သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြံ့ခိုင်ရေးပါတီ တည်ဆောက်ရေး သမ္မတဦးသိန်းစိန် အလေးပေး သွားမည်


ပထမအကြိမ် လွှတ်တော် နောက်ဆုံးနေ့ အခမ်းအနား တက်ရောက် လာတဲ့ သမ္မတ ဦးသိန်းစိန်။ (ဇန်နဝါရီ ၂၈၊ ၂၀၁၆)
ပထမအကြိမ် လွှတ်တော် နောက်ဆုံးနေ့ အခမ်းအနား တက်ရောက် လာတဲ့ သမ္မတ ဦးသိန်းစိန်။ (ဇန်နဝါရီ ၂၈၊ ၂၀၁၆)

သမ္မတအနေနဲ့ ရာထူးကနေထွက်ပြီး နိုင်ငံရေးထဲမှာ ဆက်လက်ရပ်တည်ဖို့ရှိနေပြီး အတိုက်အခံ အနေနဲ့ ရှေ့ဆက်နိုင်ငံရေးခရီးကို ဆက်သွားဖို့စီစဉ်ထားတဲ့ သဘောရှိနေ ပါတယ်။ သမ္မတသက်တမ်းတလျှောက် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိသေးတဲ့ အလုပ်တွေကို လာမယ့် NLD ပါတီဖွဲ့စည်းမယ့် အစိုးရသစ်က လုပ်ဆောင်လာရင် လက်တွဲကူ ညီပေးသွားဖို့ ရှိတယ်ဆိုပေမယ့် လူနည်းစုဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကနေ ထောက်ပြဝေဖန်မှုတွေလုပ်သွားဖို့ရှိနေတယ်လို့ သမ္မတပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောဆို လိုက်ပါတယ်။ ဒီသတင်း အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းက မေခကပေးပို့ထားပါတယ်။

ဒီကနေ့မှာ ဗွီအိုအေက တွေ့ဆုံမေးမြန်းမှုမှာ အခုလိုပြောခဲ့တာပါ။ သမ္မတ ရာထူးကနေ အငြိမ်းစားယူပြီးရင် ကြံ့ခိုင်ရေးပါတီကို ပြန်လည် ဦးဆောင်သွား ဖို့ရှိ ကြောင်း သမ္မတအနေနဲ့ နိုင်ငံရေးပိုင်းကို ဆက်လက်သွားဖို့ရှိနေကြောင်း သမ္မတတာဝန် ရပ်နားပြီး လုပ်ဆောင်မှာတွေနဲ့ ပတ်သတ်ပြီး ဦးရဲထွဋ်က ဗွီအိုအေမေးမြန်းမှုကို ခုလို ဖြေကြားခဲ့ပါတယ်။

“သမ္မတကြီးရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်လို့ပြောရင် ၂ ခုပေါ့ဗျာ။ တခုကတော့ အတိတ်နဲ့ဆိုင်တာပေါ့။ ကျနော်တို့ ပြီးခဲ့တဲ့ ၅ နှစ်တာ လုပ်ငန်းကိုလုပ်ခဲ့တဲ့ အပေါ်မှာတော့ သမ္မတကြီးက သူလုပ်နိုင်တဲ့အပေါ်မှာ သူဂုဏ်ယူတယ်။ သူမလုပ်နိုင်တဲ့ လုပ်ငန်းတွေကိုတော့ နောင်အစိုးရ ဆက်လုပ်နိုင်ဖို့အတွက် သူကူညီဖို့အသင့်ရှိတယ်။ ဒါကတော့ တပိုင်းပေါ့နော်။ နောက်တပိုင်းကတော့ ပါတီနဲ့ ပတ်သက်တဲ့အပိုင်းပေါ့၊ ပါတီရဲ့အနာဂတ်ပေါ့။ ကျနော်က ပါတီဝင်မဟုတ်တဲ့ အတွက်ကြောင့်မို့လို့ ပါတီရဲ့ လုပ်ငန်းစဉ် အသေးစိတ်တော့မသိဘူး။ သို့သော် ယေဘူယျ အားဖြင့်ပြောရရင်တော့ သူသမ္မတရာထူးကို လွှဲပြောင်းပြီတဲ့ အခါမှာ ဖွဲစည်းပုံအခြေခံဥပဒေက ကန့်သတ်ချက်မရှိတော့တဲ့အတွက်ကြောင့် သမ္မတကြီးသည် ပါတီကို သူပြန်သွားလို့ရပြီ။ ပါတီကိုပြန်သွားပြီးတဲ့ အခါမှာတော့ ပါတီကို ပြန်လည်ဖွဲ့စည်းတည်ဆောက်ဖို့အတွက် သူဘယ်အခန်းကဏ္ဍ ကနေပါဝင်မယ်ဆိုတာတော့ သူတို့ပါတီထဲမှာပဲ ဆုံးဖြတ်ရမှာပေါ့”

မကြာခင်မှာ NLD ပါတီကနေရွေးချယ်မယ့် အစိုးရက အုပ်ချုပ်တော့မယ့် မြန်မာ့နိုင်ငံရေးထဲမှာ သမ္မတ ဦးသိန်းစိန်အနေနဲ့ အတိုက်အခံအနေနဲ့ ရပ်တည်ဖို့ရှိမရှိဆိုတာကိုတော့ ဦးရဲထွဋ်ကခုလိုပြောပါ တယ်။

“အဲဒီဟာနဲ့ ပတ်သက်လို့ သမ္မတကြီးကလည်းတကယ်တော့ သူက ကျနော်တို့ မသုံးမဖြစ်လို့သာကျနော်တို့က အတိုက်အခံဆိုတဲ့ စကားသုံးတယ်။ ဒါပေမယ့် အတိုက်အခံဆိုတဲ့ စကားကိုတော့ တကယ်ကျတော့ သမ္မတကြီးလည်း တကယ်တော့ မသုံးချင်ပါဘူး။ သူ့အနေနဲ့ကတော့ ပြည်ခိုင်ဖြိုးပါတီသည် အနည်းစုဖြစ်သွားတယ်။ ဒါပေမယ့်လည်း လွှတ်တော်အတွင်းမှာ အားလုံးအတွက် အကျိုးရှိမယ့်ကိစ္စမျိုးဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပူးပေါင်းလုပ်မယ်။ တကယ်လို့ ဝေဖန်ထောက်ပြဖို့ လိုအပ်တယ်ဆိုရင်လည်း ကျနော်တို့ အပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ပြမှုတွေလုပ်မယ်လို့ သူဆုံးဖြတ်ထားပုံရပါတယ်။ အဲဒီအတိုင်းပဲ ကျနော်ထင်တယ် ပြည်ခိုင်ဖြိုးပါတီက အဲဒီအတိုင်းရပ်တည်သွားမှာဖြစ်ပါတယ်။”

လက်ရှိမှာ NLD ပါတီက အစိုးရဖွဲ့စည်းပါက ပြန်ကြားရေး ဝန်ကြီးဌာနကို ဖြုတ်သိမ်းဖို့ရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီအပေါ်မှာ ပြန်ကြားရေးဝန်ကြီး ဌာန ရှိသင့်မသင့်ကို သူက ခုလိုပြောပါတယ်။

