သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဒုနိုင်ငံခြားရေး ဝန်ကြီး မြန်မာသမ္မတနဲ့တွေ့ဆုံ


နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံ။ သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံ။ သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန

လှေစီးပြေး ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ အမေရိကန် အဆင့်မြင့် သံတမန်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန် တို့ တွေ့ဆုံရာမှာ ဆွေးနွေးခဲ့ကြတဲ့အကြောင်း သမ္မတရုံး တာဝန်ရှိသူတွေက ပြောပါတယ်။ သမ္မတနဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken ကတော့ ဒုက္ခသည်တွေ အတွက် လူသားချင်းစာနာမှု အကူအညီတွေ အမြန်ဆုံး ပေးအပ်နိုင်ရေး ဆွေးနွေး ခဲ့တဲ့ အကြောင်း မြန်မာ အစိုးရ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ရှေ့သီတင်းပတ်ထဲ ကျင်းပမယ့် ထိုင်းနိုင်ငံက လှေစီးပြေး ဒုက္ခသည်တွေ အရေး ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို စေလွှတ်ဖို့ စီစဉ်နေပြီး ဦးဆောင်မယ့် သူကိုတော့ သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ညှိနှိုင်း ဆုံးဖြတ်မှာ ဖြစ်တယ်လို့လည်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က ပြောဆိုခဲ့တာပါ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့လည်း တွေ့ဆုံ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့လည်း တွေ့ဆုံ။

ဒီကနေ့ပဲ မြန်မာနိုင်ငံကို ရောက်သွားခဲ့တဲ့ အမေရိကန် အဆင့်မြင့် သံတမန် ဟာ နေပြည်တော်မှာပဲ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့တွေ့ဆုံ။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့တွေ့ဆုံ။

အမေရိကန် လွှတ်တော်အမတ် ၂၃ ဦးကလည်း ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့ မြန်မာအစိုးရအပေါ် အရေးယူဒဏ်ခတ်မှုတွေ တိုးမြှင့်ချထားဖို့ နိုင်ငံခြားရေးဝန်ကြီး John Kerry ထံ စာတစောင် ပေးပို့ခဲ့ကြပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးလာသူ မူဆလင် ရိုဟင်ဂျာတွေလည်း ပါဝင်တယ်လို့ ဆိုနေကြတဲ့ ဒုက္ခသည်တွေ အတွက် လိုအပ်တဲ့ အကူအညီတွေ ပေးနိုင် ဖို့ ငွေရေးကြေးရေးအရ ပံ့ပိုးပေးမှာ ဖြစ်သလို၊ ဒုက္ခသည်တွေ ကို လက်ခံဖို့လည်း စဉ်းစားထားတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒုက္ခသည်တွေကို ယာယီလက်ခံဖို့ သဘောတူခဲ့ကြတဲ့ အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတို့က အကူအညီ တောင်းထားတဲ့အပေါ် စဉ်းစားနေသလို၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ နိုင်ငံပေါင်းစုံနဲ့ လက်တွဲပြီး အခြေချနေထိုင်ရေး အစီအစဉ်မှာ ဦးဆောင်ပါဝင်ဖို့ ပြင်ဆင် ထားတယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Marie Harf က မနေ့တုန်းက ဝါရှင်တန်မှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

အာဖရိက နိုင်ငံတခုဖြစ်တဲ့ ဂမ်ဘီယာကလည်း မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံဖို့ ဆန္ဒရှိတဲ့အကြောင်း သမ္မတရုံးက ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinkenဟာ ညနေပိုင်းမှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG