သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး အမေရိကန်ခရီးစဉ် မြန်မာကက်သလစ်တွေ ကြိုဆို


Pope Francis
Pope Francis

အမေရိကန်ပြည်ထောင်စုကို ပထမဆုံးအကြိမ် လာရောက်မယ့် ပုပ်ရဟန်းမင်းကြီး Francis ရဲ့ ခရီးစဉ်ကို ကြိုဆိုဖူးမျှော်ကြဖို့ စိတ်အားထက်သန် နေကြသူတွေထဲမှာ မြန်မာနိုင်ငံက ရိုမန်ကက်သလစ်ဘာသာဝင် တွေလည်း ပါဝင်ကြပါတယ်။ ဒီခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးဟာ ဝါရှင်တန်ဒီစီမှာ အိမ်ဖြူတော်နဲ့ လွှတ်တော်ကို သွားရောက်ဖို့ရှိသလို၊ နယူးယောက်မြို့က ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာလည်း မိန့်ခွန်း ပြောကြားဖို့ ရှိပါတယ်။ ဒါ့အပြင် လူ သန်း ၂ ကျော်လောက် တက်ရောက်နိုင်တယ်လို့ ခန့်မှန်းထားကြတဲ့ Philadelphia မြို့က “ကမ္ဘာတဝှမ်း မိသားစုတွေနဲ့ တွေ့ဆုံပွဲ” ကို မြန်မာကက်သလစ်ဘာသာဝင်တွေလည်း တက်ရောက်ကြမှာပါ။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြထားပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis ဟာ အမေရိကန်ပြည်ထောင်စုကို စက်တင်ဘာလ ၂၂ ရက် အင်္ဂါနေ့မှာ ရောက်ရှိလာမှာဖြစ်ပြီး၊ ၅ ရက်ကြာမြင့်မယ့် သူ့ခရီးစဉ်အတွင်းမှာ ဝါရှင်တန်ဒီစီမြို့တော်မှာ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားနဲ့ အိမ်ဖြူတော်မှာ ဗုဒ္ဓဟူးနေ့ကျရင် တွေ့ဆုံဖို့ရှိသလို၊ ပူးတွဲလွှတ်တော်နှစ်ရပ်မှာလည်း ပုပ်ရဟန်းမင်းကြီးတပါးအနေနဲ့ ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။ ဒါ့အပြင် ၁၈ ရာစုခေတ်က ခရစ်ယာန်သာသနာပြု Junipero Serra ကို Immaculate Conception ကျောင်းတော်မှာ သူတော်စင်အဖြစ် အသိအမှတ် ပြုပေးမှာလည်း ဖြစ်ပါတယ်။ ဒီနောက် စက်တင်ဘာလ ၂၄ ရက်နေ့ကျရင်တော့ ပုပ်ရဟန်းမင်းကြီးဟာ နယူးယောက်မြို့ကို သွားရောက်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်နေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ မိန့်ခွန်းပြောကြားဖို့ရှိပြီး - ဒါဟာဆိုရင် သမိုင်းမှာ ပထမဆုံးသော ပုပ်ရဟန်းမင်းတပါးအနေနဲ့ မိန့်ခွန်းပြော ကြားမှုလည်း ဖြစ်ပါတယ်။ ဒီလိုမိန့်ခွန်းပြောကြားတဲ့အခါ လက်ရှိ ကမ္ဘာ့နေရာအနှံ့အပြားမှာ ကြုံတွေ့နေရတဲ့ ဒုက္ခသည်တွေအရေး ပါဝင်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ကန်တကီပြည်နယ် ရိုမန်ကက်သလစ်အသင်းတော်ရဲ့ Father တီမော်သီ ကတော့ -

“အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခဆင်းရဲရောက်နေတဲ့ သူများကို လူသားချင်းစာနာပြီးတော့မှ ဘုရားရဲ့ ချစ်ခြင်းမေတ္တာအားဖြင့် လက်ခံပြုစုစောင့်ရှောက် ကူညီဖေးမပေးဖို့ သူ ပြောသွားမှာဖြစ်ပါတယ်။”

နယူးယောက်မြို့ရဲ့ အရှေ့ (Harlem) ရပ်ကွက်မှာရှိတဲ့ ကက်သလစ်ကျောင်း တခုကိုလည်း သွားရောက် လည်ပတ်ဦးမှာပါ။ OLQA အမည်ရှိ အဲဒီကက်သလစ်ကျောင်းရဲ့ အင်တာနက် စာမျက်နှာမှာတော့ - ပုပ်ရဟန်းမင်းကြီး မကြာခဏဆိုသလို အလေးထား အာရုံစိုက်လေ့ရှိတတ်တဲ့ ဒုက္ခသည်တွေရဲ့ တိတ်ဆိတ်နေတဲ့ အသံတွေကို ကိုယ်စားပြုတဲ့ နေရာတနေရာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ပုပ်ရဟန်းမင်းကြီး Francis ဟာ အရင် ပုပ်ရဟန်းမင်းကြီးတွေနဲ့ မတူဘဲ အကူအညီလိုအပ်နေတဲ့ ကလေးသူငယ်တွေ၊ ဆင်းရဲနွမ်းပါးသူတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို အလေးပေး ဆောင်ရွက်ချင်သူဖြစ်တယ်လို့ အိုကလာဟိုးမားပြည်နယ်က Immaculate Heart of Mary Catholic Church ရဲ့ Father Robert Kim က ပြောဆိုပါတယ်။

“ပုပ် Francis ဆိုရင် လူတွေထဲကို ထွက်ပြီးတော့မှ ရင်းရင်းနှီးနှီးနဲ့ ပြောဆိုဆက်ဆံတယ်။ သူများတွေထဲမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေ၊ ဘဝဒုက္ခတွေကို ကိုယ်တိုင် ထိတွေ့ခံစားပြီးတော့မှ ခံစားနေရတဲ့ ပုဂ္ဂိုလ်တွေကိုလည်း အားပေးယုံသက်သက် မဟုတ်ဘဲနဲ့ သူတို့နဲ့ ထပ်တူထပ်မျှပေါ့နော် ဘဝခရီးကို ဖြတ်သန်းနေရတယ်ဆိုတဲ့ ခံစားချက်မျိုးကို သူက ပြနိုင်တယ်ပေါ့။ Faith and Moral ပေါ့နော် ယုံကြည်ခြင်းနဲ့ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီးတော့မှ ဒီကနေ့ လူတွေ ကြုံနေရတဲ့ အခက်အခဲတွေ၊ ဒုက္ခတွေ၊ ပြဿနာတွေ၊ ဒါတွေက ဘာကြောင့်လဲဆိုတာ သူက မီးမောင်းထိုးပြတယ်။ ဒါတွေဟာ သူ့ရဲ့ ထူးခြားတဲ့ Personality ပေါ့။”

ပုပ်ရဟန်းမင်းကြီး Francis ရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း စက်တင်ဘာလ ၂၇ ရက် တနင်္ဂနွေနေ့ Philadelphia မှာလုပ်မယ့် “ကမ္ဘာတဝှမ်း မိသားစုတွေနဲ့ တွေ့ဆုံပွဲ” မှာ လူထုကို တရားဟောကြားဖို့ရှိပါတယ်။ ဒီတရားပွဲကို လူပေါင်း ၂ သန်းလောက် တက်ရောက်မယ်လို့ မျှော်လင့်ရပြီး၊ ဒီအထဲမှာ Father Robert Kim တို့နဲ့အတူ ပြည်နယ်ပေါင်းစုံက မြန်မာကက်သလစ်ဘာသာဝင်တွေလည်း တက်ရောက်ဖို့ရှိတယ်လို့ အခုလို ဆက်ပြောပြ ပါတယ်။

“ဒီ Philadelphia က World Meeting of Families ပေါ့နော် ဒီပွဲမှာ မြန်မာပြည်ကနေပြီးတော့မှ မြန်မာပြည် ကက်သလစ်ဆရာတော်များအဖွဲ့ချုပ်ကနေ လက်ရှိ ဥက္ကဌတာဝန်ယူထားတဲ့ ဆရာတော်နဲ့အတူတူသွားမယ်ပေါ့ ကျနော်တို့နေတဲ့မြို့က Tulsa အိုကလာဟိုးမား အဲဒီမှာရောက်နေတဲ့ မြန်မာကက်သလစ်မိသားစုတွေ အယောက် ၂၀ လောက် အဲဒီပွဲသွားဖို့ ပြင်ဆင်နေကြတယ်။ ပြီးတော့ ပင်ဆယ်ဗေးနီးယားပြည်နယ် အနီးနားမှာရှိတဲ့ မြို့တွေက မြန်မာကက်သလစ်မိသားစုတွေလည်း ဒီပွဲကို လာကြမယ်ပေါ့။ ဆိုတော့ ခန့်မှန်းချေတော့ အားလုံး အယောက် ၅၀ လောက် အနည်းဆုံးဖြစ်လိမ့်မယ်ပေါ့။”

တန်နစီပြည်နယ်က ကချင်တိုင်းရင်းသား နောနော်ကတော့ - တသက်မှာ တခါသာ မြင်တွေ့ဖို့မလွယ်ကူတဲ့ ပုပ်ရဟန်းမင်းကြီးကို သူ့ဘဝမှာ ဖူးမျှော်ခွင့်ရတော့မှာမို့ သိပ်ကို စိတ်အားထက်သန်နေသူပါ။

“စိတ်ထဲမှာပေါ့နော် တကယ်ကိုပဲ အရမ်းလည်း ဝမ်းသာတယ်။ ပုပ်ရဟန်းမင်းကြီး လာမယ်ဆိုတော့ ကျနော်တို့ အရမ်းတောင့်တနေတဲ့အရာတခု ပြည့်စုံလာမယ်လို့လည်း ခံစားရတယ်။ အရမ်းကိုပဲနော့် စိတ်ထဲမှာ တော်တော်လေး ထက်သန်နေသလိုပဲ ခံစားရ တယ်။ တွေ့ဖို့ ကျနော်တို့ ကြိုးစားရမှာထက် တကယ်ကိုပဲ လုပ်ကိုလုပ်ရမယ့် အရာတခုပေါ့နော်။ တကယ်လည်း ဖြစ်အောင်လာနိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”

Philadelphia တာဝန်ရှိသူတွေကတော့ ပုပ်ရဟန်းမင်းကြီး Francis ရဲ့ အမေရိကန်ပြည်ထောင်စု ပထမဆုံးခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်တဲ့အနေနဲ့ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ်ချ ထားတာ၊ ယာဉ်ကြောကန့်သတ်ချက်တွေ ချမှတ်တာနဲ့ နောက်တပတ်ထဲမှာ စာသင်ကျောင်းတွေကိုလည်း ပိတ်ထားပါတယ်ရှင်။

XS
SM
MD
LG