သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး တောင်တက် သမား ၂ ဦး ရှာရေး ခက်


တောင်ထိပ်သို့ တက်ရောက်သွားနိုင်ကြောင်း ပြသခဲ့တဲ့ ခါကာဘိုအောင်နိုင်ရေးအဖွဲ့ ရောက်ရှိရာပြမြေပုံ။ သတင်းဓာတ်ပုံ-တက္ကသိုလ်များခြေလျင်နှင့် တောင်တက်အသင်း - သဘာဝခေါ်သံဖောင်ဒေးရှင်း FB စာမျက်နှာ။
တောင်ထိပ်သို့ တက်ရောက်သွားနိုင်ကြောင်း ပြသခဲ့တဲ့ ခါကာဘိုအောင်နိုင်ရေးအဖွဲ့ ရောက်ရှိရာပြမြေပုံ။ သတင်းဓာတ်ပုံ-တက္ကသိုလ်များခြေလျင်နှင့် တောင်တက်အသင်း - သဘာဝခေါ်သံဖောင်ဒေးရှင်း FB စာမျက်နှာ။

အရှေ့တောင်အာရှမှာ အမြင့်ဆုံးရေခဲတောင် ဖြစ်တဲ့ ခါကာဘိုရာဇီ တောင်ထိပ်မှာ သတင်း ၂ ပတ်ကြာ ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ဦးတို့ကို အခုချိန်ထိ ရှာဖွေ ကယ်ဆယ်ရေးတွေ မလုပ်နိုင်သေးပါဘူး။ ရာသီဥတု ဆိုးရွားလွန်း တာကြောင့် ခါကာဘိုရာဇီ တောင်ခြေကိုတောင် မရောက်နိုင်သေးတဲ့ ကယ်ဆယ်ရေး အဖွဲ့တွေ အနေနဲ့ ပျောက်ဆုံးနေတဲ့ တောင်တက်သမားတွေကို ဘယ်လို ရှာဖွေကြမလဲ ။ နောက် ပျောက်ဆုံးနေတဲ့ တောင်ထိပ်က တောင်တက် သမားတွေကို ကယ်ဆယ်နိုင်ရေး မျှော်လင့်ချက်နဲ့ အခုလို အရေးပေါ် အခြေအနေမျိုးမှာ မြန်မာ အစိုးရရဲ့ အချိန်နဲ့ တပြေးညီ တုံ့ပြန်ဆောင်ရွက်မှုကရော ဘယ်လောက် ရှိလဲ ဆိုတာတွေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးထားပါတယ်။

တက္ကသိုလ် ခြေလျင်တောင်တက်အသင်း သဘာ၀ ခေါ်သံ ဖောင်ဒေးရှင်းရဲ့ အစီအစဉ်နဲ့ အရှေ့တောင်အာရှမှာ အမြင့်ဆုံး ရေခဲတောင် ခါကာဘိုရာဇီကို တက်ရောက်ခဲ့ကြတဲ့ တောင်တက်အဖွဲ့ထဲက ခါကာဘိုရာဇီ တောင်တက် အဖွဲ့ခေါင်းဆောင် ကိုအောင်မြင့်မြတ်နဲ့ အဖွဲ့ စီမံခန့်ခွဲသူ ကိုဝေယံမင်းသူ တို့ ပျောက်ဆုံးနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က ခါကာဘိုရာဇီတောင်ထိပ် ကို အောင်အောင်မြင်မြင် ခြေချနိုင်ခဲ့ပါပြီလို့ တောင်ခြေမှာ ကျန်ရှိနေတဲ့ အဖွဲ့နဲ့ အဆက်အသွယ် ရခဲ့ပြီး နောက် ဒီကနေ့ အထိ အဆက်အသွယ် ပြတ်ခဲ့တာပါ။ ဒီလို အဆက်အသွယ် ပြတ်ခဲ့ပြီး ၁၀ ရက် အကြာမှာမှ မိခင် အဖွဲ့အစည်းက သိခဲ့ရတယ်လို့ တက္ကသိုလ် ခြေလျင်တောင်တက်အသင်း သဘာ၀ ခေါ်သံ ဖောင်ဒေးရှင်းရဲ့ အမှုဆောင် တဦးဖြစ်သူ ဦးထွန်းလှအောင်က ပြောပါတယ်။

"တောင်ခြေမှာ စောင့်ကျန်ခဲ့တဲ့ အဖွဲ့က တောင်ထိပ်က ဆင်းလာခဲ့တဲ့သူတွေ အနေနဲ့ လေးရက်လောက် ငါးရက်ဝန်းကျင်လောက် ဆင်းလာမယ် ဆိုပြီး တောင်ခြေကို ရောက်မယ်လို့ ပုံမှန်အားဖြင့် ကျနော်တို့က မျှော်မှန်းထားတဲ့ အတိုင်းကတော့ ဆင်းလာမယ်ဆိုပြီး သူတို့က စောင့်မျှော်နေ ပါတယ်။ စောင့်မျှော်နေပြီးတော့ လေးရက်မြောက်လောက် အချိန်မှာ အရိပ်အယောင် မတွေ့ရတဲ့အတွက် တောင်ခြေ ကနေပြီးတော့ ပေ တစ်သောင်းခြောက်ထောင် အမြင့်လောက်ရှိတဲ့ အထိ တက်ရှာပါတယ်။ နှစ်ရက်လောက် အထိ။ နှစ်ရက်လောက်အထိ တက်ရှာပြီး အခြေအနေ စောင့်ကြည့်နေပါတယ်။ တောင်ထိပ်ကသူတွေများ တစုံတရာ နောက်ကျပြီးတော့ ရောက်ရှိလာတယ်ဆို အဆင်သင့်ဖြစ်အောင် ဆိုပြီး စောင့်ခဲ့ပြီးတဲ့အခါမှာ ၈ရက်နေ့ကျတော့မှ ရိက္ခာလုံးဝ မရှိတော့တဲ့အတွက် ရွာကို ပြန်ဆင်းလာတာဖြစ်ပါတယ်။"

ခါကာဘိုရာဇီ တောင်ထိပ်ကို ရောက်ရှိပြီး အဆက်အသွယ် ပြတ်နေတဲ့ တောင်တက် သမား နှစ်ဦးကို ကယ်ဆယ်ရေး အတွက် တက္ကသိုလ်များ ခြေလျင်တောင်တက် အသင်း၊ ထူးဖောင်ဒေးရှင်းနဲ့ ကချင်ပြည်နယ် ဒေသအာဏာပိုင်တို့ ပူးပေါင်း ဆောင်ရွက်နေပေမယ့် လည်း ရာသီဥတု အခြေအနေကြောင့် ခါကာဘိုရာဇီ တောင်ခြေကို ရောက်အောင် အချိန်ယူရဦးမှာ ဖြစ်တယ်လို့ ဦးထွန်းလှအောင်က ပြောပါတယ်။

"ပူတာအိုမြို့ကနေပြီးတော့ ခါကာဘိုရာဇီရှိတဲ့ တောင်ခြေ အထိရောက်ဖို့ အားလုံးက ပုံမှန် လမ်းလျှောက်မယ်ဆိုရင် ၁၂ရက်အထိ လျှောက်ရပါတယ်ခင်ဗျ။ အဲ့တာကနေမှ ခါကာဘိုရာဇီအထိ သွားမယ်ဆိုရင် နောက်ထပ် လေးရက် လျှောက်ရဦးမှာဖြစ်တဲ့ အတွက် စုစုပေါင်း ၁၄ရက်၊ ၁၆ရက်လောက် ကြာနိုင်ပါတယ်ခင်ဗျာ။"

မေး။ ။ ကယ်ဆယ်နိုင်မယ့် အလားအလာ၊ သူတို့ဆီကို ရောက်နိုင်မယ့် အလားအလာ ဘယ်လောက်များ ရှိမယ်လို့ ဆရာတို့ ယူဆပါသလဲ။

"ကျနော်တို့ လက်ရှိကတော့ သူတို့နဲ့ နောက်ဆုံးအချိန်အထိ အဆက်အသွယ်ရ ခဲ့တာ တောင်ထိပ်မှာ ဖြစ်တဲ့အတွက် တောင်ခြေကနေ အစပြုပြီး တောင်ထိပ် ဝန်းကျင်လောက် အထိ ရှာမယ်လို့တော့ မျှော်မှန်းထားပါတယ်ခင်ဗျ။"

မေး။ ။ သူတို့မှာ ရိက္ခာ အပြည့်အဝ၊ အလုံအလောက် ပါတဲ့အခြေအနေရော။ သူတို့ Survive ဖြစ်နိုင်တဲ့ အနေအထားကရော ဘယ်လောက်များ ရှိပါလဲ ဆရာ။

"ဟုတ်ကဲ့ခင်ဗျ။ နောက် ဆယ်ရက်လောက်အထိတော့ မမျှော်မှန်းပါဘူး။ အနည်းဆုံး တစ်ပတ်အတွင်း လောက် တော့ ကျနော် ဒီတောင်ခြေအထိ အရောက်သွားဖို့ ကိုတော့ ကျနော်တို့ အဓိက ကြိုးစားဆောင်ရွက်နေပါတယ်။ အမြန်ဆန်ဆုံးဖြစ်အောင် လို့လေ။ အဲ့တော့ သူတို့အနေနဲ့ကလည်း ရက်တွေကြာလာပြီဆိုရင် ရိက္ခာတွေလည်း လျော့နည်းပြီးတော့ အခက်အခဲတွေလည်း ဖြစ်လာမှာစိုးတဲ့အတွက် ကျနော်တို့ အတတ်နိုင်ဆုံး မြန်အောင် ကြိုးစားဆောင်ရွက်နေပါတယ်ခင်ဗျာ။"

