သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေကို တန်းတူဆက်ဆံဖို့ ကန်တိုက်တွန်း


မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာ မူဆလင်တွေကို တန်းတူရည်တူ ဆက်ဆံဖို့ အမေရိကန် အဆင့်မြင့် သံတမန်တဦးက ဒီကနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံသားတွေလို ရိုဟင်ဂျာတွေကို လက်ခံဆက်ဆံဖို့ လိုအပ်တဲ့အကြောင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Anne Richard က ပြောကြားခဲ့တာပါ။

အင်ဒိုနီးရှားနိုင်ငံက ယာယီခိုလှုံခွင့်ပေးထားတဲ့ လှေစီးပြေး ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ပြီး နောက်တနေ့မှာပဲ အမေရိကန်သံတမန်က မှတ်ချက်ပေး ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မကြာသေးခင် လတွေကစလို့ ထောင်နဲ့ချီတဲ့ လှေစီးထွက်ပြေးလာသူတွေ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ကမ်းခြေတွေကို ရောက်လာခဲ့ကြသလို၊ နောက်ထပ်လည်း ဘင်္ဂလား ပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်မှာ ရှိနေနိုင်သေးတယ်လို့ ခန့်မှန်းထားကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေ အားလုံး ရိုဟင်ဂျာအရေး ပွင့်ပွင့်လင်းလင်း ပြောဆိုဖြေရှင်းကြဖို့လည်း တိုက်တွန်းခဲ့တာပါ။ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ လူမှောင်ခိုမှုနဲ့ တရားမဝင် ရွှေ့ပြောင်းသွားလာမှုတွေ ကာကွယ် တားဆီးနိုင်ဖို့ ကြိုးပမ်းနေတဲ့အကြောင်း ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ထဲ မြန်မာရေပိုင်နက်မှာ ရှာဖွေကယ်ဆယ်ခဲ့တဲ့ လူပေါင်း ၇၀၀ ကျော်ကိုလည်း ဒီကနေ့မှာပဲ ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့က ယာယီစခန်းကို ပြောင်းရွှေ့ပေးခဲ့ကြောင်းလည်း ဖော်ပြခဲ့တာပါ။

တချိန်တည်းမှာပဲ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌထံ စာရေးသားပေးပို့ခဲ့ပြီး၊ လှေစီးဒုက္ခသည်တွေအရေး၊ လူကုန်ကူးမှုပြဿနာတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် အထင်အမြင် လွဲမှားမှုတွေ မဖြစ်ပေါ်စေဖို့၊ လူမျိုးစုပဋိပက္ခတွေ မကြီးထွားစေဖို့၊ အထူးအလေးပေး ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

XS
SM
MD
LG