သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ နိုင်ကျဉ်း ၅၀ ထက်မနည်း လွတ်မြောက်


နိုင်ငံရေး အကျဉ်းသားအချို့ အစိုးရပြန်လွှတ်။ သတင်းဓာတ်ပုံ- စည်သူ(VOA) (ဇန်နဝါရီ ၂၂၊ ၂၀၁၆)
နိုင်ငံရေး အကျဉ်းသားအချို့ အစိုးရပြန်လွှတ်။ သတင်းဓာတ်ပုံ- စည်သူ(VOA) (ဇန်နဝါရီ ၂၂၊ ၂၀၁၆)

မြန်မာ အစိုးရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ အကျဉ်းသား ၁၀၀ ကျော် ဒီကနေ့ ပြန်လွတ် လာရာမှာ၊ အဲ့ဒီအထဲ နိုင်ငံရေး အကျဉ်းသား ၅၁ဦးထက် မနည်း ပါဝင်တယ် လို့ သိရပါတယ်။ ပညာရေး ပြုပြင်ပြောင်းလဲရေး အတွက် ဆန္ဒပြလို့ ထိန်းသိမ်းခံ ရတဲ့ ကျောင်းသားတွေ အပါအဝင် နိုင်ငံရေး လှုပ်ရှားသူ လေးရာကျော် ကတော့ အကျဉ်းထောင်တွေထဲ ရှိနေဆဲဖြစ်တယ်လို့ တတ်ကြွ လှုပ်ရှား သူတွေက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာ က စုံစမ်းမေးမြန်း ပြီး သတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရက လွတ်ငြိမ်းချမ်းသာခွင့် အရ အကျဉ်းသား ၁၀၀ကျော် ပြန်လည် လွတ်ပေးခဲ့တဲ့ အခါမှာ အင်းစိန်ထောင်၊ မန္တလေးအိုးဘိုထောင် ၊ မြစ်ကြီးနား အကျဉ်းထောင် ပြည်ထောင် ညောင်ဦးထောင် စတဲ့ အကျဉ်းထောင်တွေ ကနေ နိုင်ငံရေးအကျဉ်းသားတချို့ပါဝင်ပါတယ်။

အင်စိန်ထောင်ကနေ ၁၉လကြာ အကျဉ်းကျပြီး ပြန်လည် လွတ်မြောက်လာခဲ့သူ ကိုနောင်နောင်ကတော့ အခုလိုပြောပါတယ်။

" 401 ကို ကျနော်တို့က လက်သင့်မခံဘူး။ ခင်ဗျားတို့ လွှတ်ချင်လို့ရှိရင် ဒီအတိုင်း လွှတ်၊ လွှတ်လို့ရှိရင် 401 ထိုးမှ၊ လက်မှတ်ထိုးမှ လွတ်မယ်ဆိုရင် ရတယ် မလွှတ်နဲ့ ထောင်ထဲ ကျနော်တို့ ပြန်ဝင်မယ်ဆိုပြီး ကျနော်တို့ ဦးဘမြင့်တို့ပါ အားလုံးစုပြီး ပြောလိုက်တော့ ကျနော်တို့ လက်မှတ်တောင် မထိုးခဲ့ရဘူးဗျ။ ဒီအတိုင်း ထွက်လာတာပါပဲ။"

အင်းစိန်ထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ တက်ကြွလှုပ်ရှားသူ တဦးဖြစ်တဲ့ ကိုနေလင်းစိုး ကတော့ အမေရိကန်နိုင်ငံကနေ နိုင်ငံရေး အကျဉ်းသား ပြန်လွှတ်ပေးရေး ပြောဆိုတဲ့အတွက် ဟန်ပြသဘောနဲ့ နိုင်ငံရေး အကျဉ်းသား တချို့ကို လွှတ်ပေးတာလို့ ယူဆတယ်လို့ ပြောပါတယ်။

" ကျနော်ထင်တောတော့ အမေရိကန်က နိုင်ငံရေး အကျဉ်းသားပြန် လွှတ်ပေးဖို့ တောင်းဆိုတာနဲ့ပတ်သက်ပြီးတော့ သူတို့တွေ ပြောမယ်ဆိုရင် ကျနော်တို့ကို အလွှတ်ပြလိုက်တာပေါ့ဗျာ။ အလွှတ်ပြလိုက်တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အထဲမှာ ကျောင်းသားခေါင်းဆောင်တွေနဲ့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေ ကျန်သေးတယ်ပေါ့နော်။ အဲ့တော့ ဒေါ်ခင်ဝင်းသေဆုံးမှုကို ဆန္ဒဖော်ထုတ်တဲ့ ကိုနေမျိုးဇင်တို့ အန်တီနော်အုံးလှတို့ တင်ထွဋ်ပိုင်တို့ ကျန်ပါသေးတယ်။ "

