သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်း ဒေသတချို့ မိုးသည်း ရေကြီး


စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင်း ရေကြီး။ သတင်းဓာတ်ပုံ- ကိုအောင်မျိုးဝေ ကောလင်း။
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင်း ရေကြီး။ သတင်းဓာတ်ပုံ- ကိုအောင်မျိုးဝေ ကောလင်း။

မြန်မာနိုင်ငံအတွင်း လွန်ခဲ့တဲ့ လပိုင်းတွေတုန်းက မိုးသည်း၊ ရေကြီးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ စစ်တိုင်းဒေသကြီး ၊ ကောလင်းနဲ့ ကလေးမြို့တို့အပါအဝင် တခြားဒေသတွေမှာ အခုရက်ပိုင်းအတွင်း မိုးသည်း၊ ရေကြီးမှုတွေ ထပ်မံ ဖြစ်ပေါ်နေပါတယ်။ ကောလင်းမြို့ပေါ် ရပ်ကွက်တွေက ရေကြီးမှုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုကျော်လောက်အတွင်း အဆိုးရွားဆုံးဖြစ်ပြီး ရဲစခန်းအတွင်းက အကျဉ်းသားတွေနဲ့ ဆေးရုံက လူနာတွေကိုပါ ဘေးကင်းရာ ကို ရွေ့ပြောင်းပေး ထားရတယ်လို့ ရေဘေး ကယ်ဆယ်ထောက်ပံ့ရေးနဲ့ ပြန်လည်ထူထောင်ရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

စစ်ကိုင်းတိုင်း ဒေသကြီး ကောလင်းမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ကနေ အခုချိန်ထိ မိုးတွေ ဆက်တိုက်ရွာခဲ့တဲ့ အရှိန်နဲ့ အထက် ဝန်းသိုမြို့က ဆင်းလာတဲ့ ရေတွေကြောင့် နေ့တွင်းချင်း ရေကြီး ရေလျှံမှုတွေ ရုတ်တရက် ဖြစ် သွားခဲ့တယ်လို့ ရေဘေး ကယ်ဆယ် ထောက်ပံ့ရေး နဲ့ ပြန်လည် ထူထောင်ရေးအဖွဲ့က အတွင်းရေးမှူး ဦးအောင်မျိုးဝေက ဗွီအိုအေကို ပြောပါတယ်။

" နေ့လည်နှစ်နာရီမှာ ဒေါင်းမြူး သတင်းကြားတာပေါ့။ ဒေါင်းမြူးလာပြီဆိုတော့ ဟုတ်ပြီ ဘယ် အခြေအနေလောက် ရှိလဲ ဆိုတော့ ကျနော်တို့က ဒေါင်းမြူး မှာ နှစ်နာရီမှာ သတင်းရတုန်းက ဒီလောက်ဆိုးမယ် မထင်ဘူး။ လေးနာရီ၊ ငါးနာရီမှာ ဝန်းသိုမှာ ရေက ကျ သွားပြီတဲ့ မြို့ထဲကို ဒူးဆစ်လောက် ဝင်ပြီး ပြန်ကျသွားတယ်ပေါ့။ အဲ့ရေက ကောလင်းကို လာမှာတော့ သိတယ်။ ဒါပေမဲ့ ရေအားက သူတို့ပြောတာကို ကျနော်တို့က ဒီလောက်ကြီးတော့ ဖြစ်လိမ့်မယ်လို့ မထင်ဘူး။ ဒါပေမဲ့ အားလုံးတော့ မြို့က အကုန် ဝိုင်းဆော်သြ လိုက်တယ်ပေါ့နော်။ လူကြီးတွေ ဘာတွေ ဘေးလွတ်ရာ ကို ရွှေ့ကြဖို့ ဘာညာ အော်လိုက်တယ်။ အော်ပြီးတော့မှ ဒါ မထင်မှတ်ပဲ ဖြစ် သွားတာကတော့ အရင် ၉၅ ရေထက်ကို သူက များသွားတာ။ စံချိန်တင်သွားတာ။ ၉၅ရေတုန်းက ဝန်းသိုမှာ လူတွေ အသေအပျောက် အများဆုံးဖြစ်တဲ့ရေ၊ ဆယ်စုနှစ် နှစ်ခုကျော်။ နှစ်ပေါင်း ၃၀၊ ၄၀ အတွင်းမှာ အကြီးဆုံးက ၉၅ ရေလေ။ ၉၅ရဲ့နောက်မှာ ကြီးဖူးတာ တခါမှ မရှိတော့ဘူး။ အခုက ၉၅ထက် သာသွားတာပေါ့ ဒီရေက။ မြို့ပေါ်မှာ ကျနော်တို့ ည ၈နာရီ၊ ၉နာရီက အမြင့်ဆုံး ရေဝင်တဲ့အချိန်လို့ သတ်မှတ်ရမယ်။ အဲ့ဒီ့အချိန်မှာ ပေနဲ့ဆိုရင်တော့ဗျာ မြို့လည်ခေါင် ဈေးကုန်းနားမှာ အနည်းဆုံး လေးပေ၊ ငါးပေလောက်အထိ ရောက်သွားတာ။ တခါမှ ရေ မတက်ဖူးတဲ့နေရာတွေမှာ လေး၊ ငါးပေလောက် ရောက်သွားတာပေါ့။ ဆယ်ပေ၊ ဆယ့်နှစ်ပေ နောက်ပြီးတော့ ဝါးတရိုက်တွေဖြစ်သွားတာပေါ့။ "

