သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးဒုက္ခသည် ၇၀၀ ကျော် မြန်မာ ဖမ်းမိ


လှေစီးပြေး ၇၀၀ ကျော် မြန်မာ့ရေတပ် ကယ်ဆယ်။ သတင်းဓာတ်ပုံ-မြန်မာပြန်ကြားရေးဝန်ကြီးဌာန။
လှေစီးပြေး ၇၀၀ ကျော် မြန်မာ့ရေတပ် ကယ်ဆယ်။ သတင်းဓာတ်ပုံ-မြန်မာပြန်ကြားရေးဝန်ကြီးဌာန။

မြန်မာ့ပင်လယ်ပြင် ရေပိုင်နက်ထဲကနေ လှေစီးပြေး ၇၀၀ ကျော် တို့ကို မြန်မာ့ရေတပ်က ကယ်ဆယ်ပြီး ဟိုင်းကြီးကျွန်း ဓညဝတီ ရေတပ်စခန်းမှာ ယာယီ စောင့်ရှောက်ပေးထားပါတယ်။ ထိုင်းနဲ့ မလေးရှားနိုင်ငံတို့ဘက်က လူကုန်ကူးသူတွေကို နှိမ်နင်းလာတဲ့ နောက်ပိုင်း မြန်မာ့ ရေပိုင်နက်ထဲကို ဝင်ရောက်လာကြတဲ့ လှေစီးပြေး အရေး နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြည့်အ၀ အကူအညီပေးဖို့ လိုအပ်နေပြီလို့လည်း မြန်မာအစိုးရ အရာရှိ တဦးက ပြောဆိုပါတယ်။ မြန်မာနိုင်ငံမှာရော လှေစီးပြေး အရေး ကိုင်တွယ်နိုင်တဲ့ ထိရောက်တဲ့ မူဝါဒတွေ ရှိနေပြီလားဆိုတာကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးထားပါတယ်။

လူကုန်ကူးသူတွေရဲ့ အစီအစဉ်နဲ့ မလေးရှားနိုင်ငံကို ဦးတည်သွားရင်း ကမ်းကပ်ခွင့်မရဘဲ ပင်လယ်ထဲမှာ မျောပါနေခဲ့တဲ့ လှေစီးပြေး ဒုက္ခသည် ၇၀၀ ကျော်တို့ ဧရာဝတီတိုင်း ဖျာပုံမြို့နယ်တွင်းက မြန်မာ့ ပင်လယ်ပြင် ရေပိုင်နက် အတွင်းကနေ မြန်မာ့ ရေတပ်က ထပ်မံကယ်ဆယ်လိုက်ရတာ ဖြစ်ပါတယ်။ ဖျာပုံမြို့ရဲ့ အရှေ့တောင်ဘက် ၃၄ မိုင်အကွာက မြန်မာ့ပင်လယ်ပြင် ပိုင်နက်အတွင်းက သောကြာနေ့ မနက် ၆ နာရီ ကယ်ဆယ်လိုက်ရတဲ့ လှေစီးပြေး ၇၂၇ ဦးတို့ထဲမှာ အမျိုးသမီး ၇၀ ကျော်နဲ့ ကလေးငယ် ၅၀ လောက် ပါရှိခဲ့တယ်လို့ မြန်မာ အစိုးရက သတင်းထုတ်ပါတယ်။

ဒီလူတွေကို အနီးဆုံး ဖြစ်တဲ့ ဟိုင်းကြီးကျွန်း ဓညဝတီ ရေတပ် စခန်းမှာ ခေတ္တထိန်းသိမ်းစောင့်ရှောက်ထားပြီး တပ်ရဲ့ ရိက္ခာထဲကနေ ခွဲေ၀ ထောက်ပံ့ပေးနေတယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

"ဟိုင်းကြီးကျွန်းမှာ ဓညဝတီ ရေတပ်စခန်းရှိတယ်လေ။ Navy (ရေတပ်) ကပေါ့နော် အဲဒီမှာ ကျနော်တို့ ယာယီ ပေါ့နော် အဲဒီ ဟိုင်းကြီးကျွန်းကို ခေါ်သွားတယ်။ ခနယာယီ ထားပြီးတော့ သူတို့ကို အခုလောလောဆယ် စစ်ဆေးမေးမြန်းမှုလေးတွေ လုပ်နေတယ်ဗျ။ လုပ်နေတော့ ကနဦး သိရတာက ဘင်္ဂလားဒေရှ့် နိုင်ငံသား အများစုလို့ သိရတယ်။ တချို့ ဘင်္ဂါလီပေါ့နော် ဘင်္ဂ ါလီကတော့ ဟိုဘက် သည်ဘက် ရောနေတယ်။ အဲဒါလေးတွေတော့ တွေ့ရတယ်။ အဲဒါကို သူတို့ ဘင်္ဂ ါလီ စကားပြောတတ်တဲ့သူနဲ့ ဘာနဲ့ ကျနော်တို့ စိစစ်မှုတွေ လုပ်နေပါတယ်။ လုပ်ပြီးရင် သူ့သက်ဆိုင်ရာ ဘင်္ဂလားဒေရှ့် နိုင်ငံသား အများစု ပါတဲ့အတွက် ဘင်္ဂလားဒေရှ့် သံရုံးပေါ့ ကျနော်တို့ ဒီမှာ ရှိတဲ့ ဘင်္ဂလားဒေရှ့် သံရုံး နဲ့ ဆက်သွယ်ပြီးတော့ ဒီကိစ္စကို ဆောင်ရွက်သွားမှာပါ။"

လှေစီးပြေး ဒုက္ခသည်တွေကို ကနဦး မေးမြန်းချက်တွေအရတော့ သူတို့ဟာ မလေးရှားနိုင်ငံကို မတ်လ နောက်ဆုံးပတ်က စတင်ထွက်လာပြီး မလေးရှားနိုင်ငံကို ကမ်းကပ်နိုင်ဖို့ ပင်လယ်ထဲမှာ တလခွဲနီးပါး စောင့်ဆိုင်းခဲ့ရပြီး ကမ်းမကပ်နိုင်တဲ့ အဆုံး လူကုန်ကူးသူတွေ နဲ့ ပင်လယ်ပြင်မှာ လမ်းခွဲပြီး ဌာနေကို ပြန်လာခဲ့ကြတာ ဖြစ်တဲ့ အကြောင်း မြန်မာအစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ထားပါတယ်။

လမ်းခရီးမှာ လှေစီးပြေး ၅၀ လောက် သေဆုံးခဲ့ကြရတယ်လို့လည်း လှေစီးပြေး ဒုက္ခသည်တွေကို ကိုးကားဖော်ပြထားပါတယ်။ ဒီလ အတွင်းမှာဘဲ ရခိုင်ပြည်နယ် ကမ်းလွန်ပင်လယ်ပြင်မှာ လှေစီးပြေး ၂၀၀ ကျော်တို့ကို မြန်မာဘက်က ကယ်ဆယ်လိုက်ရပြီး သတင်းပတ်တခု အကြာမှာ ဧရာဝတီတိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ ဒုတိယ အကြိမ် ထပ်ပြီး ကယ်ဆယ် လိုက်ရတာကြောင့် လှေစီးပြေး ဒုက္ခသည် ၁ ထောင်နီးပါး ရှိခဲ့ပြီ ဖြစ်ပါတယ်။

ထိုင်းနဲ့ မလေးရှားနိုင်ငံတို့ကနိုင်ငံတွင်း လူမှောင်ခိုကူးသူတွေကို တင်းတင်းကြပ်ကြပ် ဖြိုခွင်းနှိမ်နင်းနေတာကြောင့် ကမ်းကပ်မရဘဲ ပင်လယ်ပြင် မှာ မျောပါနေကြတဲ့ လှေစီးပြေး ဒုက္ခသည်တွေ မြန်မာ့ကမ်းလွန် ပင်လယ်ပြင်မှာ နောက်ထပ် တွေ့လာရနိုင်တဲ့ အခြေအနေတွေကို မြန်မာ အစိုးရဘက်က ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အတွက်က နိုင်ငံတကာ ရဲ့ ပူးပေါင်းဆောင်ရွက်မှု ၊ အကူအညီပေးမှုတွေ လိုနေတယ်လို့လည်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

"Information Exchange ( သတင်းဖလှယ်ရေး) ပေါ့။ Information Exchange မှာ ကျနော်တို့ ဒီ လှေတွေ သွားလာတာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ပေါ့နော် သတင်းအချက်အလက်တွေ ဖလှယ်ဖို့ ထွက်သွားတယ် မြင်လိုက်တယ် ဒါမျိုးမှာ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေ ကျနော်တို့ မြှင့်တင်ဖို့တွေ လိုပါတယ်။ နောက်တချက်က ခုနလို ဖြစ်တဲ့ အချိန်မှာ သက်ဆိုင်ရာ နိုင်ငံပေါ့ ဥပမာ ဘင်္ဂလားဒေရှ့် နိုင်ငံက သူ့နိုင်ငံသားတွေ စိစစ်တာ မှန်ကန်တယ် ဆိုရင် မှန်ကန်ပြီ ဆိုတာနဲ့ သူ့ Verification ပြီးပြီဆိုတာနဲ့ သေချာပြီ ဆိုတာနဲ့ သူ့နိုင်ငံသားတွေကို အမြန်ဆုံး ပြန်ခေါ်ပေးဖို့ပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ နိုင်ငံတွေမှာလည်း ဒါက လူသားချင်း စာနာထောက်ထားမှု အရ ပေးနေရသော်လည်း ကျနော်တို့ ပြည်တွင်းမှာ ရှိနေတဲ့ ပြည်သူ လူထုရဲ့ သဘောထားရှိတယ်ပေါ့နော်။

နောက် ကျနော်တို့ နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုပေါ့နော် အနိမ့်ဆုံးမှာ ကျနေတဲ့ အနေအထားမှာ ကိုယ့်နိုင်ငံသားတွေတောင်မှ ဒီလိုမျိုး စားဝတ်နေရေးပေါ့လေ ဒီလိုမျိုး အခက်အခဲ ဖြစ်နေတဲ့ အချိန်မှာ ဒီလိုမျိုး ရေရှည်ကြီးတော့ ထောက်ပံ့ ကူညီပေးဖို့ ဆိုတာ အခက်အခဲ ရှိတယ်။ အဲတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့လည်း ကျနော်တို့က လူသားချင်း စာနာထောက်ထားမှု ပေါ့နော် ဒီဘောင်ပေါ်မှာ အပြည့်အ၀ ပေးဖို့ လိုပါတယ်။"

ပြီးခဲ့တဲ့ သတင်းပတ် က ရခိုင်ကမ်းလွန်မှာ ကယ်တင်လိုက်ရသူ ၂၀၈ ဦးတို့ထဲမှာတော့ ၂၀၀ တို့က ဘင်္ဂလားဒေရှ့်နိုင်ငံသားတွေ ဖြစ် တယ်လို့ မြန်မာဘက်က ပြောဆိုထားပေမယ့် ဘင်္ဂလားဒေရှ့်နိုင်ငံ ဘက်ကတော့ နိုင်ငံသား ဟုတ်မဟုတ ်စိစစ်နေဆဲ ဖြစ်ပါတယ်။

ဒီဒေသတွင်း လှေစီးပြေး ဒုက္ခသည် ပြဿနာကို ဖြေရှင်းနိုင်ရေး သမ္မတ ဦးသိန်းစိန်နဲ့ ကုလ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ ဗီဂျေး နမ်ဘီးယားတို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာမှာတော့ ဒေသတွင်းနိုင်ငံတွေရဲ့ တရားမဝင် အလုပ်သမား အရေးကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့ မြန်မာဘက်က တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံဘက်ကတော့ မြန်မာ့ပင်လယ်ပြင် အတွင်းရောက်လာတဲ့ လှေစီးပြေး ဒုက္ခသည်တွေကို ကယ်ဆယ်ပြီး သက်ဆိုင်ရာ နိုင်ငံတွေဆီ ပြန်လည် ပို့ဆောင်ရေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒီလလပိုင်းက ကြေညာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG