သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် ရွေးကောက်ပွဲ ဝင်မည်မဟုတ်


ပြည်ခိုင်ဖြိုးပါတီ အထွေထွေတွင်းရေးမှူး ဦးမောင်မောင်သိမ်း
ပြည်ခိုင်ဖြိုးပါတီ အထွေထွေတွင်းရေးမှူး ဦးမောင်မောင်သိမ်း

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ သမ္မတဦးသိန်းစိန်နဲ့ ဒုသမ္မတ ဦးဉာဏ်ထွန်းတို့ ပါတီကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တရားဝင် ကြေညာလိုက်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးတဦး အပါအဝင် တပ်မတော်သား ကိုယ်စားလှယ် ၆၀ လောက်ဟာလည်း ရွေးကောက်ပွဲမှာ အရပ်သားအဖြစ် ပြောင်းလဲ အရွေးခံဖို့ အဆိုပြုထားတယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ နေပြည်တော်မှာ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေသတင်းထောက် မေခက သတင်းပေးပို့ထားပါတယ်။

သမ္မတနဲ့ ဒုသမ္မတတို့ဟာ ပြည်ခိုင်ဖြိုးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်တော့မှာ မဟုတ်တဲ့အကြောင်း ဒီကနေ့ နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တရားဝင် ထုတ်ဖော်ပြောဆို လိုက်တာပါ။ သမ္မတဦးသိန်းစိန် ၂၀၁၀ တုန်းက ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ ဇဗ္မူသီရိ မဲဆန္ဒနယ်ကိုတော့ ဒီနှစ်ရွေးကောက်ပွဲမှာ လက်ရှိ ဆက်သွယ်ရေးဝန်ကြီး ဦးမြတ်ဟိန်းက ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်မှုဆောင် ဦးသိန်းဆွေက ပြောပါတယ်။
“သမ္မတကြီးလည်း မပြိုင်ဘူး၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းလည်း မပြိုင်ဘူးလို့ပဲ ကျနော်တို့ နားလည်ပါတယ်။”

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၀ အရ သမ္မတအနေနဲ့ ရွေးချယ်ခံမယ့်သူဟာ ပါတီကိုယ်စားလှယ်လောင်းတဦး ဖြစ်ဖို့မလိုဘူးလို့ ပြဌာန်းထားတဲ့အတွက် သမ္မတဦးသိန်းစိန် အနေနဲ့ နောက်တကြိမ် သက်တမ်းအတွက် အရွေးချယ် ခံမခံ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မပြောပါဘူး။ လက်ရှိမှာ အာဏာရ ပြည်ခိုင်ဖြိုးပါတီကနေ လက်ရှိ အစိုးရအဖွဲ့ဝင် ပါတီဝင်ဟောင်း ၂၃ ယောက် ပြန်လည်ဝင်ရောက် အရွေးခံမှာပါ။ ပါတီဝင် မဟုတ်တဲ့ လက်ရှိအစိုးရအဖွဲ့ဝင် ၂၃ယောက် ဟာလည်း ပါတီကိုယ်စားပြု ဝင်အရွေးခံမယ်လို့ ပြည်ခိုင်ဖြိုးပါတီက အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ပြောပါတယ်။ ပြင်ပကတတ်သိပညာရှင်၊ အထင်ကရပုဂ္ဂိုလိ ၆၉ ဦးဟာလည်း ပါတီကိုယ်စားပြု ဝင်ပြိုင်မယ်လို့ ဦးမောင်မောင်သိမ်း ကပြောပေမဲ့ ဝင်ပြိုင်မယ့်သူ စာရင်းအတိအကျကို ထုတ်ပြန်နိုင်ခြင်း မရှိသေးဘူးလို့ ပြောပါတယ်။
လက်ရှိ အစိုးရအဖွဲ့ဝင်တွေအပြင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး ပါတီကနေ ရာထူးမြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တပ်မတော်သားဟောင်း ၅၉ ဦးလည်း ဝင်ရောက် ရွေးချယ်ခံမှာ ဖြစ်ပါတယ်။

ဒီလို တပ်မတော်သားဟောင်းတွေ ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံရာမှာ နေရာရွေးချယ်မှုနဲ့ ပတ်သတ်ပြီး ပြည်ခိုင်ဖြိုးပါတီက အထွေထွေတွင်းရေးမှုး ဦးမောင်မောင်သိမ်းက အခုလို ပြောပါတယ်။
“အဓိကအားဖြင့်ကတော့ တပ်မတော်သား ကိုယ်စားလှယ်တွေသည်၊ နံပတ်တစ် သူတို့ရဲ့ မွေးရာဇာတိ နေရာတွေမှာ ရွေးပါတယ်။ နံပတ်နှစ်ကတော့ သူတို့တာဝန်ထမ်းဆောင်ခဲ့တဲ့ အချိန်မှာ ဒေသခံပြည်သူတွေက သူတို့ရဲ့ဆောင်ရွက်ချက်တွေကို အသိအမှတ် ပြုပြီးတော့မှ တောင်းဆိုတာတွေ ရှိပါတယ်။ အဲဒီလို နေရာတွေမှာ ရွေးချယ်ပါတယ်။”

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့် ပြည်သူ့လွှတ်တော်မှာ တပ်မတော်သားဟောင်း ၁၉ ဦး၊ အမျိုးသားလွှတ်တော်မှာ တပ်မတော်သားဟောင်း ၇ ဦး၊ တိုင်းလွှတ်တော်မှာ တပ်မတော်သားဟောင်း ၃၃ ဦး၊ ပေါင်း ၅၉ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ဒီလိုလက်ရှိ အာဏာရပါတီထဲမှာ တပ်မတော်သားဟောင်းတွေနဲ့ ဝန်ကြီးတွေ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပေမဲ့ လာမယ့်ရွေး ကောက်ပွဲကို ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲလို အများဆုံး အနိုင်ရရှိမယ်လို့ မထင်ကြောင်း ပြည်ခိုင်ဖြိုးပါတီက အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက အခုလို ပြောပါတယ်။
“၂၀၁၀ တုန်းကတော့ ကျနော်တို့က ၇၆ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ အခု ၂၀၁၅ မှာတော့ ဒီလိုမျိုးတော့ မရနိုင်တော့ဘူး။ ကျနော်တို့လည်း အဲဒီလောက်အထိတော့ မမျှော်မှန်းပါဘူး။ သို့သော် ထိုက်တန်တဲ့ အချိုးတခုတော့ ကျနော်တို့ ရလိမ့်မယ်လို့ ကျနော်တို့ကိုယ် ကျနော်တို့ ယုံကြည်ပါတယ်။ မျှော်လည်း မျှော်လင့်ပါတယ်။”

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို ပြည်ခိုင်ဖြိုးပါတီကနေ ကိုယ်စားလှယ် ၁,၀၀၀ ကျော ်ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ကချင်နဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ မဲဆန္ဒနယ် ၃၀ ကျော်ကို မိတ်ဘက်ပါတီအတွက် ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ပြည်ခိုင်ဖြိုးပါတီက တရားဝင် ထုတ်ဖော်ပြောဆို ထားပါတယ်။

XS
SM
MD
LG