သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ကျင့်ဝတ် နိုင်ငံရေး ၆၇ ပါတီ သဘောတူညီမှု အမေရိကန်ကြိုဆို


နိုင်ငံရေးပါတီများလက်မှတ် ရေးထိုးပွဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ မိန့်ခွန်းပြော။
နိုင်ငံရေးပါတီများလက်မှတ် ရေးထိုးပွဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ မိန့်ခွန်းပြော။

နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လိုက်နာရမယ့် ရွေးကောက်ပွဲ ဆိုင်ရာ ကျင့်ဝတ်တွေကို နိုင်ငံရေးပါတီ (၆၇)ခု သဘောတူ လက်မှတ်ရေးထိုး လိုက်တဲ့အပေါ် မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးက ကြိုဆိုလိုက်ပါတယ်။ ဒီကျင့်ဝတ်တွေ ပြဌာန်းနိုင်ဖို့ ပါတီတွေအချင်းချင်းကြားမှာ အပြန်အလှန် ညှိနှိုင်းခဲ့ကြတာဖြစ်ပြီး မိမိတို့အနေနဲ့ အလေးထားလိုက်နာမှာဖြစ်တယ်လို့လည်း လူ့ဘောင်သစ် ဒီမိုကရစ်တစ်ပါတီက ပြောပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံပြောပြမှာပါ။

၂၀၁၅ ရွေးကောက်ပွဲ တရားမျှတရေးအတွက် အထောက်အကူဖြစ်စေတဲ့ ကျင့်ဝတ်တွေကို နိုင်ငံရေးပါတီ (၆၇) ခုက သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတဲ့ အတွက် ရန်ကုန် အမေရိကန်သံရုံးအနေနဲ့ ကြိုဆိုကြောင်း သံရုံးပြောခွင့်ရပုဂ္ဂိုလ် ကဗွီအိုအေကိုပြောပါတယ်။

"လာမယ့်ရွေးကောက်ပွဲကာလမှာ တရားမျှတမှုနဲ့ အားလုံးတန်းတူအခွင့်အရေးရရှိဖို့ အာမခံချက်ပေးမယ့် အပြင် မဲဆန္ဒရှင်တွေ အနေနဲ့ ရွေးကောက်ပွဲ မဲပေးတဲ့နေ့မှာလေးနက်တဲ့ ဆုံးဖြတ်ချက်တွေကို လွပ်လပ်စွာချမှတ်နိုင်ဖို့ အထောက်အကူပေးမယ့် တပြေးညီ လိုက်နာရမယ့် စည်းကမ်းကျင့်ဝတ်တွေကို စိတ်ရင်းစေတနာမှန်နဲ့ သဘောတူညီမှုရရှိအောင် ပါတီအားလုံးတို့ ညှိနှိုင်းဆောင်ရွက်တဲ့အပေါ်မှာ ကျနော်တို့အားရကျေနပ်မိပါတယ်။

ဒါအပြင် ဒီကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လက်မှတ်ရေးထိုး ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ လိုက်နာကြဖို့ ဇွန်လ (၂၉)ရက်နေ့က ထုတ်ပြန်တဲ့ ရန်ကုန် အမေရိကန်သံရုံးရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

၂၀၁၅ အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းမှာကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲ မှာ ဝင်ရောက် ယှဉ်ပြိုင်မယ့်နိုင်ငံရေးပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေ ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ ပါတီတွေထဲက (၁၂)ပါတီကလွဲပြီး ကျန်ပါတီ (၆၇)ခုလုံးက ဇွန်လ (၂၆)ရက်နေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

ဒီကျင့်ဝတ်တွေဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြဌာန်းထားတဲ့ ရွေးကောက်ပွဲ ဥပဒေလိုမျိုး နိုင်ငံရေးပါတီတွေက ချိုးဖောက်တယ်ဆိုရင် အရေးယူနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကျင့်ဝတ် ကတိကဝတ်တွေကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ အသိစိတ်ဓါတ်နဲ့ လိုက်နာကြဖို့ လိုတယ်လို့ ဇွန်လ (၂၆)ရက်နေ့ သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့အထဲမှာ ပါဝင်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကပြောပါတယ်။

အဲဒီကျင့်ဝတ်တွေဟာ တရားမျှတတဲ့ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့နဲ့ မဲဆွယ်စည်းရုံးရာမှာ ပါတီအချင်းချင်း စောင့်စည်းဖို့အတွက် အထောက်အကူဖြစ်စေတယ်လို့ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ပါတီတခုဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဗွီအိုအေကိုပြောပါတယ်။

" ဒီနိုင်ငံရေးပါတီတွေ အချင်းချင်း ဆွေးနွေးညှိနှိုင်းပြီးတော့ ဒီကျင့်ဝတ်တွေကို ရရှိလာတာဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီကျင့်ဝတ်တွေနဲ့ပတ်သက်လို့ ကျနော်တို့ အနေနဲ့ အလေးထားတယ်။ ကျင့်ဝတ်ဆိုတာထက် Code of Conduct က နိုင်ငံရေးပါတီတွေ အချင်းချင်း ကြားမှာ ပါတီတခုနဲ့တခု အပြန်အလှန် လေးစားဖို့ ဒါတခု နောက် ဒီရွေးကောက်ပွဲက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ မှတ်တိုင်တခုဖြစ်တယ်။ ဒီရွေးကောက်ပွဲ ကို အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ ဒီရွေးကောက်ပွဲကို တရားမျှမျှတတနဲ့ ကျင်းပနိုင်ဖို့ အဲ့လိုကျင်းပတဲ့အခါ မဲဆွယ်စည်းရုံးတဲ့အခါ ဖြစ်ဖြစ် နိုင်ငံရေးပါတီ တခုနဲ့ တခုအကြားမှာ အပြန်အလှန်လေးစားဖို့ အပြန်အလှန်အသိအမှတ်ပြုဖို့ စတဲ့ သဘောထားတွေ။ အဲ့လို တခုနဲ့တခု ကြားက ကတိကဝတ်တွေဖြစ်တယ်။"

တဖက်မှာလည်း မဲစာရင်းထုတ်ပြန်မှုတွေမှာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေလိုမျိုးမဟုတ်ပဲ အမှားအယွင်း တွေဖြစ်နေတာနဲ့ ပတ်သက်လို့ မဲစာရင်းမှန်ကန်မှုရှိရေး ဆောင်ရွက်ဖို့လိုအပ်နေကြောင်း ဦးအောင်မိုးဇော်ကပြောပါတယ်။

" လက်ရှိ မဲစာရင်းကိစ္စတွေ ထုတ်ပြန်တဲ့အခါမှာတော့ မဲစာရင်းကိစ္စတွေက တော်တော်မှားမှားယွင်းယွင်းတွေ ဖြစ်နေတယ်။ ကျနော်တို့ရဲဘော်တွေထဲမှာတင်ပဲ တချို့ရဲဘော်တွေဆိုရင် ရွေးကောက်ပွဲ မဲစာရင်းတွေထဲမှာ မပါတာ သူတို့မိသားစုတွေ မပါတာ တချိုှု့မှားနေတာ အဲ့ဒီ့ကိစ္စတွေက နေရာတော်တော်များများနဲ့ နေရာအနှံ့မှာ ဖြစ်နေတယ်။ အဲ့ဒီ့ကိစ္စတွေနဲ့ပတ်သက်လို့ ပြန်ပြီးတော့ ဒုတိယအကြိမ်ပြန်ပြီးတော့ ဆောင်ရွက်တဲ့အခါမှာ ပိုပြီးတော့ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်လိမ့်မယ်လို့တော့ ကျနော်တို့ ယူဆတယ်။

တဖက်ကလည်း ဒီလိုမဲစာရင်းကိစ္စတွေမှာ ပြည်သူတွေက မဲစာရင်းတွေကို သွားကြည့် သွားကြည့်ပြီးတော့ ကိုယ်မပါဘူး။ ကိုယ့်မိသားစုဝင် မပါဘူး အချက်အလက်တွေ မှားနေတယ်ဆိုရင် သေသေချာချာ ပြောဖို့ ဆိုဖို့ ကန့်ကွက်ဖို့ ကန့်ကွက်လွှာတင်သွင်းဖို့ အဲ့ဒီ့ကိစ္စတွေကို လိုအပ်တယ်လို့ ကျနော့်အနေနဲ့တော့ ယူဆတယ်။"

နိုင်ငံရေးပါတီ (၆၇)ခု လက်မှတ်ရေးထိုးသဘောတူညီခဲ့တဲ့ ကျင့်ဝတ်တွေ ထဲမှာ နိုင်ငံရေးပါတီတခုရဲ့ ခေါင်းဆောင်တဦး သို့မဟုတ် နိုင်ငံရေးပါတီတခုရဲ့ တက်ကြွ လှုပ်ရှားသူတဦး သို့မဟုတ် ကိုယ်စားလှယ်လောင်း တဦးရဲ့ နိုင်ငံရေးတာဝန်နဲ့ သက်ဆိုင်ခြင်းမရှိဘဲ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်တဲ့ မမှန်မကန်ဝေဖန်မှုတွေ၊ မှားယွင်းတဲ့ ဝေဖန်မှုတွေ မပြုလုပ်ရလို့ ပါရှိပါတယ်။ ဒါအပြင် ရွေးကောက်ပွဲ သတင်းယူနေကြတဲ့ သတင်းသမားတွေကို နှောင့်ယှက်တာ၊ ပိတ်ပင်တားဆီးတာ ၊ ခြိမ်းခြောက် တိုက်ခိုက်တာတွေ မပြုလုပ်ရလို့ ဖေါ်ပြထားပါတယ်။

၂၀၁၄ ခုနှစ်နှောင်းပိုင်းလောက်မှာ ဒီကျင့်ဝတ်နဲ့ ပတ်သက်တဲ့ မူကြမ်းကို ကြံခိုင်ဖွံဖြိုးရေးပါတီနဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် အခြား နိုင်ငံရေးပါတီတွေ စတင်ရေးဆွဲညှိနှိုင်းခဲ့တာဖြစ်ပြီး ၂၀၁၅ခုနှစ်လယ် မှာ နိုင်ငံရေးပါတီတွေက သဘောတူ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG