သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားမှာ MERS ကြောင့် တဦးထပ်မံသေဆုံး


အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ MERS ကူးစက်မြန်ရောဂါ ကူးစက်ခံရသူ နောက် တဦး သေဆုံးသွားတယ်လို့ တောင်ကိုရီးယား ကျန်မာရေးဝန်ကြီးဌာနက ဒီကနေ့မှာ ကြေညာခဲ့တာကြောင့် အခုဆိုလျင်သေဆုံးသူအရေအတွက် ၂၅ ဦးရှိသွားပြီ ဖြစ်ပါတယ်။

နောက်ထပ်ရောဂါကူးစက်ခံရသူ ၂ ဦးထဲမှာ ဆရာဝန်တယောက်နဲ့ တခြား ကျန်းမာရေး ဝန်ထမ်းတယောက်တို့ ပါဝင်တယ်လို့ လည်း သူတို့က ပြောပါတယ်။ မနေ့က စနေနေ့ တုန်းကတော့ နောက်ထပ် MERS ရောဂါကူးစက်ခံရသူမရှိဘူးလို့ ကြေညာခဲ့တာကြောင့် ဒီရောဂါကူးစက်မှုကို ထိန်းချုပ်လိုက်နိုင်ပြီလို့ မျှော်လင့်ခဲ့ကြတာပါ။ ဆေးဝါးနဲ့ ရောဂါကုသထိန်းချုပ်ဖို့ မဖြစ်နိုင်သေးတဲ့ ဒီ MERS ရောဂါ ကူးစက်ခံရသူပေါင်း ၁၇ဝ နီးပါးအထိ ရှိနေပြီး အခုအခါမှာ အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါဖြစ်ပါွးသူတွေကို DNA စမ်းသပ်စစ်ဆေးတာတွေ လုပ်နေတယ်လို့ တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်း ထိုင်းနိုင်ငံမှာလည်း လွန်ခဲ့တဲ့သီတင်းပတ်အတွင်း MERS ရောဂါကူးစက်ခံထားရသူတယောက်ကို တွေ့ရှိထားတဲ့သတင်း ထွက်ပေါ်လာပြီးနောက် လူထုတွေအနေနဲ့ မစိုးရိမ်ကြဖို့ ဝန်ကြီးချုပ် Prayuth Chan-ocha က တိုက်တွန်းထားပါတယ်။ ထိုင်းကျန်းမာရေးဝန်ကြီး Rajata Rajatanavin က ကြိုတင်ကာကွယ်ရေး ပြင်ဆင်ထားမှုတွေပြုလုပ်ထားတဲ့ လေဆိပ်ကို သတင်းထောက်တွေကို ခေါ်ဆောင်သွားပြီး ပြသခဲ့ပါတယ်။ ထိုင်းနိုင်ငံက MERS ရောဂါကူးစက်ခံရသူအခြေအနေဟာလည်း တိုးတက်လာတဲ့ အရိပ်လက္ခဏာတွေ့ရတယ်လို့ သူက ဆိုပါတယ်။

MERs ရောဂါကူးစက်ပြန့်ပွါးမှုနဲ့ သက်ဆိုင်တဲ့ လူထုကျန်းမာရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ထိုင်းနိုင်ငံအနေနဲ့ အစွမ်းကုန် ဆောင်ရွက်ထားတယ်လို့လည်း အာဏာပိုင်တွေက ပြောဆိုပြီး ဒီ MERS ရောဂါရှင်နဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ လူ ၆ဝ လောက်ကိုလည်း ဆေးရုံ ဒါမှမဟုတ် သူတို့နေအိမ်တွေမှာ စောင့်ကြည့်နေတယ်လို့ ပြောပါတယ်ခင်ဗျာ။

XS
SM
MD
LG