သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး တောင်တက်သမား ဆက်လက် ရှာဖွေ


အဆက်အသွယ်ပြတ်နေတဲ့ ခါကာဘိုရာဇီတောင်တက်အဖွဲ့ဝင် ၂ယောက်ကို ရှာဖွေ ကယ်ဆယ်ဖို့အတွက် နောင်မွန်းမြို့နယ်အုပ်ချုပ်ရေးမှုးက မြေပြင်ကနေ ရှာဖွေရေး အတွက် အဖွဲ့ ၃ဖွဲ့ခွဲပြီး စေလွှတ်လိုက်ပြီလို့ ပြောပါ တယ်။ လောလောဆယ် ဝေဟင်ကနေ ရှာဖွေမယ့် အဖွဲ့တွေကတော့ ပူတာအိုမှာ အခြေပြု ကွပ်ကဲ ဆောင်ရွက်နေပါတယ်။ အဆက်အသွယ်ပြတ်နေ တဲ့ တောင်တက် အဖွဲ့ဝင်တွေ ရှာဖွေနေတဲ့ နောက်ဆုံး အခြေအနေကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

သြဂုတ်လ ၃၁ရက်နေ့ကနေ အဆက်အသွယ်ပြတ်သွားခဲ့တဲ့ ခါကာဘိုရာဇီ တောင်တက်အဖွဲ့ဝင် ၂ယောက်ကို တက္ကသိုလ် ခြေလျင်တောင်တက် အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်းနဲ့ ထူးဖောင်ဒေးရှင်းက ဝေဟင်ကနေ ရဟတ်ယာဉ်နဲ့ ရှာဖွေဖို့ ပြင်ဆင်နေချိန်မှာ မြန်မာပြည်မြောက်ဖျား အဆုံးမှာ တည်ရှိတဲ့ နောင်မွန်းမြို့နယ်က အုပ်ချုပ်ရေးအဖွဲ့ကတော့ မြေပြင်ကနေ ကူညီရှာဖွေရေးလုပ်ငန်းတွေကို စတင်နေပြီဖြစ်ပါတယ်။

လက်ရှိဆောင်ရွက်နေတဲ့အခြေအနေကို နောင်မွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက အခုလို ပြောပါတယ်။

" ကျနော်တို့ နှစ်ပိုင်းတော့ ရှိတယ်ဗျ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ အုပ်ချုပ်ရေးကတော့ လမ်းကျွမ်းကျင်တဲ့ သားဌက်တွေနဲ့ သုံးဖွဲ့ခွဲပြီးတော့ ရွာတွေကြားမှာ ကျးရွာအုပ်ချုပ်ရေးမှူးတွေရှိတယ်လေ။ အဖွဲ့တွေက မြေပြင်ကနေ မနေ့က ၁၂နာရီကနေ သုံးဖွဲ့ လွှတ်လိုက်ပါပြီ။ လိုအပ်တာတွေ ဝိုင်းကူပေးဖို့။ အဲ့တာ မြေပြင်က သွားတဲ့အဖွဲ့ပါ။ အပေါ်ကနေ ဝေဟင်ကနေ ရှာမယ့်အဖွဲ့က ရဟတ်ယာဉ်တွေနဲ့ပေါ့။ ရဟတ်ယာဉ်တွေ အားလုံး ပူတာအိုမှာ အခြေပြုထားတယ်ခင်ဗျ။ "

မြေပြင်က သွားရောက်တဲ့အဖွဲ့တွေဟာ ခါကာဘိုရာဇီတောင်တက် ခရီးအစ ကျေးရွာဖြစ်တဲ့ တဟွန်ဒန်းကျေးရွာ။ ရောက်ဖို့ အနည်းဆုံး ၅ရက် လောက် ခြေလျင်လျှောက်ရမှာဖြစ်ပါတယ်။

ဝေဟင်ကနေ ရဟတ်ယာဉ်နဲ့ ရှာဖွေဖို့အတွက် တက္ကသိုလ် ခြေလျင်တောင်တက် အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမျိုးသန့်နဲ့ ခြေလျင်တောင်တက် အသင်းချုပ် နဲ့ ထူးဖောင်ဒေးရှင်းနာယက ဦးတေဇတို့ဟာ မနေ့က ပူတာအိုကို ရောက်ရှိပြီး အာဏာပိုင် အဖွဲ့အစည်းတွေ နဲ့ ဆွေးနွေး ဆောင်ရွက်နေ တယ်လို့ တက္ကသိုလ် ခြေလျင်တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်းက အမှုဆောင် တဦးဖြစ်တဲ့ ဦးထွန်းလှအောင်က ပြောပါတယ်။

" အခြေအနေကတော့ ပူတာအိုမှာပဲ သူတို့ စီစဉ်ဆောင်ရွက်နေတယ်ခင်ဗျ။ အစည်းအဝေးထိုင်ပြီးတော့ လုပ်နေပါတယ်။ ပူတာအိုမြို့က ဒေသအာဏာပိုင်နဲ့ တပ်အဖွဲ့အစည်းနဲ့ ကျနော်တို့အသင်းက ဥက္ကဋ္ဌနဲ့ ထူးဖောင်ဒေရှင်းက ဥက္ကဋ္ဌနဲ့ စည်းဝေးကြပြီးတော့ ပူတာအိုမှာ အခြေချပြီးတော့ ကယ်ဆယ်ရေးအတွက် စီစဉ်နေပါတယ်။ လိုတဲ့ပစ္စည်းတွေလည်း သူတို့ ပူတာအိုကို သယ်နေပါတယ်ခင်ဗျ။"

ပူတာအိုရောက်ရှိနေတဲ့ တက္ကသိုလ် ခြေလျင်တောင်တက်အသင်း "သဘာဝခေါ်သံ" ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမျိုးသန့်ကို ဖုန်းခေါ်ဆိုခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။


ဒေသခံတွေကတော့ ပူတာအိုလေယာဉ်ကွင်းမှာ ဒီနေ့ခင်းပိုင်းက ရဟတ်ယာဉ် ၂စင်းရပ်ထားတာတွေ့ရတယ်လို့ ပြောပါတယ်။ နေ့ခင်းပိုင်းအထိက မိုးရွာပြီး ရာသီဥတုမကောင်းကြောင်းလည်း ပြောပါတယ်။ အခြား ပူတာအိုဒေသခံ တယောက်ကတော့ ညနေ ၃နာရီဝန်းကျင်လောက်မှာ ရဟတ်ယာဉ်တစင်း တက်သွားပြီး တနာရီလောက် အကြာမှာ ပြန်လာတာ ကို တွေ့ရတယ်လို့ ပြောပါတယ်။

" တစ်စီး ခုနလေးက တပတ်ပတ်တယ်။ တပတ်ပတ်ပြီးတော့မှ စစ်တပ်ထဲမှာ လာနားပြီ သူတို့ အခုပဲ ငါးမိနစ် ဆယ်မိနစ်လောက်ပဲ ရှိသေးတယ် သူတို့ပြန်လာကြတယ်။ အဲ့ဒီ့ဘက်ကို ဘယ်လောက်အထိ သွားနိုင်တယ်။ ဘယ်လောက်အထိ မသွားနိုင်ဘူး။ ကျနော်တို့ မသိရပါဘူးခင်ဗျ။ အဲ့ဒီ့ကိစ္စ။ "


ထူးဖောင်ဒေးရှင်းက ရဟတ်ယာဉ်၂စင်းနဲ့ ရှာဖွေ ကယ်ဆယ်ဖို့ ပြင်ဆင် ထားကြောင်းနဲ့ ဦးတေဇက ခါကာဘိုရာဇီတောင်တက်ခရီးမှာ အနီးဆုံးမြို့ဖြစ်တဲ့ ပန်နန်းဒင်မြို့ကနေ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ကွပ်ကဲသွားဖို့ ပြင်ဆင် ထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

တောင်တက်အဖွဲ့ဝင် ၂ဦးဟာ သြဂုတ်လ ၃၁ရက်နေ့က ခါကာဘိုရာဇီ တောင်ထိပ်ပေါ်ကို ရောက်ရှိကြောင်း ကြိုးမဲ့ဆက်သွယ်ရေးစက် ကနေတဆင့် သတင်းရရှိပြီးနောက် အဆက်အသွယ်ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။ အခြေစိုက်စခန်းမှာ ကျန်ရှိနေတဲ့ တောင်တက်အဖွဲ့ဝင် ၆ဦးကတော့ ဒီလ ၉ရက်နေ့ တဟွန်ဒမ်းရွာကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

ဒီကနေ့ဆိုရင် အဖွဲ့ဝင် ၂ဦး အဆက်အသွယ်ပြတ်တောက်နေတာ ၁၁ရက်ရှိပြီဖြစ်ပါတယ်။ ၂၀၁၁ခုနှစ်ကတော့ ဦးတေဇလိုက်ပါသွားတဲ့ ရဟတ်ယာဉ် ရေခဲတောင်ပေါ် အဆင်းမှာ ရေခဲပြင်မှာကျွံကျခဲ့တုံးက ထိုင်းနိုင်ငံက ပုဂ္ဂလိက ကုမ္ပဏီတခုကနေ ရဟတ်ယာဉ်ငှားရမ်းပြီး သွားရောက် ကယ်တင်ခဲ့ရဖူးပါတယ်။ ဒါကတော့ မြန်မာပြည်မှာ ရှိတဲ့ ရဟတ်ယာဉ်က ပေ ၁၅၀၀၀ကျော် အမြင့်ကို မပျံသန်းနိုင်တာကြောင့် ဖြစ်ပါတယ်။

XS
SM
MD
LG