သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ကြိုတင်ဆန္ဒမဲပေးမှု အခြေအနေများ


ဂျပန်နိုင်ငံ၊ တိုကျိုမြို့ မြန်မာသံရုံးရှေ့မှာ ကြိုတင်မဲပေးဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာလူမျိုးများ။ (အောက်တိုဘာ ၁၇၊ ၂၀၁၅။ ဓာတ်ပုံ- မိုင်ကျော်ဦး)
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ မြန်မာသံရုံးရှေ့မှာ ကြိုတင်မဲပေးဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာလူမျိုးများ။ (အောက်တိုဘာ ၁၇၊ ၂၀၁၅။ ဓာတ်ပုံ- မိုင်ကျော်ဦး)

နိုင်ငံတကာရောက် မြန်မာတွေအနေနဲ့ ကမ္ဘာ့မြို့ကြီးအသီးသီးက မြန်မာ သံရုံးတွေမှာ နိုဝင်ဘာရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲတွေ ပေးနေကြပြီ ဖြစ် ပါတယ်။ မဲစာရင်းမှာ မဲပေးဖို့ နာမည်မပါတာ၊ မဲပေးဖို့ မဲပြားအလုံအလောက် မရရှိတာ စတဲ့ ပြဿနာအတော်များများကြုံနေရပါတယ်။ ဒီအခြေအနေတွေကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ဆက်ပေးထားပါတယ်။

တောင်ကိုရီးယားနိုင်ငံက ကိုရဲလှထွန်းကတော့ မိမိပေးရမယ့်မဲလက်မှတ် ဆိုးလ်မြို့ မြန်မာသံရုံးကို ရောက်မလာခဲ့တဲ့အတွက် မိမိနေထိုင်ခဲ့တဲ့ အခြားရပ်ကွက်ကမဲပြားနဲ့ အစားထိုးပြီး သံရုံးက သူ့ကို မဲပေးခိုင်းကြောင်း ပြောပါတယ်။

“ကျနော့်မဲနံပါတ်တောင်းတယ်။ အပြင်မှာရှိတဲ့ ကြိုတင်မဲနံပါတ်က ဘယ်လောက်လဲလို့ တောင်းတယ်။ ကျနော် ပေးလိုက်တယ်။ မှတ်ပုံတင် ထုတ်ပြလိုက် တယ်။ ပြီးရင် ကျနော် ဘယ်မြို့နယ်လဲမေးတယ်။ တောင်ဒဂုံမြို့နယ်၊ (၇၁) ရပ်ကွက်ဆိုပြီး ကျနော် ပြောပြတယ်။ ဒါပေမယ့် (၇၁) ရပ်ကွက်က မဲပေးပိုင်ခွင့် ရှိသူက တစ်ယောက်ပဲပါလာတယ်လို့ ပြောတယ်ခင်ဗျ။ သူတို့က (၇၀) ရပ်ကွက်ထဲမှာရှိတဲ့ လူဦးရေထဲကနေပြီး မဲပေးလို့ရမယ့် စာရွက်သုံးရွက် ကျနော့်ကို ထုတ်ပေးတယ်။ အဲဒီတော့ ဒီစာရွက်ကိုယူပြီး ကျနော် မဲပေးလိုက်လို့ရှိရင် အဆင်ပြေမလားလို့ သူတို့ကို ကျနော် မေးတယ်နော်။ ရပါတယ်-ဆိုပြီး (၇၀) ဆိုတဲ့နေရာမှာ သုည - ဆိုတဲ့နေရာမှာ correction pen နဲ့ဖျက်ပြီး (၁) လို့ ရေးပေးလိုက်တယ်။”

ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးမှာလည်း မဲပြားမပြည့်စုံတဲ့ ပြဿနာတွေ ရင်ဆိုင်ရတယ်လို့ ကိုယ်တိုင် မဲသွားပေးခဲ့သူ ကိုဇော်မင်းထွန်းက ပြောပါတယ်။

“သူတို့ရှင်းပြတာက ပြည်တွင်းကနေပြီး ရွေးကောက်ပွဲကော်မရှင်က ပို့လိုက်တဲ့ မဲပေးခွင့်လူစာရင်းရယ်၊ မဲစာရွက်စာတမ်းတွေ၊ စာအိတ်တွေက ၁၄ ရက် နေ့မှ ရောက်ပြီးတော့ သူတို့ အားချင်း စီစဉ်ဆောင်ရွက်ရတာဖြစ်တဲ့အတွက် မဲမလောက်တာကို မနေ့ညကမှ သူတို့သိတယ်ပေါ့နော်။ သိသိချင်းပဲ သူတို့ ရန်ကုန်ကို လှမ်းအကြောင်းကြားတယ်။ …. သူတို့ကတော့ နိုင်ငံခြားရေးရုံးနဲ့ ပတ်သက်တာဖြစ်တဲ့အတွက် နေပြည်တော်ကိုပြောပြီးတော့ ဒီလိုမျိုး - မဲတွေ မလောက်ပါဘူး၊ အမြန်ဆုံးပြန်ပို့ပေးပါလို့- အဲလိုပြောထားတယ်လို့ပဲ ဖြေရှင်းချက်ပြောတယ်။ ဒီမဲကို ထပ်ပြီးတော့ မဲပေးပိုင်ခွင့် ရနိုင်မလားလို့ ပြောတော့ သူတို့က ရွေးကောက်ပွဲကော်မရှင်ကနေ အဲဒီမဲတွေကို အမြန်ဆုံး ဒီကို ပို့ပေးလို့ရှိရင် မဲပေးခွင့်ပေးမယ်၊ ဒီအတွက်ကြောင့်လည်း ကျနော်တို့ကို ကြိုတင်မဲပေးခွင့်ကိုက (၂၃) ရက်နေ့အထိ သက်တမ်းထပ်တိုးထားပေးတယ်ပေါ့နော်၊ အဲဒီအတွက်ကို သူတို့ ဆောင်ရွက်ပေးမယ်လို့ ပြောတယ်။”

၂၀၁၅ ရွေးကောက်ပွဲအတွက် မဲပေးရာမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် တိုင်းဒေသကြီးလွှတ်တော်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်လောင်း တွေအတွက် ဆိုပြီး ၄ မျိုးရွေးချယ်ရတာရှိပေမယ့် မဲပြားအမျိုးအစား မပြည့်စုံတဲ့ အခြေအနေနဲ့ရင်ဆိုင်ရတယ်လို့ စင်္ကာပူနိုင်ငံ မြန်မာသံရုံးမှာ မဲပေးခဲ့သူ မဇာဇာက ပြောပါတယ်။

“….လုပ်တဲ့ကိစ္စတခုအတွက် ညီမတို့တော့ သိပ်ပြဿနာမရှိခဲ့ဘူး။ ညီမတို့ရပ်ကွက်က ရန်ကင်းဆိုတော့ ညီမတို့ရပ်ကွက်က မြန်တယ်။ ဒါပေမယ့် ညီမဘေးနားက တစ်ယောက်ကကျတော့ ရခိုင်အမကြီး။ သူကကျတော့ ရန်ကုန်မှာနေတယ်။ ဒါပေမယ့် ရခိုင်ဆိုတော့ သူက တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်လောင်းအတွက် ပေးရမှာပေါ့။ ဒါပေမယ့် သူ့ရဲ့မဲ မပါလာဘူး။ သူ့ရဲ့ရခိုင်မဲ မပါတဲ့အတွက် တောင်းတယ်။ ဒါပေမယ့် ဟိုဘက်ကလည်း သူတို့ဆီမှာပါလာတဲ့ list ထဲမှာ ပါလာတဲ့လူမဟုတ်တဲ့အတွက်ပေါ့နော်၊ အဲလိုပဲ သူတို့ပြဿနာတက်တက်နေတာတော့ ကြားတယ်။”

ဗြိတိန်နိုင်ငံ လန်ဒန်မှာ အခုအသံလွှင့်ချိန် မြန်မာနိုင်ငံသားတွေ သံရုံးမှာ မဲပေးနေကြပါတယ်။ မဲပေးချင်ပေမယ့် အဝေးကနေမဲလာပေးဖို့ အခက်အခဲ ရှိနေတယ်လို့ လန်ဒန်မြို့က ဒေါက်တာသက်ကိုကိုက ပြောပါတယ်။

“တော်တော်များများက လန်ဒန်မြို့ပေါ်မှာ မနေကြဘူး၊ အဝေးမှာနေကြတာဆိုတော့- ကျနော်နဲ့ လန်ဒန်နဲ့ဆို မိုင် ၂၅၀ လောက် ဝေးပါတယ်။ အဲဒီတော့ အကယ်၍များ မီးရထားလက်မှတ်ကို ကပ်ဝယ်လို့ရှိရင် (၁) ပေါင် US ဒေါ်လာ 1.58 လောက် ပေါက်ပါတယ်။ အဲဒါ ကျနော်တို့ ဘယ်လောက်လောက် ကုန်လဲဆိုရင် ၁၅၀ လောက်အထိ ကုန်နိုင်ပါတယ်။ တခါတလေကျရင် ကံဆိုးရင် ၂၀၀ လောက်အထိ ကုန်သွားနိုင်ပါတယ်။”

နိုင်ငံကြီးတခုဖြစ်တဲ့ သြစတြေးလျားနိုင်ငံမှာလည်း အလားတူပြဿနာရှိနေတယ်လို့ သြစတြေးလျားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေက VOA ကို ပြောပါ တယ်။ ကြိုတင်မဲကောက်ခံတဲ့ကိစ္စမှာ မြန်မာသံရုံးတွေက အတတ်နိုင်ဆုံး လုပ်ဆောင်နေတယ်ဆိုပေမယ့် အလွဲအမှားပြဿနာ တွေ အများအပြားရှိနေပြီး သံရုံးက ဘာမှ တာဝန်ယူ ဖြေရှင်းနိုင်ခြင်း မရှိဘူးလို့ တိုကျိုမြို့က ကိုဇော်မင်းထွန်းက ထောက်ပြပါတယ်။

“ကျနော်တို့ ပြည်ပရောက် နိုင်ငံသားတွေအနေနဲ့က မဲပေးခွင့်ကိုပုံစံ (၁၅) တင်ရဲ့သားနဲ့ မဲပေးခွင့်မရတဲ့သူတွေ ဂျပန်မှာရှိတဲ့ ဗမာသံရုံးကထုတ်တဲ့ list ထဲမှာ မပါလာတဲ့သူတွေက တော်တော်များများကြုံရတယ်။ အဲဒါကြောင့်မို့လို့လည်း ကျနော်တို့ပြင်ပမှာလာတဲ့ ဥပမာ - ကျောင်းသားတွေ၊ ကိုယ့်သဘောနဲ့၊ ကိုယ့်စာအုပ်နဲ့ကိုယ်လာတဲ့ အမည်စာအုပ်တွေအပြင်ကို သူတို့ အစိုးရကလွှတ်တဲ့လူတွေမှာလည်း မပါတာတွေ အများကြီးကြုံရပြီးတော့ …တခေါက် ပြန်သွားရတယ်ပေါ့နော်။ အဲဒီလူတွေကိုလည်း သူတို့က စာရင်းယူပြီးတော့ နေပြည်တော်ကို ပြန်မေးပေးမယ်။ (၂၃) ရက်နေ့ မှီခဲ့လို့ရှိရင်တော့ ပေးပါ။ မမီလို့ ရှိရင် မရပါဘူးဆိုတဲ့ဟာမျိုးပေါ့နော်။ အဲဒါမှ မကျေနပ်လို့ရှိရင် ဗမာပြည်မှာပြန်ပြီးတော့ မဲသွားပေးကြပါဆိုပြီး အဲလိုပုံစံနဲ့ သူတို့ ဖြေရှင်းတာကို တွေ့ရတယ်ခင်ဗျ။”

အခုလို မဲပေးလိုစိတ်ရှိကြတဲ့ နိုင်ငံခြားရောက်မြန်မာတွေရဲ့အခက်အခဲတွေကြောင့် စင်္ကာပူနိုင်ငံမှာဆိုရင် အောက်တိုဘာ (၂၁) ရက်နေ့ထိ မဲပေးခွင့်ရက်ကို တိုးမြှင့်သတ်မှတ်ထားပြီး ဂျပန်နိုင်ငံမှာလဲ အောက်တိုဘာ (၂၃) ရက်နေ့အထိ ရက်တိုးထားကြောင်း သိရပါတယ်ခင်ဗျား။

XS
SM
MD
LG