သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘိန်း ထုတ်လုပ်မှု အစိုးရသစ် အတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်


ရှမ်းပြည်နယ်တွင်းက ဘိန်းစိုက်ခင်းများ။
ရှမ်းပြည်နယ်တွင်းက ဘိန်းစိုက်ခင်းများ။

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဟာ ၃ နှစ်ဆက်တိုက် တန့်နေပေမဲ့ နောင်တက်လာမယ့် အစိုးရအတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီးဖြစ်လိမ့်မယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး နဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးဌာန UNODC ကပြော လိုက်ပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်း တချို့နေရာတွေမှာ မူးယစ်ဆေးဝါး စိုက်ပျိုး၊ ထုတ်လုပ် ရောင်းဝယ်မှုက အဓိက စီးပွားရေးလိုဖြစ်နေတာကြောင့် ဒီကိစ္စကို ဖြေရှင်းဖို့က ဒေါ်အောင်ဆန်းစုကြည် အတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီးဖြစ်ပါတယ်။

ဒီပြဿနာတွေကို နေ့ချင်း ညချင်း ဖြေရှင်းလို့ မရပါဘူး လို့ UNODC ရဲ့ အရှေ့တောင်အာရှ နဲ့ Pacific ရေးရာ အကြီးအကဲ Jeremy Douglas က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ အစီရင်ခံစာ ထုတ်ပြန်ပွဲမှာ ပြောကြား သွားခဲ့တာဖြစ်ပါတယ်၊

ရှမ်းပြည်နယ် မြောက်ပိုင်းဖက်မှာဆိုရင် ဘိန်းစိုက်ပျိုးမှု ၁၄ ရာခိုင်နှုန်း တိုးလာနေတယ်လို့လဲ ပြောကြားခဲ့ပါတယ်။ဘိန်းထုတ်လုပ်မှု တိုး လာသလို မြန်မာပြည်သူတွေကြားမှာလည်း မူးယစ်ဆေးဝါး သုံးစွဲမှုတွေ တိုးလာပြီး အာဏာပိုင်ရဲ့ အရေးယူ လုပ်ဆောင်မှု အပေါ်မှာ အားမလို အားမရ ဖြစ်ရတယ်လို့လည်း မူးယစ်ဆေးဝါး အသုံးပြုမှု ဆန့်ကျင်ရေး လှုပ်ရှားဆောင်ရွက်သူတို့က ပြောပါတယ်။

မြန်မာနိုင်ငံဟာ Afghanistan နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှု ဒုတိယ အများဆုံးနိုင်ငံဖြစ်နေဆဲဖြစ်ပြီး ၂၀၁၅ ခုအတွင်း မြန်မာနိုင်ငံမှာ ဘိန်းတန်ချိန် ၆၄၇ တန် ထွက်ရှိခဲ့တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။ တိုက်ပွဲတွေကြောင့် မတည်မငြိမ်ဖြစ်နေတာနဲ့ ဘိန်းစိုက်ပျိုးမှု ဆက်စပ်နေတာကိုလဲ အစီရင်ခံစာ မှာ ထောက်ပြပါတယ်။

စစ်ဘေးရှောင် တောင်သူတွေ သူတို့နေရပ်တွေ ပြန်လာတဲ့အခါ တခြား အစားထိုးသီးနှံတွေ စိုက်စရာမရှိတဲ့အတွက် ဘိန်းကိုပဲ စိုက်ပျိုးကြတာ ဖြစ် တယ်လို့ UNODC ကဆိုပါတယ်။ မြန်မာနိုင်ငံဟာ ဘိန်းနဲ့ ဘိန်းဖြူသာမက စိတ်ကြွအများဆုံး ထုတ်လုပ်တဲ့နိုင်ငံလဲဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးဌာနရဲ့ အခုနှစ်အတွက် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ ထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG