သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်သမားများ အရေးယူမှု ပါကစ္စတန်စစ်တရားရုံးသစ်ဖွဲ့


ပါကစ္စတန်အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကျောင်းတကျောင်းမှာ ဖြစ်ပွား ခဲ့တဲ့ သွေးထွက်သံယို အကြမ်းဖက် သတ်ဖြတ်မှုကြီးကို တုံ့ပြန်တဲ့အနေနဲ့ အကြမ်းဖက်သမားတွေလို့ သံသယရှိသူတွေကို အသစ်ဖွဲ့စည်းလိုက်တဲ့ စစ်ခုံရုံးတွေမှာ တရားစီရင်တော့မယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် နဝပ်ရှရစ်ဖ် က ပြောဆိုလိုက်ပါတယ်။

တနေ့လုံးကျင်းပခဲ့တဲ့ အစိုးရအဖွဲ့ အစည်းအဝေးအပြီး ကြာသပတေးနေ့ နိုင်ငံကို မိန့်ခွန်းပြောဆိုရာမှာ မစ္စတာ ရှရစ်ဖ် က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အစည်းအဝေးကို အစိုးရအဖွဲ့ဝင်တွေသာမက တခြားထိပ်တန်း အရာရှိတွေလည်း တက်ရောက်ခဲ့ကြပြီး အကြမ်းဖက်မှုကို ကိုင်တွယ်ဖို့ အစီအစဉ်အသစ်တွေ ဆွဲခဲ့တယ်လို့ ဆိုပါတယ်။

စစ်ခုံရုံးတွေနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်တွေကို ထုတ်ဖော်မပြောပေမဲ့၊ အကြမ်းဖက်သမားတွေကို အမြန်ဆုံးတရားစီရင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ပါကစ္စတန်ကလေးငယ်တွေရဲ့ သွေးတွေဟာ အလဟသ မဖြစ်စေရဘူးလို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ Peshawar က ကျောင်းမှာ ဖြစ်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးဟာ တနိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့ကြောင်း အစွန်းရောက်ဝါဒကို အမြစ်ဖြုတ်ပစ်ရမယ်လို့ သူက ပြောပါတယ်။

အစိုးရရဲ့ အစီအစဉ်သစ်ထဲမှာ အကြမ်းဖက်အုပ်စုတွေရဲ့ ရန်ပုံငွေဖြတ်တောက်ဖို့ တားမြစ်ပိတ်ပင်ထားတဲ့ အုပ်စုတွေအနေနဲ့ နာမည်အသစ်နဲ့ လှုပ်ရှားတာမျိုး မလုပ်နိုင်အောင် တားဆီးဖို့ စတာတွေ ပါဝင်ပါတယ်။

XS
SM
MD
LG