မန္တလေး အိုးဘိုထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ ရတနာပုံ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုနိုင်ရဲေ၀ ကတော့ တက်ကြွလှုပ်ရှားသူတွေ အတော်များများကို ပြန်လွှတ်ပေးဖို့ လိုတယ်လို့ ပြောဆိုပါတယ်။

" ကျနော်ဆိုလို့ရှိရင်လည်း နောက်ထပ် တစ်လလောက်နေရင် ပြန် လွတ်ပြီလေ။ ပြန်လွတ်မယ့် ရက်နီးတဲ့သူတွေကိုပဲ သူတို့ပြန်လွှတ်တာ။ အဲ့ဒီ့တော့ ကျနော်တို့အနေနဲ့က ဝမ်းလည်း ဝမ်းမသာဘူး။ ကြိုလည်း မကြိုဆိုနိုင်ဘူး။ ဒီအစိုးရအနေနဲ့ တကယ်သာ တိုင်းပြည်အပေါ် ပြည်သူလူထုအပေါ် စေတနာ ထားတယ်ဆိုလို့ရှိရင် နိုင်ငံရေးအကျဉ်းသားတွေ၊ လယ်သမားတွေ တက်ကြွလှုပ်ရှားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ လိုပါတယ်။ "

ပြန်လည် လွတ်မြောက်လာသူတွေထဲမှာ ဘာသာရေး ယုံကြည်ချက်နဲ့ နှစ်ရှည် ထိမ်းသိမ်းခံထားရတဲ့ မိုးပြာဆရာတော် ဦးဉာဏလည်း မြစ်ကြီးနား အကျဉ်းထောင် ကနေ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ လယ်သမားရေး၊ အလုပ်သမားရေးနဲ့ တက်ကြွလှုပ်ရှားသူ တချို့ကိုသာ ပြန်လွှတ်ပေးလိုက်တဲ့ အကြောင်း နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ၁၀၀လောက် ကျန်နေသေးတယ် လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က တာဝန်ရှိသူကိုသက်ဦးကပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲရဲ့စာရင်းအရ ဆိုရင် အနည်းဆုံး ၃၃ဦးသာ ပါဝင်ပြီး စာရင်းထဲမှာ မပါဝင်တဲ့ ဘားအံအကျဉ်းထောင်ကနေ ၁၈ယောက်နဲ့ ဆိုရင်တော့ အများဆုံး ၅၁ဦး ပြန်လည် လွတ်မြောက် လာတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ကဆိုပါတယ်။

" ပြည်ထောင်က လေးယောက်၊ မြစ်ကြီးနားက နှစ်ယောက်၊ ပူတာအိုထောင်က တစ်ယောက်၊ အင်းစိန်ထောင်က ၁၉ယောက်၊ အိုးဘိုထောင်က တယောက်၊ ဘားအံထောင်က ၁၉ယောက်၊ စောမောင်ကြီးအပါအဝင် ၁၉ယောက် ဆိုတော့ စောမောင်ကြီးကလွဲရင် ကျန်တဲ့ ၁၈က နိုင်ကျဉ်းစာရင်းထဲမှာ မပါသေးဘူး။ တောင်ငူက သုံးယောက်၊ ညောင်ဦးက နှစ်ယောက်၊ အားလုံးပေါင်း ၅၁ ယောက်။"

အရပ်သားအစိုးရလက်ထက် မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ငြိမ်းသက်သာခွင့် အမည်တွေနဲ့ အကြိမ်ပေါင်း ၁၉ကြိမ်မှာ အကျဉ်းပေါင်း (၃သောင်းကျော်) လွှတ်ပေးခဲ့ ပါတယ်။ ဒီထဲမှာ နိုင်ငံရေး အကျဉ်းသား ၁၁၆၁ သာရှိခဲ့တယ် လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ အေအေပီပီ ကပြောပါတယ်။

အခုဆိုရင် အကျဉ်းထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသား ၁၀၀ခန့် ကျန်နေသေး သလို ထောင်ထဲမှာ ချုပ်နှောင်ခံနေရပြီး အမှုများစွာကို ရင်ဆိုင်နေရတဲ့ ကျောင်းသားနဲ့ တက်ကြွ လှုပ်ရှားသူပေါင်း ၄၇၁ယောက် ကျန်နေသေးတယ် လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ကလည်း ပြောဆိုပါတယ်။

XS
SM
MD
LG