သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနစ်မြုပ်သင်္ဘော သေကံမရောက် သက်မပျောက် အတွေ့အကြုံ


အသက်မသေလွတ်မြောက်လာသူ သင်္ဘောသားများ (ဓာတ်ပုံ - Embassy of Myanmar - Moscow facebook)
အသက်မသေလွတ်မြောက်လာသူ သင်္ဘောသားများ (ဓာတ်ပုံ - Embassy of Myanmar - Moscow facebook)

ဧပြီလ ၂ ရက်နေ့က ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း Okhotsk ပင်လယ်၊ Kamchatka ကျွန်းဆွယ် ကမ်းလွန်ပိုင်းမှာ နစ်မြုပ်သွားတဲ့ ရုရှားငါးဖမ်းသင်္ဘော Dalniy Vostok မှာ လိုက်ပါလာတဲ့ သင်္ဘောအမှုထမ်း ၁၃၂ ဦးထဲမှာ မြန်မာသင်္ဘောသား ၄၂ ဦး ပါဝင်ခဲ့ပါတယ်။

အခုနောက်ဆုံးရရှိတဲ့ သတင်းအရ မြန်မာသင်္ဘောသား ၂၂ ဦး အသက်ရှင်ပြီး ၁၆ ဦး သေဆုံးကြောင်းနဲ့ ၄ ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ Sakhalin မြို့မှာ ခေတ္တရောက်ရှိနေတဲ့ အသက်ဘေးက လွတ်မြောက်လာတဲ့ မြန်မာသင်္ဘောသားတွေထဲမှာ ကိုမျိုးမင်းဦးလည်း ပါဝင်ပါတယ်။ သဘောၤမှောက်တဲ့အချိန် သူရဲ့အတွေ့အကြုံနဲ့ ပတ်သက်ပြီး မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။

“မိနစ် ၂၀ လောက် တဖြည်းဖြည်းနဲ့ စောင်းစောင်းသွားတာ။ အောက်ပြုတ်ကျတဲ့သူတွေလည်း ပြုတ်ကျပေါ့။ သင်္ဘောကြီးက တအားစောင်းတဲ့အခါကျတော့ လမ်းကလည်း လျှောက်လို့မရဘူး။ တဖြည်းဖြည်းနဲ့။ ကျနော်တို့က သင်္ဘောဦးမှာ။ ၅ ယောက်လောက်ရှိတယ်။ တချို့လူတွေကလည်း Life-raft တွေ ဘာတွေချပြီး ပြေးတာပေါ့။ သင်္ဘောပေါ်မှာ lifeboat တောင်မပါဘူး။ Life-raft တွေချည်းပဲ။ တချို့ဆင်းပြေးတဲ့သူလည်း ပြေးပဲ။ ကျပြီးတော့ ခေါင်းကွဲတဲ့သူလည်းကွဲပဲ။ ကျနော်တို့က သင်္ဘောဦးမှာ။ Life-raft ဆီလည်း မသွားဘူး။ လူတွေက အရမ်းများနေတော့ နင်းတဲ့ဟာတွေက နင်း။ ကျပ်သပ်နေတာ။ မိနစ် ၂၀ လောက်လည်းနေရော စောင်းကျသွားပြီး ထောင်ကျသွားရော။ တအားကြီး စောင်းသွားတာ။ စောင်းသွားတော့ လှိုင်းကရိုက်လိုက်တာ သင်္ဘောက စနစ်တာ ဘယ်ကနစ်လဲဆိုတော့ ဖင်ပိုင်းကနေ စနစ်သွားတာ။ Titanic လိုပေါ့ သင်္ဘောကြီးက လုံး၀ စောင်းနေပြီး ခေါင်းကြီးထောင်သွားတာ၊ ကျနော်တို့က သင်္ဘောဦးမှာ။ သင်္ဘောကြီးက ဖင်ကြီးထောင်သွားတာ။ အဲဒီအချိန် တချို့လူတွေလည်း အောက်ကိုတော့ တော်တော်များများ ရောက်သွားပြီပေါ့။ ကျနော်တို့က ဦးမှာ။ ခုန်ချလို့လည်းမရဘူး။ ခုန်ချရင်လည်း တခုခုနဲ့ စောင့်မိပြီး သေမှာ။ ဆိုတော့ ကျနော်တို့က ဦးမှာနေခဲ့တာပေါ့။ ကျနော့်သူငယ်ချင်းတွေနဲ့ ၄ ယောက်၊ ၅ ယောက်လောက်ကျန်မယ်။ ကျနော်တို့က အပေါ်ကို လုံး၀ ထောင်သွားရော။ အဲဒီအချိန်မှာ သင်္ဘောက လုံး၀ ရေထဲကို ၂ မိနစ်၊ ၃ မိနစ်လောက်ပဲ ကျန်မယ်။ ဖင်ကနေပြီးတော့ ဦးအထိကို။ လုံး၀ ဝုန်းဝုန်း ဝုန်းဝုန်းနဲ့ကို ထိုးကျသွားရော။ အဲဒီမှာ ကျနော်တို့ကလည်း ချက်ခြင်းတော့ လိုက်သွားလို့ မရဘူး။ နီးလာပြီဆိုတော့မှ ရေထဲခုန်ချ။ ရေထဲခုန်ချလို့ ရေထဲရောက်ခါစပဲ ရှိသေးတယ်။ သင်္ဘောလည်း ပျောက်သွားရော။”

သင်္ဘောနစ်မြုပ်ချိန် ပတ်ဝန်းကျင်တဝိုက်မှာ အခြားရုရှားငါးဖမ်းသင်္ဘောတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

“မိုးကလည်း မလင်းသေးဘူးဆိုတော့ ချက်ခြင်းကယ်လို့ မရဘူး။ သင်္ဘောတစီးရောက်ဖို့က တော်တော်ကို ခဲယဉ်းတယ်လေ။ အေးတာကလည်း တော်တော်ကို အေးတာ။ အောက်ကလည်း ရေခဲရေဆိုတော့ ရေမကူးနိုင်တဲ့သူတွေက သေကုန်တာပေါ့ဗျာ။ အေးလည်းအေး ရေဝင်။ တချို့အဝတ်စား မရတဲ့ဟာတို့။ ဒါပေမဲ့ မြန်မာတွေကတော့ သွက်လည်းသွက်တယ်။ Safety အကြောင်းကိုလည်း သူတို့ထက်စာရင် တော်တော်လေး နားလည်တယ်လို့ ဆိုရမှာပေါ့။ သင်တန်းတွေ ဘာတွေလည်း အကုန်တက်ထားတယ်ဆိုတော့။ မြန်မာတွေကတော့ သူတို့ထက်စာရင် မဆိုးဘူးလို့ပဲ ပြောရမှာပေါ့ အသက်ရှင်တာလည်း ၂၂ ယောက်ဆိုတော့။”

ရေတွေခဲနေတဲ့ ပင်လယ်ထဲမှာ ၃ နာရီကျော်ကြာအောင် မျောနေခဲ့ပုံကိုလည်း ကိုမျိုးမင်းဦးက အခုလို ဆက်ပြောပြပါတယ်။

“ရေထဲမှာ ကျနော်နေခဲ့ရတာဆိုရင် ၃ နာရီကျော်တယ်။ ၃ နာရီကျော်မှာ နောက်ထပ် နာရီဝက်လောက်ဆိုရင် ကျနော်လည်း သေမှာ။ မရတော့ဘူး ဘာလို့လဲဆိုတော့ ဒီမေးတွေလည်း ခိုင်သွားပြီလေ။ ခိုင်သွားပြီး လက်တွေလည်း သိပ်လှုပ်လို့မရချင်တော့ဘူး။ ရေထဲမှာ ဘာလို့လဲဆိုတော့ ဘေးနားက သင်္ဘောတွေဆီကိုလည်း ကျနော်တို့က သွားလို့မရ။ ရေကလည်း ကူးလို့မရ၊ လှိုင်းကလည်း တအားကြီး မကြီးဘူးဆိုပေမဲ့ အထိုက်အလျောက်တော့ တော်တော်လေး ကြီးတယ်။ အဲဒါဆိုတော့ ရေထဲက အထဲကို ဝင်တာပေါ့ဗျာ မေးစေ့ကနေပြီးတော့။ အေးကလည်းအေး။ တချို့ကျတော့လည်း ဟိုဟာပေါ့ ကြိုးတွေ ဘာတွေနဲ့ ပစ်ပြီး ကယ်ကျတာ။ ရေတွေက တအားကြီးတာ။ ကယ်ဆယ်ရေးသင်္ဘောတွေ မဟုတ်တဲ့အခါကျတော့ pilot-ladder လေးတွေ ချပေးတယ်။ ကရိတ်းခြင်းကြားတွေ ချပေးတယ်။ အဲလောက်ပဲ တတ်နိုင်တာ။ သင်္ဘောတွေက ကိုယ့်စီလာပြီး ကယ်လို့မရဘူး။ ကယ်တဲ့သင်္ဘောတွေကတော့ အားလုံးပေါင်း အစင်း ၂၀ လောက်ရှိတယ်။ ဝိုင်းထားတာပေါ့ ပတ်ပတ်လည်။ အဲလောက်ထိပဲ သူတို့လည်း လုပ်လို့ရတယ်။ လှိုင်းတွေနဲ့ဆိုတော့ သူတို့လည်း အသက်ကယ်လှေတွေ ဘာတွေနဲ့ လာကယ်လို့မရဘူး။ အဲဒါ ကိုယ့်ဘာသာကိုယ် ကြိုးစားရတာပေါ့ သင်္ဘောနားရောက်အောင် ဘယ်လိုသွားမလဲဆိုတာ။ ကိုယ့်ဟာကိုယ်ရေစီးလေးနဲ့ သင်္ဘောတွေက လိုက်ပြီးတော့ ဦးတည်ပေးတာပေါ့။ မျောနေတဲ့လူတွေဆီကို သင်္ဘောတွေကလိုက်ပြီး ဦးတည်တည်ပေးတာ။ သင်္ဘောတွေ အများကြီးပေါ့ဗျာ။ ကျနော်တို့လည်း အားတော့ရှိတာပေါ့။ အဲအချိန်မှာ သင်္ဘောနဲ့ဝေးသွားလိုက် အားပြတ်သွားလိုက်။ သြော် ငါ ယောကျာ်းပဲ မသေခင်အထိတော့ ကြိုးစားရမှာပဲဆိုပြီးတော့ အဲလိုနဲ့ ကံကောင်းချင်တော့ အဲ့လိုအချိန်မှာ သင်္ဘောတစီးက လူတည့်တည့်ကို ခေါင်းကြီးတည်လာတာ။ တော်တော်ကြီးတယ် သင်္ဘောကြီးက။ အားရှိသွားတာပေါ့။ ၉ နာရီက ကျော်နေပြီ။ သူတို့စွဲတင်တာတော့ မဟုတ်ဘူး။ ကိုယ့်ဟာကိုယ် လက်ကိုချိတ်ပြီးတော့မှ မရမက တက်သွားရတာ။ နောက်တခုကတော့ ဘုရား၊ တရားပေါ့ ဘုရား၊ တရားကိုတော့ တကယ်ကို ယုံကြည်သွားပါပြီ။ ဘာလို့လဲဆိုတော့ ကျနော်က ၁၅ မိနစ်၊ နောက် နာရီဝက်လောက်ဆိုရင် သေနိုင်တယ်။ မရတော့ဘူး ကျနော်သိတယ် ကိုယ့်ကိုယ်ကို။ အဲ့ဒီအချိန်မှာ ကျနော် ဘုရား၊ တရားကို တအားလုပ်၊ သံဗုဒ္ဓေကိုရွတ်တယ်။ ပြီးတော့ ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ ဓမ္မံသရဏံဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာမိ အဲ့လိုလုပ်ရင်းလုပ်ရင်းနဲ့ပဲ သင်္ဘောကြီးတစင်းက ဦးတည်လာတဲ့အခါမှာ”

မေး။ ။ အဲတော့ သင်္ဘောက ဘာကြောင့်နစ်သွားတာလဲဟင် အဲလိုမျိုး ရုတ်တရက်ကြီး။

ဖြေ။ ။ “ဘာကြောင့်နစ်သွားလဲဆိုတော့ အဓိကကတော့ စောင်းပြီးနစ်သွားတာပေါ့နော်။ ကျနော်တို့က စောင်းတာပဲသိလိုက်တယ်။ ဂဃနဏ တော့ မသိဘူးဖြစ်နေတယ်။”

မေး။ ။ အခု ဒီ မြန်မာပြည်က ကိုယ့်မိသားစုတွေနဲ့ အဆက်အသွယ်ရောက်ပြီလားရှင့်။

ဖြေ။ ။ “ကျနော်က နယ်ကဆိုတော့ ဆက်သွယ်ဖို့က နည်းနည်းခက်နေတယ်။ ရန်ကုန်က သူငယ်ချင်းတွေကတော့ တော်တော်များများ အဆက်အသွယ်ရသွားပြီ။ အမေက အရမ်းလည်း စိတ်ပူတတ်တဲ့အခါကျတော့ ကျနော်က အမေ့အတွက်လည်း အရမ်းပဲ စိတ်ပူတယ်။ အဲဒါကြောင့် အမေ့ကို မစိုးရိမ်ပါနဲ့လို့။ နေလည်းကောင်းပါတယ်။ အဆင်ပြေပါတယ်။ ကျန်းကျန်းမာမာပါပဲလို့။”

နစ်မြုပ်သွားတဲ့ ရုရှားငါးဖမ်းသင်္ဘောပေါ်မှာ မြန်မာသင်္ဘောသားတွေဟာ ငါးတွေကို ရေခဲရိုက်တဲ့စက်ရုံမှာ လုပ်ကိုင်ကြရပြီး တလကို ဒေါ်လာ ၄၀၀ လောက် ရခဲ့တယ်လို့ ကိုမျိုးမင်းဦး က ပြောပါတယ်ရှင်။

XS
SM
MD
LG