မေး။ ။ အစိုးရဘက်က အကူအညီရော ဘယ်လောက် အရေးယူဆောင်ရွက်မှု ရှိပါလဲ။

" ကျနော်တို့ တောင်ထိပ်ကို တက်ရောက်အောင်မြင်ပြီးတဲ့နောက်ပိုင်းမှာ အစိုးရပိုင်းဘက်ကလည်း ကျနော်တို့ရဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်နေပြီးတော့ ကျနော်တို့ ပျောက်ဆုံးကြောင်း မသိရခင် နှစ်ရက်လောက်ကတည်းက ပူတာအိုမှာ အရေးပေါ်အတွက် လိုအပ်လာရင် သုံးဖို့ တပ်မတော်ရဟတ်ယာဉ်တစ်စင်းကိုလည်း လွှတ်ထားပြီးတော့ သတင်းကို စောင့်မျှော်နေတာပါ။ အခုလက်ရှိလည်း အစိုးရဘက်က အတတ်နိုင်ဆုံး ပူးပေါင်းပါဝင်ပြီးတော့ ဆောင်ရွက်နေတယ်လို့ ကြားသိပါတယ်ခင်ဗျာ။"

အရှေ့တောင်အာရှ အမြင့်ဆုံး ရေခဲတောင် ခါကာဘိုရာဇီကို တက်ဖို့ အတွက် မြန်မာ တောင်တက်သမား တို့အတွက် ဆက်သွယ်ရေး အရေးကြုံလာရင် ချက်ချင်း တုံ့ပြန်ဆောင်ရွက်ရေး အတွက် မပြည့်စုံတာတွေ ရှိခဲ့တယ်လို့လည်း ဦးထွန်းလှအောင်က ပြောပါတယ်။

"ကျနော်တို့ လက်ရှိ မြန်မာနိုင်ငံထဲမှာ ရှိတဲ့ ဆက်သွယ်ရေး ကွန်ရက်အနေနဲ့တော့ ဆက်သွယ်ဖို့ လုံးဝ မတတ်နိုင်ပါဘူးခင်ဗျာ။ အဆင်မပြေပါဘူးခင်ဗျာ။ International Device ဖြစ်တဲ့ ဂြိုလ်တုဖုန်းတွေနဲ့ပဲ သုံးမှပဲ ဆက်သွယ်ရေးက ရဖို့ပဲ ရှိပါတယ်။ ဂြိုလ်တုဖုန်းတွေနဲ့ လက်ရှိ ပြည်တွင်းမှာ အခြေအနေ အကြောင်းအမျိုးမျိုးတော့ ရှိပါတယ်။ အဓိက လိုအပ်ချက်ကတော့ အရေးပေါ် အကြောင်းရင်းဖြစ်လာရင် ဆက်သွယ်လို့ရနိုင်တဲ့ အရေးပေါ်ဆက်သွယ်နိုင်တဲ့ ဂြိုလ်တုဖုန်းလိုမျိုး လိုအပ်ချက်တွေလည်း ပြင်ဆင်မှု လိုအပ်ချက်ရှိခဲ့တာကြောင့်လည်း အခုအချိန်အထိ နည်းနည်းကြန့်ကြာမှုတွေ များခဲ့တာပေါ့။"

အရှေ့တောင်အာရှမှာ အမြင့်ဆုံး ဖြစ်တဲ့ ပေပေါင်း ၂ သောင်းနီးပါးမြင့်တဲ့ ရေခဲတွေ ဖုံးလွှမ်းပြီး ရေခဲ မြစ်တွေ ရှိနေတဲ့ ခါကာဘိုရာဇီတောင်ကို ဂျပန်နိုင်ငံသား Takashi Ozaki နဲ့ ကချင်တိုင်းရင်းသား Nyima Gyaltsen ခေါ် Aung Tse တို့ ၁၉၉၆ ခုနှစ်မှာ ပထမဆုံး အကြိမ် အဖြစ်နဲ့ ဘေးမသီ ရန်မခဘဲ အောင်အောင်မြင်မြင် တက်ရောက်နိုင်ခဲ့တာပါ။

အခု ခါကာဘိုရာဇီ တောင်ထိပ်ကို ခြေချနိုင်ခဲ့တဲ့ တက္ကသိုလ် များ ခြေလျင်တောင်တက် အသင်း သဘာ၀ ခေါ်သံ ဖောင်ဒေးရှင်း တောင်တက် အဖွဲ့ကတော့ ပထမဆုံး မြန်မာပြည်သားတွေချည်း ပါဝင်တဲ့ ခါကာဘိုရာဇီ တောင်တက် ခရီးစဉ် ဖြစ်ပါတယ်။

XS
SM
MD
LG