ရေကြီးမှုအတိုင်းအတာ ကြီးမားလွန်းတဲ့အတွက် အချုပ်သားတွေနဲ့ ဆေးရုံက လူနာတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဘေးကင်းရာ ကို ရွှေ့ပြောင်းပေးလိုက်ရတယ်လို့ ဆိုပါတယ်။

" ရဲစခန်းက အချုပ်သားတွေ ဈေးကုန်းကြီးကို ရွှေ့လိုက်တယ်။ ရဲစခန်းက အချုပ်သားတွေကို ရွှေ့ပြီးတော့မှ လုံခြုံရေး တာဝန်ယူထားတယ်။ ဆေးရုံထဲလည်း အကုန်ဝင်တယ်။ ဆေးရုံထဲမှာလည်း လူနာတွေ ကိုလည်း အရေးပေါ် အဆောင်သစ်တွေ ဘာတွေ ပြောင်းရွှေ့ထားရတယ်။ အနောက်ဘက်မှာ ရုံးရှိတော့ ရုံးပေါ်ကို ပြောင်းရွှေ့ရတာတွေရှိတယ်။ "

အသစ်ထပ်ဖြစ်တဲ့ ရေကြီးမှုဒဏ်ကြောင့် ဘေးဒုက္ခရောက်နေသူတွေအတွက် ထမင်းထုပ်နဲ့ စားစရာတွေ အပြင် တခြား လိုအပ်တဲ့အကူအညီတွေကို ဒီကနေ့မနက် လိုက်ဝေမယ်လို့ ကိုအောင်မျိုးဝေက ပြောပါတယ်။

တချိန်ထဲမှာပဲ ပြီးခဲ့တဲ့အခေါက် ရေကြီးမှုတွေအတွင်း အဆိုးရွားဆုံး ခံခဲ့ရတဲ့ ဒေသ တခုဖြစ်တဲ့ ကလေးမြို့မှာလည်း မိုးသည်း ရေကြီးမှုတွေ ထပ်မံ ဖြစ်သွားခဲ့တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးတွေ အခက်အခဲတွေ ရှိနေတယ်လို့ ကလေးမြို့ စမ်းချောင်းကျောင်းက ဆရာတော် ဦးပညာနန္ဒက အခုလို မိန့်ကြားပါတယ်။

"ယာယီထိုးတဲ့ တံတားတွေက အားလုံးလောက်နီးနီး ပြန်ပျက်တယ်ဗျ။ အရင်တံတားတွေက ယာယီပဲ ထိုးထားနိုင်ကြတာလေ။ တံတားက ဘုန်းကြီးတို့ သတင်းရသလောက်ဆိုရင် ငါးခုလောက်ပျက်သွားပါတယ်ဗျ။"

မေး။ ။ ဒီတံတားတွေက ပြည်သူလူထု သွားရေး လာရေးအတွက် ဘယ်လောက်များ အခရာကျပါသလဲဘုရား။ အရေးပါတဲ့ တံတားတွေများ ပါပါသလားဘုရား။

"အရေးပါ ပါတယ်ခင်ဗျား။ ကလေးမြို့ရဲ့ အနောက်မြောက်ပိုင်း ရာဇဂြိုလ်နဲ့ ကလေးမြို့ကြားမှာ လမ်းတလမ်းရှိတယ်ဗျ။ ကလေးမြို့ အနောက်ပိုင်း ဆက်သွယ်တဲ့လမ်းမှာ ချောင်းကလည်း ချောင်းကြီး သုံးချောင်းလောက်ရှိတယ်။ အဲ့တာကလည်း ယာယီတံတားတွေ ထိုးထားရပါတယ်။ ရွာကြီးတွေအနေနဲ့လည်း အိမ်ခြေတစ်ထောင်ပတ်ဝန်းကျင် ရွာကြီးတွေကို ဆက်သွယ်တာဆိုတော့ ကလေးမြို့နဲ့ အဆက်အသွယ် အားကြီးများတဲ့ ဒေသပါဗျ။"

မြန်မာနိုင်ငံ မိုးလေဝသဌာနက စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တို့ အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း မိုးရွာခဲ့ပြီး - ဒီကနေ့ညနေထိ ခန့်မှန်းချက်အရလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ် အတော် များများမှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း၊ ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မြန်မာအစိုးရက ဦးဆောင်ပြီး ရေဘေးသင့်ဒေသ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ အတွက် ပြည်တွင်း ၊ ပြည်ပက ပညာရှင်တွေနဲ့ စီမံကိန်းတွေ ရေးဆွဲ လုပ်ဆောင်နေဆဲ ကာလမှာပဲ အရင် ရေကြီးမှုတွေ ဆိုးဆိုးရွားရွား ရင်ဆိုင်ခဲ့ရတဲ့ ဒေသတွေမှာ အခုလို မိုးသည်း ရေကြီးမှုတွေ ထပ်မံဖြစ်ပေါ်နေတာပါ။

XS
SM
MD
LG