သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်း ဖြိုခွဲမှု ၂၈ လပြည့် ဆန္ဒထုတ်ဖော်


ပုသိမ်၊ မုံရွာကားလမ်းမပေါ်မှာ လက်ပံတောင်းတောင် စီမံကိန်းရပ်တန့်ရေးကန့်ကွက်ဆန္ဒပြမှု ၂၈ လပြည့် ဒေသခံတွေရဲ့ ဆန္ဒဖော်ထုတ်မှုမြင်ကွင်း။ (ဓာတ်ပုံ-ကိုဟန်ဝင်းအောင် fb/မတ် ၂၉၊ ၂၀၁၅)
ပုသိမ်၊ မုံရွာကားလမ်းမပေါ်မှာ လက်ပံတောင်းတောင် စီမံကိန်းရပ်တန့်ရေးကန့်ကွက်ဆန္ဒပြမှု ၂၈ လပြည့် ဒေသခံတွေရဲ့ ဆန္ဒဖော်ထုတ်မှုမြင်ကွင်း။ (ဓာတ်ပုံ-ကိုဟန်ဝင်းအောင် fb/မတ် ၂၉၊ ၂၀၁၅)

လက်ပံတောင်းတောင်မှာ ဒေသခံနဲ့ သံဃာ (၁၀၀) လောက်ကို ဒဏ်ရာရစေတဲ့ အကြမ်းဖက်ဖြိုခွင်းမှု ၂၈ လပြည့်လာပြီဖြစ်ပေမယ့် အခုထိ ဖြိုခွင်းမှုမှာ တာဝန်ရှိသူတွေကို အာဏာပိုင်တွေဘက်က အရေးယူတာမျိုးမရှိသေးတဲ့အတွက် ချက်ချင်း အရေးယူဆောင်ရွက်ပေးဖို့ လက်ပံတောင်းတောင် ဒေသခံတွေကရော ရန်ကုန်မြို့က တက်ကြွလှုပ်ရှားသူတွေကပါ ဒီကနေ့တောင်းဆို ဆန္ဒ္ဒပြခဲ့ကြပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂၉နေ့က လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဖျက်သိမ်းရေးအတွက် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့တဲ့သံဃာတွေနဲ့ အရပ်သားတွေကို အကြမ်းဖက်ဖြိုခွဲခဲ့ပေမယ့် အခု ၂၈ လပြည့်ခဲ့ချိန်အထိ တာဝန်ရှိသူတွေကို အရေးယူတာမျိုးမရှိသေးတဲ့အတွက် ဒီကနေ့ လက်ပံတောင်းတောင်မှာရော ရန်ကုန်မှာပါ ဆန္ဒ္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

အသိမ်းဆည်းခံနေရတဲ့ မြေယာတွေပြန်ရရေးနဲ့ သံဃာတော်တွေ မီးလောင်ဒဏ်ရာရရှိစေခဲ့တဲ့ တာဝန်ရှိသူတွေကို အရေးယူပေးဖို့အပြင် ကြေးနီးစီမံကိန်း ဖျက်သိမ်းရေးကို လက်ပံတောင်းဒေသခံတွေက အဓိကတောင်းဆိုခဲ့ကြပါတယ်။ ဒေသခံတောင်သူတဦးကတော့ မြန်မာဝမ်ပေါင်ကုမ္ပဏီရှေ့မှာ ဆန္ဒပြ သူတွေကို အာဏာပိုင်တွေက ပိတ်ဆို့ တားဆီးထားကြောင်း ပြောပြပါတယ်။

“ဒီနေ့ကတော့ မီးလောင်ဗုံးတရားခံ ဖော်ထုတ်ပေးရေး-ဆိုပြီး ဝမ်ပေါင်ရှေ့မှာ ကျမတို့ ဆန္ဒဖော်ထုတ်နေတာလေ။ အဲဒီ ပြည်သူ့ရဲတွေက ရှေ့ကနေပြီး သံဆူးကြိုးတွေနဲ့တားနေတယ်။ လုံခြုံရေးအင်အားတွေက များနေတော့ ညီမတို့ဘက်က ဝင်လို့မရဘူး။ ညီမတို့မြေတွေဆိုတာက ရွှေဆိုလည်းဟုတ်တယ်၊ ငွေဆိုလည်း ဟုတ်တယ်လေ၊ အဲဒီတော့ ညီမတို့ မြေတွေကို မရောင်းနိုင်ဘူး။ မရောင်းနိုင်တဲ့အတွက် ညီမတို့ ဆန္ဒထုတ်ဖော်တာ။”

ရန်ကုန်မြို့မှာတော့ လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားတဲ့ ဒီမိုကရေစီအင်အားစုတွေက ရန်ကုန်သိမ်ကြီးဈေးကနေ စတင်ပြီး ရန်ကုန်မြို့တော် ခန်းမရှေ့ လွတ်လပ်ရေးကျောက်တိုင်အထိ ချီတက်ဆန္ဒပြရာမှာ အတားအဆီး နှစ်ကြိမ်ကြုံခဲ့ရတယ်လို့ ဆန္ဒပြသူတဦးကပြောပါတယ်။

“မီးလောင်ဗုံးနဲ့ဖြိုခွင်းခဲ့တာ ၂၈ လ ပြည့်တယ်။ အလုပ်သမားထု၊ ကျောင်းသားထုကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ အကြမ်းဖက်မှု၊ မီးလောင်ဗုံး သံဃာတွေကို ထိတဲ့အကြမ်းဖက်မှု၊ ဒေါ်ခင်ဝင်းသေဆုံးခဲ့ရတဲ့အကြမ်းဖက်မှု- အဲဒါတွေကို ဆန့်ကျင်တဲ့အနေနဲ့ ကျနော်တို့ထွက်ရခြင်းဖြစ်တယ်။ အာဏာပိုင်တွေ တားဆီးပါတယ်။ စစထွက်တဲ့အချိန် သိမ်တော်ကြီး…ရှေ့မှာ တခါတားတယ်။ ဆူးလေ၊ ဗန္ဓုလလမ်းနဲ့ ဆူးလေဘုရား..နားမှာ တခါတားပါတယ်။”

လက်ပံတောင်းတောင်ဒေသမှာ မြန်မာ့စီးပွာရေးဦးပိုင် ကုမ္ပဏီလီမိတက်နဲ့မြန်မာဝမ်ပေါင် ကုမ္ပဏီတို့ဆီကနေ လျော်ကြေးယူမထားကြတဲ့ တောင်သူတွေရဲ့ လယ်မြေတွေကိုပါ သိမ်းဆည်းပြီး ခြံစည်းရိုးခတ်ထားတဲ့အတွက် ဒေသခံတွေအနေနဲ့ စာဝတ်နေရေးခက်ခဲနေတယ်လို့ လည်း တောင်သူတဦးက ပြောပါတယ်။

“ဒီမြေတွေကိုမှ လုပ်မစားရတော့ဘူးဆိုရင် ပြည်သူတွေရဲ့အခြေအနေကတော့ လုပ်စားစရာကို ဘာမှကို မရှိတော့ဘူး။ ကျမတို့ဟာ အခုဆိုလို့ရှိရင် ဝမ်ပေါင်၊ ဦးပိုင်နဲ့ လမ်းဆုံမှာ - ပုသိမ်၊ မုံရွာလမ်းမ လမ်းဆုံမှာ ထွက်တောင်းစားမယ်လို့ကို စဉ်းစားထားတာပါ။ ”

လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့ ၃ နှစ်ခန့်ကစပြီး ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၈ လ ကတော့ ဆန္ဒပြသူတွေရဲ့သပိတ်စခန်း အဖြိုခွဲခံခဲ့ရပြီး ဒေသခံနဲ့သံဃာ ၁ဝဝ နီးပါး မီးလောင်ဒဏ်ရာမတွေရခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စစ်ဆေးခဲ့သလို အစီရင်ခံစာတစောင်လည်း ထုတ်ပြန်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အကြံပြု အစီရင်ခံစာကို ကုမ္ပဏီတွေဘက်က လိုက်နာမှု မရှိသလို အခုချိန်ထိလည်း လွှတ်တော်မှာ တင်ပြခွင့်မရသေးဘူးလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

“လွှတ်တော်ဥက္ကဋ္ဌက တာဝန်အရှိဆုံးပေါ့လေ။ လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုမှသာ ကျမတို့က လွှတ်တော်ထဲမှာ ပြောလို့ရမှာကိုး။ အခုက လွှတ်တော် ဥက္ကဋ္ဌက ခွင့်မပြုသေးတော့ ကျမတို့က လွှတ်တော်ထဲမှာ အခုအချိန်အထိ ပြောလို့မရသေးဘူး။”

လက်ပံတောင်းတောင်က လျော်ကြေးမယူထားတဲ့လယ်ယာမြေတွေကို ခြံစည်းရိုးခတ်သိမ်းဆည်းရာကစလို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတော့ ဒေသခံတွေနဲ့ အာဏာပိုင်တွေကြား အခြေအနေတင်းမာခဲ့ပြီး ဒေသခံတဦး သေနတ်ဒဏ်ရာနဲ့သေဆုံးခဲ့ရသလို ဒေသခံ အတော်များများ ထိခိုက်ဒဏ်ရာများရခဲ့ပါတယ်။

XS
SM
MD
LG