သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Palmyra ရှေးဟောင်းမြို့ ဆီးရီးယားတပ် ပြန်သိမ်း


Palmyra ရှေးဟောင်းမြို့ ဆီးရီးယားတပ် ပြန်သိမ်းခဲ့
Palmyra ရှေးဟောင်းမြို့ ဆီးရီးယားတပ် ပြန်သိမ်းခဲ့

ဆီးရီးယား အစိုးရ လိုလားတဲ့ တပ်ဖွဲ့တွေက Palmyra မြို့ကို အစ္စလာမ်အစွန်းရောက် IS အဖွဲ့ လက်ကနေ ပြန်လည် သိမ်းပိုက်လိုက်ပြီလို့ ဆီးရီးယား တက်ကြွ လှုပ်ရှားသူတွေနဲ့ နိုင်ငံပိုင် သတင်းဌာနက ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။

ဆီးရီးယား ရှေးဟောင်းမြို့ Palmyra ကို အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့က လွန်ခဲ့တဲ့ ၁၀ လက သိမ်းယူခဲ့ပြီး နှစ်ပေါင်း ၂ ထောင်နီးပါး သက်တမ်းရှိပြီဖြစ်တဲ့ ရှေးဟောင်း ရုပ်တုတွေကို ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

ရုရှားရဲ့ လေကြောင်းတိုက်ကူနဲ့ ဆီးရီးယား တပ်ဖွဲ့တွေရဲ့ Palmyra မြို့ကို ပြန်လည် သိမ်းယူနိုင်ရေး သတင်း သုံးပတ်နီးပါးကြာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေက ဒီရက်ပိုင်းမှာ ပိုပြီး ပြင်းထန်ခဲ့ပါတယ်။ မြို့တွင်းက ကျန်ရှိနေသေးတဲ့ IS အစ္စလာမ္မစ် အစွန်းရောက် တိုက်ခိုက်ရေး တပ်သားတွေက Deir Ezzor မြို့ကို ဦးတည်ပြီး အရှေ့ဘက်ကို ဆုတ်ခွာခဲ့တယ်လို့ ဆီးရီးယား ပဋိပက္ခကို စောင့်ကြည့်နေတဲ့ ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။ စစ်သွေးကြွတွေက မြောက်ဘက်မှာ Deir Ezzor မြို့ကနေ သူတို့ရဲ့ အုပ်ချုပ်ရေး အချက်အချာ Raqqa မြို့ကို ဖြတ်ပြီး တူရကီ နယ်စပ် အထိ၊ တောင်ဘက်ပိုင်းမှာ ဆိုရင် အီရတ် နိုင်ငံထဲ အထိ နယ်မြေတွေချဲ့ထွင်ပြီး အခိုင်အမာ ထိန်းချုပ်ထားတာပါ။

Palmyra မြို့ကို သိမ်းပိုက်လိုက်နိုင်တာကြောင့် ဆီးရီးယား အစိုးရ အတွက် Palmyra မြို့နဲ့ Deir Ezzor မြို့ကြားက ကီလိုမီတာ ၁၀၀ ကျော် သဲကန္တာရကို လမ်းပွင့်သွားစေတာ ဖြစ်ပါတယ်။ Deir Ezzor နဲ့ Raqqa မြို့တွေ အပါအဝင် အစ္စလာမ္မစ် အစွန်းရောက် IS တို့ကို ချေမှုန်းရေး စစ်ဆင်ရေးတွေမှာ ဗဟို အခြေစိုက် စခန်းအဖြစ် အသုံးပြုတော့မှာ ဖြစ်တယ်လို့ ဆီးရီးယား စစ်တပ်က ပြောဆိုပါတယ်။

ပါလ်မိုင်းရာ မြို့သိမ်းတိုက်ပွဲအတွင်း IS အစ္စလာမ္မစ် အစွန်းရောက် တိုက်ခိုက်ရေး တပ်သား ၄၀၀ ၊ ဆီးရီးယား အစိုးရတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်သား ၁၈၀ တို့ ကျဆုံးခဲ့ကြတယ်လို့ စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။ ဒီကနေ့ တနင်္ဂနွေနေ့ အထိ ပါလ်မိုင်းရာ မြို့တွင်း တချို့နေရာတွေမှာ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်နေတယ်လို့လည်း ထပ်လောင်း ပြောပါတယ်။ Palmyra မြို့ကို ကန္တာရ သူတို့သမီးလို့ တင်စားခေါ်ဝေါ်ကြပြီး နှစ်စဉ် သောင်းနဲ့ချီတဲ့ ကမ္ဘာလှည့် ခရီးသည်တွေ လာရောက်တဲ့ နေရာလည်း ဖြစ်ပါတယ်။ အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့က Palmyra မြို့ကို ၂၀၁၅ ခုနှစ် မေလမှာ အစိုးရ တပ်ဖွဲ့တွေထံကနေ သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်း ရောမ ခေတ် ရုပ်တုတွေကို ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG