သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်နိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေး


လွှတ်တော်နိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေးဆွေးနွေးပွဲမြင်ကွင်း (ဓာတ်ပုံ-Susanna Soe's fb) ဇန်နဝါရီ ၁၀၊ ၂၀၁၅
လွှတ်တော်နိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေးဆွေးနွေးပွဲမြင်ကွင်း (ဓာတ်ပုံ-Susanna Soe's fb) ဇန်နဝါရီ ၁၀၊ ၂၀၁၅

ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ထဲမှာ ပြည်သူ့အကျိုးကို ထိရောက်အောင် မဆောင်ရွက်နိုင်ဘူးလို့ နိုင်ငံရေးအင်အားစုတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ဝေဖန်လိုက်ပါတယ်။ ဒီမိုကရေစီဖော်ဆောင်နေတဲ့ အရပ်သားအစိုးရလက်ထက်မှာ လွှတ်တော်တွင်းကသာ ပြည်သူ့အကျိုးကို တရားဝင်ဖော်ဆောင်နိုင်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက တုံ့ပြန်ပါတယ်။ အသေးစိတ် ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေက “လွှတ်တော်နိုင်ငံရေးနဲ့ လွှတ်တော် ပြင်ပ နိုင်ငံရေး ဘယ်ဟာက ပြည်သူရဲ့ အကျိုးစီးပွားကို ပိုမိုဖော်ဆောင်နိုင်သလဲ” ဆိုတဲ့အပေါ် အခြေအတင် ငြင်းခုန် ဆွေးနွေးခဲ့ကြတာပါ။ လွှတ်တော်ပြင်ပ နိုင်ငံရေးဘက်က ဦးဆောင်ဆွေးနွေးခဲ့တဲ့ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ အရပ်ဖက် အဖွဲ့အစည်း Tinangle Women ရဲ့ ဒါရိုက်တာ ဒေါ်ခင်လေးက မြန်မာ့လွှတ်တော်ဟာ ဒီမိုကရေစီ မဆန်ဘူး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ပြည်သူလူထုအကျိုးကို ရှေ့ရှု လုပ်ဆောင်မှုမရှိဘူးဆိုတဲ့ အချက်တွေနဲ့ အခုလို ထောက်ပြဝေဖန်ပါတယ်။

“လက်ရှိအနေအထားကို အမတို့က ထောက်ပြတယ်လေ၊ လွှတ်တော်က အားနည်းနေတယ်၊ လွှတ်တော်ကနေပြီးတော့မှ သူတို့ထုတ်ထားတဲ့ ဥပဒေတွေကိုမှ အစစအရာရာ oversight ပြန်ပြီးတော့ ကြည့်တာပဲဖြစ်ဖြစ်၊ ဘတ်ဂျက်ကို oversight ဖြစ်တာ၊ ကြည့်တာပဲဖြစ်ဖြစ်၊ ဒါမျိုးတွေ မလုပ်နိုင်ဘူးပေါ့။ တကယ့် ဒီမိုကရက်တစ် society ဆိုရင်တော့ လွှတ်တော်နဲ့ အရပ်ဘက်အဖွဲ့အစည်းက ပူးပေါင်းပြီးတော့ ပြည်သူလူထုရဲ့အသံတွေ၊ ပြည်သူလူထု ဖြစ်ချင်တဲ့ဆန္ဒတွေကို အကောင်အထည်ဖော်ပေးတဲ့ ဥပဒေတွေပေါ့နော်၊ ပြည်သူလူထုကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ လုပ်ရမယ်၊ အစိုးရက မူဝါဒချမှတ်နိုင်အောင် ပူးပေါင်းပြီးတော့ တိုက်တွန်းရမယ်ပေါ့။”

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကတော့ အရပ်သားအစိုးရ အုပ်ချုပ်ရေးလက်အောက် မြန်မာ့ပါလီမန်လွှတ်တော်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီ ပြည်သူရဲ့အကျိုးကို ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ လွှတ်တော်တွင်း အဆိုတင်သွင်း နောက် ဥပဒေပြုပြဋ္ဌာန်း-စတဲ့ လုပ်ဆောင်မှုတွေကသာ တရားဝင် လုပ်ဆောင်ချက်တွေဖြစ်ပြီး လွှတ်တော်ပြင်ပက ထိရောက်တဲ့ တောင်းဆိုမှုတွေက အမှန်တကယ် လိုအပ်တယ် ဆိုရင်တော့ ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဦးလှဆွေက တုံ့ပြန်ပါတယ်။

“လွှတ်တော်ပြင်ပမှာ နိုင်ငံရေးလုပ်နေတာက ရှင်းရှင်းပြောရရင် တရားမဝင်ဘူးပေါ့လေ၊ ကျနော်တို့က လွှတ်တော်ထဲမှာကျ တရားဝင်တာပေါ့။ ကျနော် ပြောသမျှစကား၊ တင်သမျှအဆို မေးသမျှမေးခွန်းဟာ တရားဝင်တယ်။ လွှတ်တော်ပြင်ပနိုင်ငံရေးကျတော့ ဘာမှတရားမဝင်ဘူး။ သို့သော် အဲဒီ လွှတ်တော် ပြင်ပက တကယ့်ထိရောက်တဲ့တောင်းဆိုမှုတွေ ဖြစ်လာရင် အဲဒီဟာမှန်တယ်ဆိုတာကို လွှတ်တော်ကိုယ်စားလှယ်တွေက ယုံကြည်လာတဲ့အခါမှာ လွှတ်တော်ထဲကို ဒီစကားသံတွေကို ယူဆောင်လာပြီးတော့ နိုင်ငံတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရာမှာ အထောက်အကူပြုတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ပြင်ပနိုင်ငံရေးဆိုတာလည်း သူတို့ပြောသလို လွှတ်တော်ပြင်ပမှာလုပ်တယ်ဆိုတာ ဒါ ကောင်းတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေက လုပ်တာဖြစ်တဲ့အတွက် အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်းမှသာလျှင် ဒီမိုကရေစီ ပီပြင်တယ်လို့ ခံယူထားတာဖြစ်တဲ့အတွက် သူတို့ လွှတ်တော်ပြင်ပမှာ နိုင်ငံရေးလုပ်နေတာကိုလည်း ကျနော့်အနေနဲ့ အားပေးတယ်၊ ထောက်ခံတယ်။”

“အခုဆိုရင် လွှတ်တော်က ဥပဒေပေါင်း (၁၈၀) လောက် ပြဌာန်းနိုင်တာပေါ့နော်။ ခေတ်နဲ့စနစ်နဲ့ ကိုက်ညီအောင် ပြန် ပြောင်းလဲနိုင်ခဲ့တယ်။ ရှေ့လျှောက်ပြီးတော့လည်း ပြင်စရာတွေ အများကြီးရှိတယ်ဗျ။ ဒီငါးနှစ်တည်းနဲ့တော့ ပြင်လို့တော့ မရသေးဘူးပေါ့လေ၊ ဖြည်းဖြည်း ဖြည်းဖြည်းချင်း ပြင်နေကြတာပေါ့နော်။”

ပြည်သူကို ကိုယ်စားပြုတဲ့ ပြည်သူ့အကျိုးကို ရှေးရှု့တဲ့ ပြည်သူ့လွှတ်တော်အမတ်တွေက လွှတ်တော်တွင်းမှာ အားနည်းနေတယ်လို့လည်း အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအင်အားစုတွေဘက်က ထောက်ပြခဲ့တဲ့အကြောင်း မခင်လေးကပြောပါတယ်။

“လွှတ်တော်ထဲကိုရောက်နေတဲ့ ကိုယ်စားလှယ်တွေက ပြည်သူလူထုကို တကယ်ကိုယ်စားပြုတဲ့၊ ရွေးကောက်ပွဲကနေပြီး တကယ် စစ်စစ်မှန်မှန်နဲ့ တက်သွားတဲ့ ပုဂ္ဂိုလ်တွေ ဟုတ်မဟုတ်ဆိုတာလည်း အားလုံးအသိပဲ။ အားနည်းချက်တွေက စိတ်ဆန္ဒ စေတနာကောင်း ရှိတဲ့သူတွေ၊ ပြည်သူအတွက် လုပ်ပေးချင်တဲ့သူတွေ နည်းနေတယ်။ အဲဒီအတွက် လွှတ်တော်က အားနည်းမှုရှိတယ်။ ဒါ့အပြင် လွှတ်တော်ဆိုတာလည်း အခုမှ အစစအရာရာ အစပြုတာဖြစ်တဲ့အတွက် လွှတ်တော်ရဲ့ function ကို ကောင်းမွန်အောင် မလုပ်နိုင်သေးတဲ့ဟာလည်း ပါတယ်ပေါ့နော်၊ အဓိက ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြည်သူ့အတွက် လုပ်ပေးချင်တဲ့ဆန္ဒအားနည်းနေတဲ့ဟာ ဖြစ်နေတယ်ဆိုတာကိုတော့ အဓိကထားပြီးတော့ ဆွေးနွေးထောက်ပြတာပေါ့နော်။”

ပြည်သူလူထုနဲ့ နီးကပ် ထိစပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အရည်အချင်းပြည့်မှီအောင် ဆောင်ရွက်သင့်တယ်ဆိုတဲ့ အကြံပေးချက်ကို ဦးလှဆွေက လက်ခံပါတယ်။

“အလုပ်မလုပ်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေ ရှိကောင်း ရှိပါလိမ့်မယ်။ သိပ်ပြီးတော့ ဝေဖန်မထောက်ပြချင်ဘူး။ ကိုယ် …လုပ်ဖို့ပဲ လိုတယ်လို့ ကျနော်က မြင်ပါတယ်။ နယ်မြေကို ကိုယ်စားပြုဖို့သင့်တယ်ဗျ။ လွှတ်တော်ကိုယ်စားလှယ်တွေက နယ်မြေကို ကိုယ်စားပြုဖို့ သင့်တယ်ဆိုတာ ကိုယ့်နယ်မြေကိုယ်ဆင်း၊ လူထုနဲ့တွေ့၊ သူတို့ရဲ့အခက်အခဲတွေကိုမေး၊ မေးပြီးတော့ အဲဒါတွေကို လွှတ်တော်မှာတင်ပြဖို့ အဓိက တာဝန်ရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ မိမိရဲ့နယ်မြေကို ကိုယ်စားပြုရမယ်၊ မိမိရဲ့ပါတီကို ကိုယ်စားပြုရမယ်။ အဲဒီလိုမျိုး မပြုနိုင်တဲ့ ကိုယ်စားလှယ်တွေကျတော့ အဲဒီနယ်မြေက အဲဒီကိုယ်စားလှယ်ကို ရွေးကောက်ထားတာ နစ်နာတာပေါ့။”

လွှတ်တော်နိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး ဘယ်ဟာက ပြည်သူ့အကျိုးစီးပွားကို ပိုဖော်ဆောင်နိုင်သလဲဆိုတဲ့ ခေါင်းစဉ်နဲ့ လွှတ်တော်နိုင်ငံရေး ဘက်က အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းတို့က ဆွေးနွေးပြီး လွှတ်တော်ပြင်ပ နိုင်ငံရေးဘက်ကတော့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးနဲ့ Triangle Women Support Group ရဲ့ ဒါရိုက်တာ ဒေါ်ခင်လေးတို့က ဦးဆောင်ဆွေးနွေးတဲ့ ဆွေးနွေးပွဲကို ဒီကနေ့ တော်ဝင်နှင်းဆီမှာ ကျင်းပခဲ့ပါတယ်။

XS
SM
MD
LG