သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ် ရဟန်းမင်းကြီး တောင်အမေရိက ခရီးစဉ် စတင်


ပြည်ပခရီးစတင်နေပြီဖြစ်တဲ့ ပုပ် Francis
ပြည်ပခရီးစတင်နေပြီဖြစ်တဲ့ ပုပ် Francis

တောင်အမေရိကတိုက်ရဲ့ ပထမဆုံး ပုပ်ရဟန်းမင်းကြီးဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ အီကွေဒေါ၊ ဘိုလီဗီးယားနဲ့ ပါရာဂွေးနိုင်ငံတွေကို ၈ ရက်ကြာ ခရီးစဉ်စတင်ဖို့ တောင် အမေရိကတိုက်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ ပထမဆုံးအနေနဲ့ အီကွေဒေါနိုင်ငံ ကီတိုမြို့ကိုတနင်္ဂနွေနေ့ နေ့လည်ပိုင်းက ရောက်လာခဲ့ပါတယ်။ အီကွေဒေါအစိုးရ တာဝန်ရှိသူတွေနဲ့ ဘုရားကျောင်းတာဝန်ရှိသူတွေက လေဆိပ်မှာ ပုပ်ရဟန်းမင်းကြီးကို လာရောက်ကြိုဆိုခဲ့ကြပြီး ကလေးငယ်တွေနဲ့ လူကြီးတွေကလည်း ကောဇောနီဘေး တဘက်တချက်ကနေ ကက်သလစ်အလံတွေဝှေ့ယမ်းပြီး ကြိုဆိုခဲ့ကြပါတယ်။

လေဆိပ်ကနေ ပုပ်ရဟန်းမင်းကြီး တည်းခိုရာကို သွားရာလမ်းတလျှောက်မှာလည်း အီကွေဒေါပြည်သူတွေကကြိုဆိုခဲ့ကြပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ သူ့ရဲ့မိခင်နိုင်ငံ အာဂျင်တီးနားကို အခုခရီးစဉ်မှာသွားရောက်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ လာမယ့်နှစ်မှာတော့ သူဟာ အာဂျင်တီးနားနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ် သူ ပုပ်ရဟန်းမင်းကြီးဖြစ်လာချိန်ကစပြီး ဒီခရီးစဉ်ဟာ သူ့အတွက် ၉ ကြိမ်မြောက် ပြည်ပ ခရီးစဉ်ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးက သူ့သွားရောက်မယ့် ၃ နိုင်ငံက ဆင်းရဲနွမ်းပါးသူတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို အလေးပေးလုပ်ဆောင်သွားချင်တယ်လို့ ရောမမြို့က ထွက်ခွါစဉ်မှာပဲ ပြောကြား ခဲ့ပါတယ်။ အထူးသဖြင့် အကူအညီလိုအပ်နေတဲ့ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းဖြစ်နေသူတွေ၊ အကျဉ်းကျခံ နေရသူတွေ၊ ဆင်းရဲနွမ်းပါးသူတွေအတွက်လို့ ဆိုပါတယ်။

ကမ္ဘာပေါ်မှာ ရိုမန်ကက်သလစ်ဘာသာဝင် ၁.၂ ဘီလီယံရှိပြီး အဲဒီထဲကအများစုဟာ လက်တင်အမေရိကနိုင်ငံတွေမှာဖြစ်ပါတယ်။ အီကွေဒေါ၊ ဘိုလီဗီးယားနဲ့ ပါရာဂွေးနိုင်ငံတွေ ဟာ တောင်အမေရိကတိုက်မှာ အဆင်းရဲဆုံးနဲ့ အသေးဆုံးနိုင်ငံတွေဖြစ်ပါတယ်။

XS
SM
MD
LG