သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ UNA သဘောထား


ဦးသိန်းစိန်အစိုးရလက်ထက်မှာ ချုပ်ဆိုခဲ့တဲ့ NCA ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ရဲ့ အားနည်းချက်တွေကို ကျော်လွှားပြီး၊ NCA မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်လက် ညှိနှိုင်းနိုင်မယ်ဆိုရင် NLD အစိုးရက လုပ်ဆောင်နေတဲ့ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်မှာဖြစ်ကြောင်း UNA လို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ မဟာမိတ်အဖွဲ့က ပြောဆိုလိုက်ပါတယ်။ UNA ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းညွန့်လွင်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားတာပါ။

မေး - ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရက အကောင်အထည်ဖော်မယ့် တိုင်းရင်းသားအပစ်ရပ် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ လက်တွေ့မှာပေါ့ ဘယ်လောက်အထိ အောင်မြင်အောင် လုပ်သွားနိုင်မယ်လို့ ဦးစိုင်းညွန့်လွင်တို့ရဲ့ UNA ဘက်က သုံးသပ်ထားတာ ရှိပါသလဲ။

ဖြေ - “အမှန်မှန်ကတော့ NLD အစိုးရအနေနဲ့ သေချာလုပ်မယ်ဟေ့ဆိုရင် အောင်မြင်မှုလမ်းစတွေ အများကြီးရှိတယ်။ အခွင့်အလမ်းတွေ အများကြီးရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် သူက အရင်တုန်းက အခက်အခဲတွေ အကျပ်အတည်းတွေ ဖြစ်ခဲ့တဲ့ကိစ္စကို သူက အသစ်ပြန်ရှင်းလိုက်လို့ရှိရင် အလားအလာ ပိုရှိတယ်လို့ ထင်ပါတယ်။ ကျနော်တို့လည်းပဲ ဒီတိုင်းရင်းသားအရေးနဲ့ ပတ်သက်လာရင်တော့ ကျနော်တို့လည်း ပါဝင်ပတ်သက်နေတယ် ဆိုပေမဲ့တောင်မှ ကျနော်တို့တောင် ဘာမှ သေသေချာချာ တိတိကျကျ မသိရသေးပါဘူး။”

မေး - ဆိုတော့ NLD အစိုးရက တိုင်းရင်းသားအရေးကို ကိုင်တွယ်ဖြေရှင်းတဲ့ကိစ္စမှာ ဘယ်လိုဟာတွေက လိုအပ်ချက်တွေ ရှိနေမယ်လို့ မြင်ပါသလဲ။

ဖြေ - “ကျနော် ထင်တယ်။ အတွေ့အကြုံမှာတော့ စကားပြောလိမ့်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ အရင် ဦးသိန်းစိန်အစိုးရတုန်းက NLD ပါတီဘက်က အများကြီး ပါဝင်မှု သိပ်မရှိခဲ့ဘူး။ အခုက အစိုးရအနေနဲ့ ဦးဆောင်ပြီးတော့ ဆွေးနွေးရမယ်ဆိုတော့ အတွေ့အကြုံက စကားပြောပါလိမ့်မယ်။ ဥပမာဗျာ NCA စာချုပ် လက်မှတ်ထိုးတဲ့အထိမှာက များများစားစား မပါခဲ့ဘူး။ မပါခဲ့တဲ့အခါကျတော့ ဒီ NCA ကိုပဲ ဆက် စွဲကိုင်မလား။ ဒါမှမဟုတ်လည်း ဘယ်လိုနည်းနဲ့ နောက်တခုသွားမလားဆိုတာ ဆုံးဖြတ်ရတော့မယ်။ ဦးဆောင်မှုပေးပြီးတော့ သူက ဆောင်ရွက်ရတော့မှာပေါ့။”

မေး - အဲတော့ ဦးစိုင်းညွန့်လွင်တို့အနေနဲ့က ဒီတိုင်းရင်းသား ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ကိစ္စမှာ အရင် အစိုးရလက်ထက်က လုပ်ဆောင်ခဲ့တာကိုပဲ NLD အစိုးရက ဆက်ပြီးတော့ လုပ်သွားစေချင်တဲ့သဘော ရှိသလား၊ ဒါမှမဟုတ်ရင် ပုံသဏ္ဍန်အသစ်တခုနဲ့ လုပ်ဆောင်တာမျိုးက ပိုကောင်းမယ်လို့ တွေးထားတာ ရှိပါသလား။

ဖြေ - “NLD က ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်တဲ့အခါကျတော့ ဒီကိစ္စကို ကျနော်တို့ဘက်ကနေပြီးတော့ စဉ်းစားဆုံးဖြတ်တာ မရှိသေးဘူးခင်ဗျ။”

မေး - နောက်တခုက ၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် ၂ လလောက်အတွင်းမှာ အကောင်အထည်ဖော် လုပ်ဆောင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရည်မှန်းထားပါတယ်။ အဲတော့ ဒီ ၂ လတာ ကာလအတွင်းဆိုတာက အကောင်အထည်ဖော်ဖို့ ဖြစ်လာနိုင်ပါသလားခင်ဗျ။

ဖြေ - “သေချာဖတ်ကြည့်တဲ့အခါမှာ ၂ လခွဲလောက်အတွင်းမှာ ဖြစ်ချင်တယ်လို့ အမက ပြောတာပါ။ ကျနော်တို့က စိုးရိမ်နေတယ်၊ စိတ်ပူနေတယ် ဆိုပြီးတော့ ထိုင်နေလို့ မရပါဘူး။ အားလုံးက တရားဝင်ပဲဖြစ်ဖြစ်၊ တရားမဝင်ပဲဖြစ်ဖြစ်၊ ဆွေးနွေးပွဲတွေက စကို စနေရမှာပါ။ ဆွေးနွေးခြင်းအားဖြင့် လက်နက်နဲ့ဖြစ်တဲ့ ပဋိပက္ခတွေကို ကျနော်တို့ ငြိမ်းအောင်ပဲ လုပ်နိုင်မှာပါ။ ဒီလက်နက်နဲ့ ပဋိပက္ခကို ဖြေရှင်းတယ်ဆိုရင် ဒါ ပြီးမှာမဟုတ်ပါဘူး။ နောက်ပြီးတော့ ရန်ငြိုးတွေ ပိုကြီးလာမယ်။ ထိခိုက်နစ်နာမှုတွေလည်း ပိုများလာမယ်။ ကျနော်တို့လိုင်းကတော့ ဆွေးနွေးရေးလိုင်းပါပဲ။”

မေး - NLD ပါတီက တိုင်းရင်းသားပါတီတွေနဲ့ ထိတွေ့ဆက်ဆံမှု၊ နွေးထွေးမှု၊ နည်းတယ်လို့ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိပါတယ်။ ဒီအချက်ပေါ်မှာရော။

ဖြေ - “အခုက လောလောဆယ်မှာတော့ NLD ပါတီရဲ့ အစိုးရအနေနဲ့ လုပ်ငန်းတွေ ဝင်နေတဲ့အခါကျတော့ သူ့မှာလည်း လုပ်ရမယ့်လုပ်ငန်းတွေက အများကြီးဖြစ်နေတယ်။ ဒီအပေါ်မှာ ကျနော်တို့ဘက်က နားလည် သဘောပေါက်ပါတယ်။ တခုက ကျနော်တို့က NLD ပါတီကို ဘယ်လို ဆက်သွယ်ရမလဲ။ အဲဒါတွေက ရှိသေးတယ်လေ။ NLD ပါတီပိုင်းက အတွင်းရေးမှူး ၅ ယောက်ထဲက ဘယ်သူတွေက ဘာတာဝန်တွေရှိသလဲဆိုတာ ကျနော်တို့မှာလည်း ရှင်းရှင်းလင်းလင်း မရှိဘူးဖြစ်နေတယ်။”

မေး - အဲတော့ ဒီ ပင်လုံလိုမျိုးပေါ့ တိုင်းရင်းသားအားလုံး ညီညွတ်တဲ့သဘောတူညီချက်ရပြီးတော့ ငြိမ်းချမ်းလာဖို့ဆိုရင် ဘယ်လိုစိန်ခေါ်ချက်တွေကို ကျော်လွှားရမယ်လို့ ထင်ပါသလဲ။

ဖြေ - “ပထမဦးဆုံးတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲအောင် လုပ်ကြမယ်။ ပြီးရင် နိုင်ငံရေးသဘောတူညီချက်ရအောင် ကြိုးစားမယ်။ အဲဒီ နိုင်ငံရေးသဘောတူညီချက်သည် အခြေခံဥပဒေရဲ့ အခြေခံမူတွေဖြစ်မယ်။ အဲဒီလိုင်းကို သွားနေကြတာပဲ။ အခုက တိုင်းရင်းသားတွေက နိုင်ငံချစ်စိတ်ထက်စာရင် မျိုးချစ်စိတ်က ပိုများနေတယ်။ အဲဒီအချက်က နည်းနည်း အခက်အခဲဖြစ်စေမယ်။ အဲဒီအချက်ကို ကျော်လွှားနိုင်တယ်ဆိုရင်တော့ ကျနော်တို့ အောင်မြင်မှု ရမှာပါ။”

XS
SM
MD
LG