“ပြန်ကြားရေးဝန်ကြီး ဌာနဆိုတဲ့ လုပ်ငန်းစဉ်မှာ အစိုးရအတွက် သတင်းထုတ်ပြန်ပေးတာအပြင်ကို စာပေ ဗိမ္မာန်လို လုပ်ငန်းမျိုးတွေ လည်းပါတယ်။ နောက်ပြီးရင် ကျနော်တို့ အစိုးရရဲ့ စာရွက်စာတန်းတွေကို ပုံနှိပ်ပေးရတဲ့ လုပ်ငန်းတွေပါတယ်။ အဲတော့ ဒီကနေ့ အခုပြောနေကြတာ ကတော့ ပြန်ကြားရေးဝန်ကြီး ဌာနလို့ပြောတဲ့အခါမှာ မြန်မာအသံနဲ့ ရုပ်မြင်သံကြားနဲ့ သတင်းစာ၂ စောင် ကိုမြင်ပြီးတော့ ပြောနေတာပေါ့ ။ အဲတော့ ကျန်တဲ့လုပ်ငန်းတွေ လည်း ရှိသေးတယ်။ နောင်တက်လာတဲ့ အစိုးရအနနဲ့ အဲဒီအခြေအနေကို တခု ထည့်ပြီးတော့ စည်းစားဖို့ လိုတာပေါ့။ မိမိ မူဝါဒ အချက်အလက်တွေကို ပြည်သူတွေဆီရောက်ဖို့ အတွက် မီဒီယာကိုတော့ သုံးရမှာပေ့ါ။ ဆိုတော့ အဲဒီမီဒီယာကို သုံးတဲ့အခါမှာ အမေရိကန်နိုင်ငံလိုပဲ ပုဂ္ဂလိက မီဒီယာတွေကိုပဲ အားဖြည့်ပြီးသုံးမလား၊ မြန်မာနိုင်ငံလို မီဒီယာအခြေ အနေမျိုးမှာ နိုင်ငံပိုင်မီဒီယာကို အများပြည်သူ ဝန်ဆောင်မှု မီဒီယာအဖြစ် ပြောင်းလဲပြီး သုံးမလားဆိုတာတော့ နောက်အစိုးရဆုံးဖြတ်ရမှာပေါ့။ ကျနော့အနေနဲ့ကတော့ အများပြည်သူဝန်ဆောင်မှု မီဒီယာအနေနဲ့ ဆက်ပြီးတော့ ရှိသင့်တယ်။ နောက်အစိုးရရဲ့ စာပေ ဗိမ္မာန် လိုမျိုးတွေကိုလည်း ဝန်ကြီးဌာန အနေနဲ့ မဟုတ်ရင်တောင်မှ သီးခြားအဖွဲ့အစည်း အနေနဲ့ ဆက်ထားသည့်တယ်လို့မြင်တယ်။ဒါကတော့ ကျနော့ ပုဂ္ဂိုလ်ရေး အယူအဆပါ။”

သတင်းမီဒီယာတွေရဲ့ စာနာမှုကို ရထားပြီးသားဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ လက်ရှိအစိုးရထက် ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ လက်ရှိပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က တိုက်တွန်းလိုက်ပါတယ်။

“သူတို့အနေနဲ့က ကျနော်တို့ထက်စာရင် မီဒီယာ နဲ့ ဆက်ဆံရေးမှာ အခြေအနေကောင်းတွေ အများကြီးရှိတယ်လေ။ ကျနော်တို့ အပေါ်မှာ သံသယ တွေရှိတယ်၊ မယုံကြည်မှုတွေရှိတယ်။ ကျနော်တို့ပြောသမျှအားလုံးကို သံသယ စိတ်နဲ့ချည်းကပ်တာရှိတယ်။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာကျတော့ သူတို့သည် တာဝန်မယူခင်ကတည်းက စာနာထောက်ထားမှုဆိုတဲ့ အားသာချက်ကို ရပြီးသား။ အဲဒီ အားသာချက်ကို ကောင်းကောင်းအသုံးချပြီးတော့မှ မီဒီယာတွေနဲ့ မှန်ကန်တဲ့၊ ပွင့်လင်းတဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့လိုတယ်လို့ ကျနော် အကြံပြုချင်ပါတယ်။”

ဒီ့အပြင် ဝန်ကြီး ဦးရဲထွဋ်က သတင်းမီဒီယာတွေအနေနဲ့ NLD ပါတီကနေ တင်မြှောက်မယ့် အစိုးရသစ်လက်ထက်မှာ ဘက်မလိုက်ပဲ ဝေဖန်ထောက်ပြစေချင်ကြောင်း ၊ ဒီလိုဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ရင်လည်း ပြည်သူတွေဘက်က လက်ခံနိုင်မလားဆိုတာကလည်း သတင်းမီဒီယာတွေပေါ်မှာ စိန်ခေါ်မှုတရပ် ဖြစ်နေတယ်လို့ သူက ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG