သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားရွေးကာက်ပွဲလုပ်ဖို့ ရုရှားလိုလား


ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov

ဆီးရီးယားက ရွေးကောက်ပွဲတွေကိုထောက်ခံကြောင်းနဲ့ အနောက်နိုင်ငံတွေက ကျောထောက်နောက်ခံပေးထားတဲ့ လွတ်လပ်သော ဆီးရီးယား တပ်မတော်လို့ခေါ်တဲ့ သူပုန်တွေကိုကူညီဖို့ အဆင်သင့်ရှိနေတဲ့အကြောင်း ရုရှားက ပြောဆိုလိုက်ပါတယ်။

ဆီးရီးယားအနေနဲ့ လွှတ်တော်နဲ့သမ္မတရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့အတွက် ပြင်ဆင်စေလိုကြောင်းနဲ့ လိုအပ်ရင် လုပ်ငန်းတွေ အကောင်အထည် ဖော်နိုင်အောင် ပြတ်ပြတ်သားသား ဆောင်ရွက်မယ့်သဘောထားမျိုးကိုလည်း - ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီး လဗ်ရော့ (Sergei Lavrov) က ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးအရ အဖြေရနိုင်ဖို့ ဆီးရီးယားအစိုးရကို တိုးမြှင့်ဖိအားပေးနေတဲ့အကြောင်း - ရုရှားနိုင်ငံခြားရေးဝန်ကြီးက အစိုးရပိုင်ရုပ်မြင်သံကြားမှာ စနေနေ့က ပြောကြားခဲ့တာပါ။ ဒါပေမဲ့လည်း အကြီးအကျယ် ထိခိုက်သေကျေမှုတွေနဲ့ အိုးအိမ်စွန့်ခွာသူတွေ အများအပြားရှိနေပြီဖြစ်တဲ့ ဆီးရီးယားက နှစ်အတန်ကြာနေပြီဖြစ်တဲ့ ပြည်တွင်းစစ်ကနေ ဘယ်လို အသွင်ကူးပြောင်းနိုင်မလဲဆိုတာကိုတော့ တိတိကျကျ မပြောခဲ့ပါဘူး။

ဆီးရီးယားလူထုအတွက် ပြင်ပက ဘာမှ ဆုံးဖြတ်ပေးလို့မရနိုင်တဲ့အကြောင်း၊ ဘာသာရေး၊ လူမျိုးရေးနဲ့ နိုင်ငံရေးအုပ်စုတွေအားလုံးရဲ့ အကျိုးစီးပွားတွေကို အကာအကွယ်ပေးနိုင်မယ့် အစီအစဉ်တခု ပေါ်ပေါက်လာအောင်သာ တွန်းအားပေးရမှာ ဖြစ်တယ်လို့လည်း ရုရှားဝန်ကြီးက ပြောဆိုသွားခဲ့ပါတယ်။

အရင်က ရုရှားအစိုးရရဲ့ ယျေဘုယျ ထုတ်ပြန်ပြောဆိုချက်တွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ - အခုနောက်ဆုံး နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်ဟာ စစ်ဒဏ်သင့်နေတဲ့ ဆီးရီးယားမှာ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့ ရုရှားအစိုးရက တိတိကျကျ ပြောဆိုလာပုံရပါတယ်။ ဆီးရီးယားဆိုင်ရာ အမေရိကန်ရဲ့မူဝါဒတွေအပေါ်မှာလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဝေဖန်ခဲ့သလို ဆီးရီးယားမှာ ရုရှားရဲ့လေကြောင်းထိုးစစ်တွေဟာ IS စစ်သွေးကြွတွေ သာမက အနောက်နိုင်ငံတွေက မဟာမိတ်တပ်ဖွဲ့တွေ ကျောထောက်နောက်ခံပေးထားတဲ့ သူပုန်တွေကိုပါ ပစ်မှတ်ထားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကိုလည်း ငြင်းဆန်သွားခဲ့ပါတယ်။

XS
SM
MD
LG