သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးပါတီများကျင့်ဝတ် ချမှတ်ဖို့ ညှိနှိုင်း


ကြားဖြတ်ရွေးကောက်ပွဲအတွင်း အမည်စာရင်းမှာ မိမိတို့အမည်လိုက်လံရှာဖွေနေသူ မဲဆန္ဒရှင်ပြည်သူများ။
ကြားဖြတ်ရွေးကောက်ပွဲအတွင်း အမည်စာရင်းမှာ မိမိတို့အမည်လိုက်လံရှာဖွေနေသူ မဲဆန္ဒရှင်ပြည်သူများ။

မကြာခင် ကျင်းပတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီစံနှုန်းနဲ့ ညီတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ ကော်မရှင်ရဲ့လုပ်ဆောင်ချက်တွေဟာ ပွင့်လင်းမြင်သာမှုရှိဖို့ နဲ့ နိုင်ငံရေးပါတီတွေရဲ့ တင်ပြချက်တွေကို အလေးထား လိုက်နာပေးဖို့ နိုင်ငံရေး ပါတီတွေဘက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုလိုက်ကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ ကျင့်သုံး လိုက်နာ ရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ မဲရုံ စောင့်ကြည့်မှုတွေနဲ့ မဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာဆွေးနွေးကြတဲ့၂၀၁၅ အကြို လှုပ်ရှားမှုအဖြစ်နဲ့ ပြည်ထောင်စုရွေးကော်မရှင်ဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီတွေ ဒီကနေ့ တွေ့ဆုံခဲ့ကြတာပါ။ မဆုမွန်က အသေးစိတ် တင်ပြပေးထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲရဲ့ လွတ်လပ်ပြီး တရားမျှတမှုရှိရေး ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ဒီမိုကရေစီစံနှုန်းနဲ့အညီ ချမှတ် နိုင်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးဦးဆောင်တဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့နဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ရှိတဲ့ နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်တွေ ဒီကနေ့ ရန်ကုန်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။၂၀၁၅ အကြိုလှုပ်ရှားမှု အဖြစ်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နဲ့ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ ကိုယ်တိုင်တက်ရောက်ဆွေးနွေးခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ကိုမျိုးရန်နောင်သိန်းက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“မဲဆန္ဒရှင်တွေကို မှတ်ပုံတင်တဲ့ကိစ္စတွေကို ဆွေးနွေးတယ်၊ ပြီးတော့ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင် ဘယ်လို လုပ်မလဲဆိုတာ စပြီးအခြေပြု ဆွေးနွေးကြတာပါ။ ကျနော်တို့ ဆွေးနွေးတဲ့အထဲမှာ ထူးခြားချက်ပါတပါတယ်။ အဲဒါက ရပ်ကျေးနဲ့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်တွေထဲမှာ နိုင်ငံရေးပါတီတွေထဲက ကိုယ်စားလှယ်တွေ ထည့်ဖို့ ကျနော်တို့ ဆွေးနွေးပါတယ်။ အဲဒီအခါမှာ ဥပဒေကြောင်းအရဆိုလို့ရှိရင် ဝန်ထမ်းကိုပဲ ခန့်ထားရမယ်-ဖြစ်တဲ့အတွက်ကြောင့် ဝန်ထမ်းပဲ ခန့်ရမယ်ပေါ့ဗျာ။ အဲဒါကို ဆွေးနွေးပါတယ်။ ကျနော့်အနေနဲ့က ကျေနပ်မှုမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဝန်ထမ်းတွေက ဆရာမတွေဖြစ်တယ်၊ ပြီးတော့ တပ်မတော်သားတွေ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေ အပေါ်မှာလည်း ကော်မရှင်အဖွဲ့ အတွင်းရေးမှူးက ပြည်ထဲရေးရဲ့ ထွေ/အုပ်က ဒုတိယ ဌာနမှူးဖြစ်နေတဲ့အတွက် ကျနော် ဒါတွေကို စိုးရိမ်မကင်းဖြစ်ပါတယ်။ လက်ရှိ တည်ဆဲအစိုးရက လွှမ်းမိုးမှုရှိတယ်လို့ မြင်ပါတယ်။ ဒီအပေါ်မှာတော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့က ဥပဒေကြောင်းအရ ဖြစ်နေတဲ့အတွက်ကြောင့် ပြင်ဆင်လို့ မရပါဘူးလို့ ပြောပါတယ်ခင်ဗျ။”

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က၂၀၁၈ ရွေးကောက်ပွဲအကြို မဲစာရင်းကြိုတင်ကောက်ယူ ဆန်းစစ်မှု (Pilot Project) အနေနဲ့ ကချင်ပြည်နယ် မြစ်ကြီးနား၊ ချင်းပြည်နယ် တီးတိန်မြို့နဲ့ ရန်ကုန်တိုင်း အလုံမြို့နယ်တွေမှာ လုပ်ဆောင်ခဲ့တာတွေနဲ့ပတ်သက်လို့ နိုင်ငံရေး ပါတီတွေဘက်က ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေးခဲ့တာတွေကိုလည်း ကိုမျိုးရန်နောင်သိန်းက ပြောပြပါတယ်။

“သူတို့ရဲ့အဓိကစိုးရိမ်ချက်ကကျတော့ သူတို့က အရပ်ဘက်အဖွဲ့အစည်းအနေနဲ့ လုပ်ရမယ်ဆိုတာက နိုင်ငံရေးပါတီတွေက Vote of Registration Process မှာ ဝင်ပါလို့ရှိရင် မဲဆွယ်စည်းရုံးမှုပါ တပြိုင်တည်းလုပ်သွားမှာ စိုးရိမ်လို့ပါ-လို့ သူပြောပါတယ်။ ဒါပေမယ့် ကျနော်တို့ ဘက်က ပြောတာကလည်းပဲ မဲဆန္ဒရှင်တွေရဲ့စာရင်းကောက်တဲ့အခါမှာ ကျနော်တို့ ပါတီတွေက --- များလေ့ရှိတယ်။ ချိတ်ဆက် ထားမှုလည်း ရှိတယ်။ အဲဒီအခါမှာ ကျနော်တို့ပါတဲ့အတွက် မဲဆန္ဒရှင်တွေအနေနဲ့ အခွင့်အရေး မဆုံးရှုံးနိုင်ပါဘူးလို့ ဆွေးနွေးတဲ့အတွက်ကြောင့် သင့်လျော် ပါတယ်ဆိုပြီးတော့မှ ကျနော်တို့ နောက်ပိုင်းတွေမှာ ပါဝင်ခွင့် ပြုပါမယ်လို့ ပြောပါတယ်ခင်ဗျ။”

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဘက်ကလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်က ကျင့်သုံးလိုက်နာရမယ့် အချက် တွေနဲ့ မှတ်ပုံတင်မရှိသေးတဲ့ မဲဆန္ဒရှင်တွေအရေး ထည့်သွင်းစဉ်းစားပေးဖို့တွေကို အလေးထား တိုက်တွန်းဖို့ ဆုံးဖြတ်ခဲ့တာတွေကို SNLD အတွင်းရေးမှူးဦးစိုင်းလိတ်က ပြောပါတယ်။

“နိုင်ငံရေးပါတီများကို သူတို့ဘက်က Code of Conduct ပေါ့နော်- စောင့်စည်းရမယ့် စည်းမျဉ်းစည်းကမ်းပေါ့- အဲဒါကို ချမှတ်ဖို့ ညှိနှိုင်းမယ်လို့ ပြောပါတယ်။ အဲဒီအချက်နဲ့ပတ်သက်လို့ ကျနော်တို့ဘက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားတဲ့အခွင့်အရေးအတိုင်းပဲ လုပ်ကြမှာလေ။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကန့်သတ်ချက်အတိုင်း ဘယ်သူမှ ကျော်လွန်လို့ မရဘူးပေါ့နော်။ နိုင်ငံရေးပါတီများက ကျော်လွန်ခွင့် မရှိသလို ကော်မရှင်ဘက်ကလည်း လိုက်နာဖို့လိုအပ်တယ်ပေါ့။ နောက်တချက်ကတော့ မဲပေးမယ့်ပြည်သူတွေမှာ မှတ်ပုံတင်မရှိကြသေးတာ အများကြီးပဲ ရှိတယ်။ အဲဒီကိစ္စကို ဘယ်လို ဆက်လက် အရေးယူမလဲ၊ ဒါလေးတချက်၊ နောက်တချက်ကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့တကွ ကော်မရှင်မှာ တာဝန်ယူမယ့်ပုဂ္ဂိုလ်များအားလုံးဟာ “ပြည်သူလူထုရဲ့ လေးစားယုံကြည်မှုကို ရယူထားတဲ့ပုဂ္ဂိုလ်များ” - ဖြစ်သင့်ပါတယ်-ဆိုတာတချက် ကျနော်တို့ ထည့်သွင်း ဆွေးနွေးသွားပါတယ်။”

၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ လွတ်လပ်မှု တရားမျှတမှုဟာ ရွေးကောက်ပွဲကို ကြီးကြပ်မယ့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့အစည်း အဆင့်ဆင့်ရဲ့ လွတ်လပ်စွာ ဖွဲ့စည်းမှု၊ ၂၀၁၅ ရွေးကောက်ပွဲ ဆိုင်ရာ စည်းမျဉ်းဥပဒေတွေကို ဒီမိုကရေစီ စံနူန်းနဲ့အညီ ချမှတ်နိုင်ရေး နိုင်ငံရေးပါတီတွေရဲ့ ဆန္ဒသဘောထား တင်ပြချက်တွေကို အလေးထားစဉ်းစားပေးဖို့တွေကို တက်ရောက်လာတဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေက တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

XS
SM
MD
LG