာလောက်တောင်ရှိသေးတယ်ဗျ။ အဲဒီ စစ်ဘေးဒုက္ခသည်စခန်းမှာလေ။ သူက ဝမ်၀ ရယ်၊ ဟိုင်းပါ ရယ်၊ မိုင်းရှူးရယ်ပေါ့။ အဲဒီနေရာကျန်တယ်။ ကျန်တဲ့နေရာတွေကတော့ ဒီ လဲချားတို့ လားရှိုးတို့ ကတော့ တော်တော်လေးပြန် သွားပြီ။”

နိုဝင်ဘာလကုန်ပိုင်းမှာ တောင်ပိုင်းရှမ်းပြည်တပ်မတော်RCSS/SSAတပ်ဖွဲ့နဲ့ TNLA တအာင်းပလောင်တပ်ဖွဲ့တို့ အကြားဖြစ်ပွါးခဲ့တဲ့ စစ်ရေးတင်းမာမှုမှာ နမ်းခမ်းမြို့နယ်ဒေသခံ ရွာသား (၂၆၀)ကျော်ဟာ စစ်ဘေးတိမ်းရှောင်နေရသလို ရွာသား(၂၃)ဦးဟာ လက်နက်အဖွဲ့တွေရဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်းကိုခံနေရပါတယ်။

ဖမ်းဆီးခံထားရတဲ့ကျေးရွာသားတွေကို ပြန်လည်လွှတ်ပေးဖို့ ကျားဖြူပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ နဲ့ လူမှုညီညွတ်ရေးအသင်းတွေကနေ တအာင်း ပလောင်တပ်ဖွဲ့ကို တောင်းဆိုခဲ့တယ်လို့ နမ့်ခမ်းမြို့ ကျားဖြူပါတီ အတွင်းရေးမှူး စိုင်းထွန်းလှက အခုလိုပြောပါတယ်။

“နောက်ပြီး ဒီအဖမ်းခံရတဲ့အထဲမှာလည်း ကျနော်တို့ကျားဖြူပါတီရဲ့ စည်းရုံးရေးမှူးတွေ ပါတာပေါ့။ ဒေသခံပြည်သူတွေရဲ့ သတင်းပေးပို့ချက်အရကျတော့ အားလုံးပေါင်း ၂၆ ဦး။ ဒီ ၂၆ ဦး ဆိုတာက ကျနော်တို့ရတဲ့ ဒီ နမ့်ခမ်းမြို့နယ်က မိုင်းဝီးရယ်၊ ဟိုပန်ရယ် ပြီးတော့ မန်တုန်မြို့နယ်က မိုင်းခတ်ပေါ့နော် ။ ဒီ ၃ ရွာထဲက ၂၆ ဦးလို့ ကြားပါတယ် ခင်ဗျ။ ဖမ်းဆီးတဲ့ အဖွဲ့အစည်းကတော့ သူတို့ပြောပြချက်အရကတော့ TNLA လို့ပြောပါတယ်ခင်ဗျ။ ဖမ်းဆီးထားတဲ့လူတွေကို ဘယ်မှာ ချုပ်ထားသလဲ၊ ဘယ်ကိုရောက်နေ သလဲဆိုတာလည်း သတင်းအစအနကို မသိရပါဘူးခင်ဗျ။”

ဒီလိုစွပ်စွဲချက်အပေါ် TNLA တအာင်း ပလောင်တပ်ဖွဲ့အနေနဲ့ ရွာသားတွေကို ဖမ်းဆီးတာမျိုး မပြုလုပ်ခဲ့ဘူးလို့ TNLAပြန်ကြားတာဝန်ခံ ဗိုလ်ကြီး တာ့အိုက်ကျော် က ငြင်းဆိုခဲ့ပါတယ်။

“ကျနော်တို့အဖွဲ့က ဒီပြည်သူလူထုကို ဖမ်းဆီးတာတို့၊ နှိပ်စက်တာတို့၊ သတ်ဖြတ်တာတို့ ကျနော်တို့ မူဝါဒလည်းမရှိဘူး။ ကျနော်တို့ ပြုလုပ်တာလည်း မရှိဘူး။”

ရှမ်းပြည်နယ်ဒေသ အတွင်းမှာ မြောက်ပိုင်း ရှမ်းပြည်တပ်မတော် နဲ့ မြန်မာ့ တပ်မတော်တို့ အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးရာကနေ ပြီးခဲ့တဲ့ နိုဝင်ဘာ(၂၄)ရက် အစိုးရကိုယ်စားလှယ်အဖွဲ့ နဲ့ SSPP အဖွဲ့တို့တွေ့ဆုံမှုကနေ (၆)ချက်ပါ သဘောတူညီချက် လက်မှတ်ရေးထိုး အပြီး တိုက်ပွဲတွေငြိမ်သက်နေပေမဲ့ စစ်ဘေးဒုက္ခသည် အရေးကိစ္စကို ကိုင်တွယ် ဖြေရှင်းနိုင်းခြင်း မရှိသေးပါဘူး။

မြောက်ပိုင်းဒေသအတွင်းမှာလဲ တောင်ပိုင်းရှမ်းပြည်တပ်မတော်RCSS/SSAနဲ့ တအာင်းပလောင်တပ်ဖွဲ့တို့ အကြား အငြင်းပွါးဖွယ်ရာ နယ်မြေပြဿနာကြောင့် လက်နက်ကိုင် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ရာနဲ့ချီတဲ့ ဟိုပန်ဒေသခံတွေလဲ စစ်ဘေး တိမ်းရှောင်နေရပါတယ်။

တိုင်းရင်းသားတွေအနေနဲ့ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေး တည်ဆောက်နေချိန် မှာ တောင်ပိုင်း ရှမ်းပြည် တပ်မတော်နဲ့ ပလောင်တပ်ဖွဲ့တို့ အကြားဖြစ်ပွါးတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့ ဖမ်းဆီးထားတဲ့ ရွာသားတွေ ကိုပြန်လည် လွှတ်ပေးဖို့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ လူမှုညီညွတ်ရေး အသင်းတွေကနေ မနေ့ကကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။

XS
SM
MD
LG