သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ကျဉ်းလွတ်ရေး ဆန္ဒပြ တောင်းဆို


၂၀၀၇ ရွှေဝါရောင်သံဃာတော်များဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရေး ဆူးလေဘုရားအနီး မေတ္တာပို့ဆုတောင်းလမ်းလျှောက်စဉ်။ (ဓာတ်ပုံ-ဗွီအိုအေ-မြန်မာ/ ၁၀-၃၁-၂၀၁၅)
၂၀၀၇ ရွှေဝါရောင်သံဃာတော်များဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရေး ဆူးလေဘုရားအနီး မေတ္တာပို့ဆုတောင်းလမ်းလျှောက်စဉ်။ (ဓာတ်ပုံ-ဗွီအိုအေ-မြန်မာ/ ၁၀-၃၁-၂၀၁၅)

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနဲ့ အစာငတ်ခံဆန္ဒပြနေသူတွေရဲ့တောင်းဆိုချက်တွေကို အစိုးရက လိုက်လျောဖို့ ရွှေဝါရောင် သံဃာတွေနဲ့ ဗကသများအဖွဲ့ချုပ်က ကျောင်းသားတွေက ဆူးလေဘုရားကိုပတ်ပြီး မေတ္တာပို့ လမ်းလျှောက်ခဲ့ကြပါတယ်။ သာယာဝတီ အကျဉ်းထောင်မှာလည်း ဗကသခေါင်းဆောင် ကိုအောင်မှိုင်းဆန်းဟာ အောက်တိုဘာလ ၂၃ ရက်ကစပြီး အစာငတ်ခံဆန္ဒပြနေရာက ကျန်းမာရေးထိခိုက်လာပြီး ထောင်ဆေးရုံကို ပို့လိုက်ရပြီလို့ သိရပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

၂၀၀၇ ခုနှစ်က ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ သံဃာတော်တွေဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ရန်ကုန်-ဆူးလေဘုရားကိုပတ်ပြီး မေတ္တာပို့ လမ်းလျှောက်ခဲ့တာပါ။

“အရှေ့အရပ်၌ရှိသော အနန္တစကြဝဠာ အနန္တသတ္တဝါတို့ - ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ရောဂါခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။”

ရန်ကုန်မြို့ ဆူးလေဘုရားကိုပတ်ပြီး မေတ္တာပို့လမ်းလျှောက်ချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး တားဆီးခဲ့ကြောင်း မေတ္တာပို့ လမ်းလျှောက်ခြင်း ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ ဆရာတော် ဦးစန္ဒာသီရိက မိန့်ပါတယ်။

“ဘုရားအောက်ခြေမှာ နှစ်နှစ်ပတ်တဲ့အချိန်မှာ ရဲကနေ လာတားတယ်။ ရဲကလာတားတဲ့အခါမှာ ဗကသ…..လာပြီး ပြောကြတယ်။ ပြောကြတဲ့အခါမှာ အဓိကကတော့ ဒီမှာ ဘုရားဝတ်ပြုဆုတောင်းတာ - ပြီးတော့ ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့နဲ့ ထောင်ထဲမှာ တိုက်ပွဲဝင်နေတဲ့ရဲဘောတွေကို ထောက်ခံတဲ့အနေနဲ့ ဆောင်ရွက်တာဖြစ်တဲ့အတွက် ဒီဟာ ဘာမှ ပြဿနာမရှိဘူး-ပေါ့။ ရဲက ပြောလည်း သူတို့က ဒီအပေါ်မှာ ဘုရားဝတ်ပြုဆုတောင်းတာ ပြဿနာမရှိဘူး-တဲ့။ အဓိက-က ဗီနိုင်းတွေ ကိုင်လို့-တဲ့။ သူတို့က အဲလိုမျိုးပြောတယ်။ ဒီ ဗီနိုင်းတွေကိုင်ရခြင်းကလည်း အဓိက-က ဒီမှာ ဦးဇင်းတို့လုပ်တဲ့ရည်ရွယ်ချက် ပေါ်လွင်ဖို့အတွက် ဗီနိုင်းတွေက ကိုင်ရတာပေါ့။ ကိုအောင်မှိုင်းဆန်းအပါအဝင် ကျောင်းသားခေါင်းဆောင်တွေက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အစာငတ်ခံတိုက်ပွဲဝင်နေတဲ့အပေါ်မှာ ဦးဇင်းတို့က ဆောင်ရွက်တာဖြစ်ပါတယ်။”

သာယာဝတီအကျဉ်းထောင်ထဲ အစာငတ်ခံဆန္ဒပြနေတဲ့ ဗကသကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းရဲ့ ကျန်းမာရေးအခြေအနေ ဆိုးလာပြီဖြစ်လို့ ထောင်ဆေးရုံမှာ ဆေးဝါးကုသမှု ခံနေရတယ်လို့ ဆရာတော်က ဆိုပါတယ်။ တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်နိုင်ရေးနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ ပါဝင်နိုင်ရေးအတွက် နိုဝင်ဘာ (၈) ရက်မတိုင်ခင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ ရွှေဝါရောင်သံဃာတော်တွေက ကြေညာချက်ထုတ်ပြီး တောင်းဆိုထားပါတယ်။ သာယာဝတီ အကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ ဗကသခေါင်းဆောင် ကိုအောင်ဆန်းမှိုင်းအပါအဝင် အစာငတ်ခံနေတဲ့ ကျောင်းသားတွေရဲ့ နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေအတွက် ဦးသိန်းစိန်အစိုးရမှာ တာဝန်ရှိတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်ရှင်။

XS
SM
MD
LG