သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာစက်လှေမှောက် အသက်ဆုံးရှုံးမှုအပေါ် ကုလနဲ့ ကန် စိုးရိမ်


မြန်မာနိုင်ငံအနောက်ပိုင်း စစ်တွေကမ်းရိုးတန်း လှိုင်းထန်တဲ့ ပင်လယ်ထဲမှာ ဆင်တက်မော် မူဆလင်ဒုက္ခသည်စခန်းကနေ ဈေးဝယ်ထွက်လာတဲ့လှေ နစ်မှောက်ခဲ့တဲ့အတွက် ရိုဟင်ဂျာဒုက္ခသည် ၂၁ ဦး သေဆုံးသွားတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စည်းရုံးဆက်သွယ်ရေးရုံး UNOCHA အပြင် ရန်ကုန်အမေရိကန်သံရုံးကလည်း စိုးရိမ်မကင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ လူမျိုးရေး၊ ဘာသာရေးကို အခြေခံတဲ့ ပဋိပက္ခတွေ ဖြစ်အပြီးမှာတော့ ရခိုင်ပြည်နယ်အတွင်းမှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှုတွေကြောင့် ဒုက္ခသည်စခန်းတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီထဲမှာ ဆင်တက်မော်လို့ခေါ်တဲ့ မူဆလင် ဒုက္ခသည်စခန်းဟာ အကြီးဆုံး ဒုက္ခသည်စခန်းထဲမှာ တခု ပါဝင်တာပါ။

ဒီထဲက ဒုက္ခသည်တွေဟာ ဈေးဝယ်ထွက်ဖို့ လှေစီးရင်း ကလေးတွေ အပါအဝင် လူ ၂၀ ထက်မနည်း လှေမှောက် သေဆုံးခဲ့ရတယ်လို့ စစ်တွေမြို့က ရပ်မိရပ်ဖတဦးဖြစ်တဲ့ ဦးသန်းထွန်း က ပြောပြပါတယ်။ “ဆင်တက်မော် ဒုက္ခသည်စခန်းကနေ သူတို့က ခွင့်ပြုချက်မရှိဘဲ လှေနဲ့ ဈေးလာဝယ်တာပေါ့ သဲချောင်းဘက်ကိုလေ။ မူဆလင်ဒုက္ခသည်စခန်းလေ။ အဲတော့ သဲချောင်းအဝင်ဝမှာ လှေမြုပ်တယ်လို့တော့ ပြောတာပဲ။ ကျနော်တို့ ကြားရသလောက်တော့ သေဆုံးတာ ၁၈ ယောက်ရှိတယ်လို့ ပြောတယ်။ ကျနော်တို့ ကြားရသလောက် ၃၊ ၄ ယောက်ပဲ ပျောက်ဆုံးတယ်လို့ ကြားတယ်။ အလောင်းတွေ့တာပေါ့။ တခြားသူတွေကတော့ အသက်ရှင်လျက် ရှိတယ်လေ။ အသက်ရှင်လျက် ကယ်နိုင်လိုက်တယ်ပေါ့။ ကမ်းပေါ်ရောက်လာတာပေါ့။ သူတို့တွေက ကျနော်တို့ သိရသလောက်ကလေ ဆင်တက်မော်တို့လို ဒုက္ခသည်စခန်းက လူတွေက သဲချောင်းဘက်ကို ဈေးလာဝယ်မယ်ဆိုရင် လုံခြုံရေးတပ်ဖွဲ့ဆီ သတင်းပို့၊ ခွင့်ပြုချက်နဲ့ သွားတဲ့ဟာ ရှိတယ်လေ။ တရားဝင်ပေါ့။ ဒါပေမဲ့ ကျနော်တို့ အခု ကြားရတဲ့ ဒီစက်လှေက ခွင့်ပြုချက်မရှိဘဲ ကိုယ့်ဟာကိုယ် ခိုးထွက်လာခဲ့တာလို့ ပြောတာပဲ။ ကျနော်တို့ ကြားရသလောက်ပြောတာနော်။ ၁၈ ယောက် ကတော့ သေချာသလောက်ရှိပါတယ်။ တချို့တွေကတော့ စစ်တွေဆေးရုံပို့တာတို့ နော် ဆေးပေးခန်းပို့တာတို့တော့ ကြားတယ်။ ဒါပေမဲ့ အဲဒါတွေက သိပ် ကြီးကြီးမားမား serious တွေ မဟုတ်ဘူးလေ။”

ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စည်းရုံးဆက်သွယ်ရေးရုံး UNOCHA ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဂျက်နက် ဂျက်ဆင်ရဲ့ ထုတ်ပြန်ချက်ကိုတော့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ စည်းရုံးဆက်သွယ်ရေးရုံး UNOCHA ရဲ့ ပြောဆိုခွင့်ပုဂ္ဂိုလ် Pierre Péron က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“လောလောဆယ် ခန့်မှန်းခြေ ကလေး ၉ ယောက် အပါအဝင် သေဆုံးသူ ၂၁ ယောက်ရှိပြီး၊ ခုချိန်ထိ ရှာမတွေ့သေးတဲ့လူ ဘယ်နှစ်ယောက်လောက် ရှိမလဲ မသိရသေးပါဘူး။ ဒဏ်ရာရတဲ့လူ ၆ ယောက် ထက်မနည်းကို စစ်တွေဆေးရုံနဲ့ သက်ကယ်ပြင်ကျန်းမာရေးဌာနမှာ ဆေးကုသပေးနေပါပြီ။ ကုလသမဂ္ဂနဲ့ NGO ဝန်ထမ်းတွေကတော့ အခင်းဖြစ်ပွားတဲ့ နေရာကနေ ဒဏ်ရာရတဲ့လူတွေ သယ်ယူပို့ဆောင်ရေးနဲ့ သက်ကယ်ပြင် ကျန်းမာရေးဌာနကို လက်ရှိ အခြေအနေထက် ပိုပြီး ကုသပေးနိုင်စွမ်းရှိအောင် လိုအပ်တဲ့ ဆေးဝါးတွေ ပံ့ပိုးပေးနေပါတယ်။ ကုလသမဂ္ဂအနေနဲ့ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ အရေအတွက် အတည်ပြုနိုင်ရေးနဲ့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့အတွက် ဒေသခံအာဏာပိုင်တွေနဲ့ ဆက်သွယ် ဆောင်ရွက်နေပါတယ်။”

ရခိုင်အမျိုးသားပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင် ကတော့ သေဆုံးသူ အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

“သေဆုံးတာတော့ရှိတယ်။ ဘယ်လောက်သေဆုံးတယ် ခန့်မှန်းခြေ ဘယ်လောက်ပါတယ်ဆိုတဲ့ အဲ့စာရင်းကို ကျနော်တို့လည်း အတိအကျမရဘူး။ ဒုက္ခသည်ဆိုတာကတော့ မူဆလင်ပဲ ရှိတာပေါ့နော်။ ရခိုင်လူမျိုးတွေကတော့ ကိုယ့်ဒေသကိုယ့်နေရာမှာ အေးဆေးပဲလေ။ အမြဲတမ်း သူတို့က ဟိုဘက်မှာ သဲချောင်းတို့ စစ်တွေအနားမှာရှိတဲ့ စခန်းမှာပေ့ါနော် ကျနော်တို့ ပေါက်တောမြို့နယ် အနောက်ဘက်ကမ်းမှာ ဒုက္ခသည်စခန်းမှာ အမြဲတမ်းကို ကူးလူးဆက်ဆံမှု ရှိကြတာပေါ့။”

ဆင်တက်မော် ဒုက္ခသည်စခန်းကနေ ကလေးလူကြီး ၆၀ ကျော် ပါဝင်တဲ့လှေဟာ ပေါက်တောမြို့ ဆင်တက်မော် ဒုက္ခသည်စခန်းကနေ ဈေးကိုသွားတဲ့လမ်းမှာ နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ ဆင်တက်မော်ရွာဟာ စစ်တွေမြို့နဲ့ ၉ မိုင် အကွာမှာ ရှိပါတယ်။ အရင်ကတည်းက အဲဒီရွာတွေနဲ့ ပေါက်တောမြို့ခံတွေဟာ စစ်တွေမြို့မဈေးမှာ ဈေးလာဝယ်လေ့ ရှိပါတယ်။ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ သင်္ကြန်ပိတ်ရက် အပြီးမှာကတည်းက အလုပ်တွေ ပြန်လည် စတင်နေတဲ့ အချိန်ကာလ ဖြစ်တာကြောင့် မကြာခင်မှာတော့ သတင်းထုတ်ပြန်ရေးတွေ လုပ်နိုင်မယ်လို့ ပြောဆိုပါတယ်။

အမေရိကန်သံရုံးကတော့ သတင်းထုတ်ပြန်ခဲ့ရာမှာ ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပျက်ခဲ့မှုတွေနဲ့ ပတ်သက်လို့လွန်စွာ စိတ်မကောင်းဖြစ်မိကြောင်းနဲ့ ဧပြီလ ၁၉ ရက်နေ့ စစ်တွေမြို့ သဲချောင်းအနီးမှာ စက်လှေတစီး နစ်မြုပ်ခဲ့ရပြီးနောက် ကြွေကွဲဖွယ်ရာ အသက်ဆုံးရှုံးသူတွေနဲ့ ပတ်သက်တဲ့ သတင်းတွေအတွက် စိတ်မကောင်းဖြစ်မိကြောင်း ရေးသားဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ဈေးများကို သွားရောက်ခြင်း နေ့တဓူ၀ အခြေခံကျတဲ့ ဘဝတွေကို ကန့်သတ်ထားခြင်းတွေဟာ လူမှုအသိုင်းအဝိုင်းအတွင်း လူနေမှုဘ၀ အရည်အသွေးများ တိုးတက်မြင့်မားရေးအတွက် ရုန်းကန်လှုပ်ရှားရာမှာ မလိုလားအပ်သော အန္တရယ်များ ဖြစ်စေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG