သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး အတွက် ဘာလိုနေသလဲ


၂၀၁၃ မေ ၃၀ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ငြိမ်းချမ်းရေးဆွေးနွေးပွဲ။
၂၀၁၃ မေ ၃၀ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ငြိမ်းချမ်းရေးဆွေးနွေးပွဲ။

ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့ က ဗိုလ်ရှုခံသဘင် ပွဲတော်ကိုလာတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ သမ္မတ ဦးသိန်းစိန်က လာမယ့် ဖေဖေါ်ဝါရီ ၁၂ ရက်၊ ပြည်ထောင်စုနေ့မှာ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်ကို လက်မှတ်ရေးထိုးချင်တဲ့ အကြောင်း သူ့ရဲ့ ဆန္ဒကို ပြောဆိုခဲ့ပါတယ်။ အခု အဲဒီ မျှော်လင့်ချက် မဖြစ်နိုင်တော့ပါဘူး။ အကြောင်းကတော့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေတဲ့အပြင် အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား ကိုယ်စားလှယ်တွေ စုပေါင်းထားတဲ့ NCCT အဖွဲ့ ဆွေးနွေးမယ့် ရက်တောင် မသတ်မှတ်နိုင်သေးလို့ပါပဲ။ ဒီထက် ပိုဆိုးတာက ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပြီးနောက်ပိုင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကရော၊ သမ္မတ ပြောခွင့်ရ ဝန်ကြီးဦးရဲထွဋ်ကပါ ကေအိုင်အိုဟာ ငြိမ်းချမ်းရေး မလိုချင်ဘူးလို့ စွတ်စွဲ ပြောဆိုတာတွေ ရှိခဲ့သလို၊ ကေအိုင်အို ဘက်ကလည်း တုန့်ပြန် ပြောဆိုမှုတွေ ရှိလာတာပါ။ တပ်ချုပ်နဲ့ ဝန်ကြီးဦးရဲထွဋ် ဘာတွေ ပြောခဲ့သလဲ၊ သူတို့ ပြောတာတွေ အမှန်ပဲလား၊ တစ်တိုင်းပြည်လုံး အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ ဘာတွေ လိုမလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း စင်ကာပူ အခြေစိုက် ချယ်နယ်နယူး အေးရှား သတင်းဌာနနဲ့ တွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေး နဲ့ ပါတ်သက်တာတွေကိုလည်း ပြောဆိုခဲ့ပါတယ်။ တပ်ချုပ်က သူတို့အနေနဲ့ ၂၀၁၄ သြဂုတ်လမှာ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးစားခဲ့တဲ့ အကြောင်း၊ ဒါပေမယ့်လည်း လက်နက်ကိုင် တိုင်းရင်းသားတွေ ဘက်က မဖြစ်နိုင်တဲ့ ပြောဆိုမှုတွေ၊ တောင်းဆိုမှုတွေ လုပ်လာတာကြောင့် ပြန်ပြီး ညှိနှိုင်းနေရတဲ့အကြောင်း၊ တိုင်းရင်းသားတွေ အနေနဲ့ တကယ်ပဲ ငြိမ်းချမ်းရေး လိုချင်သလား၊ ငြိမ်းချမ်းရေး တကယ် လိုချင်ရင် မရစရာ အကြောင်း မရှိဘူး ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ တပ်ချုပ်ရဲ့ ပြောဆိုချက်ကတော့ လက်နက်ကိုင် တိုင်းရင်းသားတွေက ငြိမ်းချမ်းရေး မလိုချင်လို့ ဒီနေ့ ငြိမ်းချမ်းရေး မရနိုင်တာ ဆိုပြီး အပြစ်တင် တဲ့သဘောမျိုး ဖြစ်ပါတယ်။

သမ္မတ ပြောခွင့်ရ ဝန်ကြီး ဦးရဲထွဋ် ပြောဆိုတာကတော့ အဲဒီထက် ပိုပါတယ်။ ပြီးခဲ့တဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေကို ရည်ညွှန်းပြီး ပြည်နယ် ဆောက်လုပ်ရေး ဝန်ကြီး ဦးကမန်ဒူးနော်နဲ့ လုံခြုံရေး ရဲ သုံးယောက်ဟာ ပြည်သူအများ အသုံးပြုနေတဲ့ ဖားကန့်- ဟွေခါ လမ်းအတိုင်း ခရီးသွားခဲ့တာ ဖြစ်ကြောင်း၊ ဒီအများပိုင် လမ်းပေါ်သွားနေတဲ့ လက်နက်ကိုင်ရဲ သုံးယောက်ကို ဖမ်းခေါ်သွားရင် တပ်မတော် စစ်ကြောင်းတွေက လိုက်လံ ကယ်တင်၊ နယ်မြေ ရှင်းလင်းမယ် ဆိုတာကို သိသိကြီးနဲ့ လုပ်တာ ဖြစ်တဲ့အကြောင်း၊ တိုက်ပွဲ ဖြစ်ပွားတာနဲ့ ဖားကန့် လုံးခင်းဒေသက တံတားတွေကို မိုင်းခွဲဖျက်ဆီးတာ၊ ရဲစခန်းတွေထဲ လစ်ပစ်ဗုံး ပစ်သွင်းတာ၊ နယ်မြေခံ စစ်ကြောင်းကို ဆီးကြို တိုက်ခိုက်တာကို ကြည့်ရင် သိပ်မကြာခင် ကျင်းပဖို့ ရည်ရွယ်ထားတဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် လက်မှတ် မထိုးနိုင်အောင် အစီအစဉ် ရှိရှိ ဆောင်ရွက်တာပဲ လို့ စွတ်စွဲပါတယ်။ ဒါတင်မက အဲလို အပစ်ရပ် စာချုပ် လက်မှတ် မထိုးချင်၊ ငြိမ်းချမ်းရေး မလိုချင်တာဟာ ကေအိုင်အို ခေါင်းဆောင်တွေ အနေနဲ့ ကချင်ပြည်နယ်က ထွက်တဲ့ ကျောက်စိမ်းနဲ့ သစ် ခိုးထုတ်တာကနေ ရနေတဲ့ အကျိုးအမြတ်တွေကို လက်လွှတ်မခံချင်လို့ ဖြစ်နိုင်တယ် ဆိုတဲ့အကြောင်း သူရဲ့ facebook စာမျက်နှာမှာ စွတ်စွဲထားတာ တွေ့နိုင်ပါတယ်။

တကယ်တော့ အခု အစိုးရဘက်က ကြိုးစားနေတာဟာ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးရေးပါ။ တကယ့် ငြိမ်းချမ်းရေး အတွက် မဟုတ်သေးပါဘူး။ အစီအစဉ်တွေအရ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် လက်မှတ်ထိုးမယ်၊ ပြီးရင် မူဘောင် ဆွေးနွေးပွဲတွေ လုပ်မယ်၊ မူဘောင် ဆွေးနွေးပွဲရလာဒ်ကို အခြေပြုပြီး နိုင်ငံရေး ဆွေးနွေးပွဲကြီး ကျင်းပမယ်၊ အဲဒီ ဆွေးနွေးပွဲရလာဒ်တွေနဲ့ အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်မယ် ဆိုတာမျိုး ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ပထမ အဆင့် အပစ်ရပ် စာချုပ်ချုပ်ကြပါ၊ ပြီးရင် ကိုယ့်လက်နက်ကိုယ်ကိုင်၊ ကိုယ့်တပ်ဖွဲ့ကိုယ် ထိန်းသိမ်းထားခွင့်ရှိပြီး ထာဝရ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ကြ၊ နိုင်ငံရေး ဆွေးနွေးပွဲ ရလာဒ် အဖြေမပေါ်သေးခင် ကြားကာလ မှာတော့ လက်ရှိ အစိုးရက ခင်းကျင်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေပြု နိုင်ငံရေးဖြစ်စဉ်ထဲ ပါဝင်ကြ ဆိုတာမျိုး ဖြစ်ပါတယ်။ ဒီလို အဓိပ္ပါယ်ဆောင်တဲ့ စကားမျိုး တပ်ချုပ်ကလည်း CNA သတင်းဌာနကို ပြောခဲ့ပါတယ်။

မှန်ပါတယ်။ ကေအိုင်အိုဟာ အစိုးရနဲ့ အပစ်ရပ် စာချုပ် လက်မှတ်မထိုးထားတဲ့ အဖွဲ့ နှစ်ဖွဲ့ထဲက တစ်ဖွဲ့ပါ။ သူ့ခံယူချက်ကတော့ နိုင်ငံရေး ပြသနာတွေ ပြေလည်သွားရင် ပစ်ခတ် တိုက်ခိုက်တာလဲ အလိုလို ရပ်သွားမယ်၊ အရင် ၁၇ နှစ်တာကာလ အပစ်အခတ် ရပ်စဲခဲ့စဉ်ကလည်း ဘာမှ အကျိုးမထူးဘူး၊ ဒါကြောင့် အပစ်ရပ်တာ အရင်လုပ်ဖို့ မလိုဘူး ဆိုပြီး အပစ်မရပ်ပဲ နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ တနည်းပြောရရင် ကေအိုင်အိုရဲ့ သဘောထားဟာ အပစ်ရပ်ပြီးနောက် နိုင်ငံရေး ပြသနာ ပြေလည်မှု မရခင်စပ်ကြား၊ ကြားကာလ အခြေအနေကို ယုံကြည်စိတ်ချမှု မရှိဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်က နိုင်ငံရေး ဖြစ်စဉ်ထဲ ပါဝင်လိုစိတ် မရှိဘူး ဆိုတဲ့ အဓိပ္ပါယ်လဲ ဖြစ်နိုင်ပါတယ်။

လက်ရှိ အစိုးရက ချပြထားတဲ့ အစီအစဉ်မှာ အပစ်ရပ်ပြီးနောက် နိုင်ငံရေး ပြေလည်မှု မရမရချင်း ၂၀၀၈ ဖွဲ့စည်းပုံ ကို အခြေခံပြီး ခင်းကျင်းထားတဲ့ နိုင်ငံရေးဖြစ်စဉ်ထဲ ပါဝင်ရမယ် ဆိုတာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေအတွက် လက်မခံနိုင်စရာ အချက် ဖြစ်ပါတယ်။ နောက် အဲဒီ အချိန်ကာလ ဘယ်လောက် ကြာမယ် ဘယ်သူမှ မပြောနိုင်သေးပါဘူး။ သိပ်မကြာသေးခင်က ၄၈ ယောက် ဆွေးနွေးပွဲ မိန့်ခွန်းပြောကြားရာမှာ သမ္မတ ဦးသိန်းစိန် က နိုင်ငံရေးဆွေးနွေးပွဲတွေကနေ ရလာဒ် တစ်ခု ထွက်လာမှ အဲဒီရလာဒ်ကို ဖွဲ့စည်းပုံမှာ ပြင်မယ်လို့ ပြောဆိုထားလေတော့ လက်နက်ကိုင် တိုင်းရင်းသားတွေကိုသာမက ပြည်တွင်း အတိုက်အခံ အင်အားစုတွေကိုပါ အခက်အခဲတွေ့စေမှာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြည်တွင်း ငြိမ်းချမ်းရေးအတွက်၊ တိုင်းရင်းသား ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အပစ်အခတ် ရပ်စဲရေးဟာ မလွဲမသွေ လိုအပ်ပါတယ်။ ကေအိုင်အိုဟာ အပစ်အခတ်ရပ်စဲရေး အဆင့်ကို စိတ်ပါလက်ပါ ဖြတ်သန်းဖို့ လိုပါတယ်။ ဒါ့အပြင် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြီး ပြေလည်မှု မရသေးမချင်း ကြားကာလ တစ်ခု ဖြတ်သန်းရမှာဖြစ်ပြီး အဲဒီ ကြားကာလ နိုင်ငံရေးဖြစ်စဉ်ထဲ ပါဝင်နိုင်အောင် အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်ဘက်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက အရင်းခံကျတဲ့ အချက် တစ်ချို့ ပြင်ဆင်ပေးဖို့ လိုပါတယ်။ ဥပမာ သမ္မတ ရွေးချယ်ရာမှာ ဒီမိုကရေစီ ကျဖို့၊ ပြည်နယ်တွေကို လုပ်ကိုင်ခွင့် ပိုပေးဖို့၊ ပြည်နယ် ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ လွှတ်တော်တွေမှာ ဒီမိုကရေစီ နည်းကျကျ ရွေးချယ်နိုင်ဖို့ ကိစ္စမျိုးတွေမှာ ဖြစ်ပါတယ်။ ဒါတွေ မဆောင်ရွက်ပေးပဲနဲ့ တစ်ဖက်ကို တစ်ဖက် စွတ်စွဲပြစ်တင်နေကြတာဟာ တစ်တိုင်းပြည်လုံး အပစ်ရပ် စာချုပ် လက်မှတ်ထိုးရေး ကို အထောက်အကူ မပြုရုံမက၊ ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုလည်း နှောင့်နှေးစေမှာသာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG