သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ငြိမ်းချမ်းရေး လှုပ်ရှားသူ ထောင် ၆လ ပြစ်ဒဏ်ခံရ


ကချင်ငြိမ်းချမ်းရေးတတ်ကြွလှုပ်ရှားသူ ပတ်ထရစ်ကွန်ဂျာလီ။ သတင်းဓာတ်ပုံ Credit to- မေစပယ်ဖြူ။
ကချင်ငြိမ်းချမ်းရေးတတ်ကြွလှုပ်ရှားသူ ပတ်ထရစ်ကွန်ဂျာလီ။ သတင်းဓာတ်ပုံ Credit to- မေစပယ်ဖြူ။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုှုင်ပုံ အပေါ် ခြေထောက် နဲ့ နင်းထားတဲ့ ဓါတ်ပုံကို ဖေ့ဘုတ် လူမှု ကွန်ယက် မှာ ဖြန့်ဝေတယ် ဆိုတဲ့ စွဲချက်နဲ့ ကချင်ငြိမ်းချမ်းရေး တတ်ကြွလှုပ်ရှားသူ ပတ်ထရစ် ကွန်ဂျာလီကို ရန်ကုန်မြို့ တရားရုံးတခုကနေ ထောင်ဒဏ် ၆ လ အမိန့်ချလိုက်ပါတယ်။ တပ်မတော်ကို အကြည်ညိုပျက်စေတဲ့ ပြစ်မှုထင်ရှားတယ်လို့ တရားသူကြီးက တရားခွင်အတွင်း ဆုံးဖြတ်ပြောဆိုခဲ့ပေမယ့်၊ ပတ်ထရစ် ကွန်ဂျာလီကတော့ ဒါဟာ တရားမျှတမှုမရှိဘူး လို့ ဝေဖန် တုန့်ပြန်လိုက်ပါတယ်။ အမိန့်ချရာ ရန်ကုန်တိုင်း လှိုင်မြို့နယ်တရားရုံးကို ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုထက်အောင်က သတင်းပေးပို့ထားပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံ ကို ဖေ့ဘုတ် လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ တရားစွဲဆိုခြင်း ခံထားရတဲ့ ဦးပတ်ထရစ်ကွမ်ဂျာလီကို ဒီကနေ့မှာပဲ လှိုင်မြို့နယ် တရားရုံး ကနေ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။ ဆက်သွယ်ရေး ဥပဒေ ပုဒ် ၆၆ ဃ နဲ့ တရားစွဲဆိုခြင်းခံ ထားရတဲ့ ဦးပတ်ထရစ် ကွမ်ဂျာလီကတော့ ဒီအမှုဟာ တရားမျှတမှု လုံးဝမရှိဘူးလို့ ဝေဖန်လိုက်ပါတယ်။

" ကျနော်အနေနဲ့ကတော့ ဒီဖေ့စ်ဘွတ်ခ်ဆိုတာ ကျနော်တို့ဆီမှာ ဥပဒေလည်း မရှိဘူး။ မရှိပေမဲ့ အခုလိုမျိုး ခြောက်လ ချတယ်ဆိုတာက ကျနော့်အတွက်က မတရားဘူးလို့ပြောချင်တယ်။ နောက်တခုက ဘာပြောချင်လဲဆိုရင် ကျနော်တို့ကတော့ ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောဆိုပေမဲ့ တကယ်တမ်းကျတော့ တရားသူကြီးအတွက်က အရမ်းခက်ခဲပါတယ်။ တရားသူကြီးတွေနဲ့ သက်ဆိုင်ရာတွေက အကောင်းဆုံး လုပ်ပေးတယ် ဒါပေမဲ့ နည်းဥပဒေ မရှိတဲ့အခါကျတော့ ကျနော်တို့ ဘာမှ မလုပ်ခဲ့ပေမဲ့ ကျနော် ပြစ်ဒဏ် ချခံရတယ်။"

ကချင်တိုင်းရင်းသား ဦးထရစ်ကွန်ဂျာလီကို အမှုစစ်နေစဉ်အတွင်းမှာ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေတဲ့အတွက် အာမခံ အကြိမ်ကြိမ် လျှောက် ထားခဲ့ပေမယ့် မရခဲ့ပါဘူး။ ဒါ့အပြင် တရားစီရင်နိုင်တဲ့ ခိုင်လုံတဲ့ သက်သေ စွတ်စွဲချက်မရှိပဲ ဒီအမှုကို ချမှတ်ခဲ့တာကြောင့် တရားရေး မဏ္ဍိုင် အားနည်းမှု ရှိတယ်လို့ ဇနီးဖြစ်သူ မမေစံပယ်ဖြူက ထောက်ပြပါတယ်။

" ကျမ အမျိုးသား ကိုပတ်ထရစ်ကွန်ဂျာလီရဲ့ အမှုဟာ ကျမတို့နိုင်ငံမှာ ရှိတဲ့ တရားစီရင်ရေးရဲ့ အားနည်းမှုနဲ့ တရားဥပဒေစိုးမိုးမှု မရှိခြင်းကို အကောင်းဆုံး ထင်ဟပ် ပြသနိုင်တယ်။ ဥပမာတွေ အများကြီးထဲက သာဓက တခုသာလျင် ဖြစ်တယ်လို့ ပြောချင်တယ်။ "

ကိုထက်အောင်။ ။ ဟုတ်ကဲ့။ ဖေ့စ်ဘွတ်လူမှုကွန်ရက်တွေပေါ်မှာ အကောင့်တုတွေနဲ့ရေးသားတာတွေ အများကြီးရှိတယ်။ အဲ့ဒီ့အထဲမှာမှ ချစ်သမီးရယ် ဦးပက်ထရစ်ကွန်ဂျာလီရယ် အလားတူ ပုဒ်မနဲ့ ထောင်ဒဏ် ခြောက်လစီ ချမှတ်တဲ့အပေါ်မှာ ဘာကြောင့်လို့ အမအနေနဲ့ ယူဆလဲ ဗျ။

" အဓိက ကတော့ ဘယ်လောက်ကြီးတဲ့ ပြစ်မှုကြီးတွေ ကျူးလွန်နေစေကာမူ တပ်မတော်ကို မထိသရွေ့ ကာလပတ်လုံး လွှတ်ထားပေးမယ် တပ်မတော်ကို လာထိရင်တော့ မရဘူး။ အနည်းဆုံးတော့ ထောင်ခြောက် ကျကို ကျရမယ်ဆိုတဲ့ Message ကို ပေးနေတာလို့ပဲ ကျမကတော့ မြင်ပါတယ်။ "

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံကို ခြေထောက်နဲ့ နင်းထားတဲ့ ဓာတ်ပုံကို မျှဝေခဲ့တာကြောင့် တပ်မတော် အကြည်ညိုပျက်စေတဲ့ ပြစ်မှု ထင်ရှားတဲ့အတွက် ဒီပြစ်ဒဏ်ကို ချမှတ်လိုက်တာဖြစ်တယ်လို့ တရားသူကြီးက တရားခွင် အတွင်းမှာ ပြောဆိုခဲ့ပါတယ်။ ဦးပတ်ထရစ်ရဲ့ ရှေ့နေဖြစ်သူ ဦးအယ်လ်ခွန်ရိန်ပန် ကတော့ ဒီအမှုကို အယူခံဝင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

" ကျနော်တို့ တရားရုံးမှာ ရှိတဲ့ အထောက်အထားတွေလောက်နဲ့ အခြေခံပြီးတော့ အခုလို ပြစ်ဒဏ် ချမှတ်တာကတော့ ကျနော်တို့ မှားယွင်းတယ်လို့ လုံးဝ မြင်ပါတယ်။ အဲ့ဒီ့အမိန့်နဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာ အထက်တရားရုံးကို ကျနော်တို့ အယူခံ တက်သွားမယ်။ ကိုကွန်ဂျာလီပြောသလိုပဲ ဒီအယူခံတက်တာက ဒီအယူခံတက်နေတဲ့ ကာလအတွင်းမှာကို သူ လွတ်မြောက်ရင် လွတ်မြောက် သွားမယ်။ ဒါပေမဲ့ ဒီအယူခံတက်တဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ ဖေ့စ်ဘွတ်သုံးစွဲသူ ငါးသန်းရဲ့ အကျိုးကို ရှေးရှု့ပြီးတော့ ကျနော်တို့ တက်မှာပါ။ ဒီလိုမျိုး ခိုင်မာတဲ့ အထောက်အထားမရှိပဲနဲ့ ပြစ်ဒဏ် ချမှတ်တဲ့ အစဉ်အလာတွေ မြန်မာနိုင်ငံ တရားစီရင်ရေးကနေ ပပျောက်သွားဖို့အတွက် ရည်ရွယ်ပြီးတော့ အယူခံဆက်တက်ပြီးတော့ ဥပဒေနဲ့အညီ ဖြေရှင်းသွားမှာပါ။"

ဦးပတ်ထရစ် ကွမ်ဂျာလီကို အောက်တိုဘာလ ၁၄ ရက်နေ့ညမှာ ဖမ်းဆီးခဲ့ပြီူး အင်းစိန် အကျဥ်းထောင်မှာ ရက်ပေါင်း ၉၀ ကျော် ထိန်းသိမ်းထား တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာထောင်ဒဏ် ၆ လ ချမှတ်ခံထားရပေမယ့် ချုပ်ရက် ခံစားခွင့် ရတာကြောင့် သူဟာ ပြစ်ဒဏ် ၂ လကျော် ဆက်လက် ကျခံရမှာ ဖြစ်ပါတယ်။ ဒီကနေ့ တရားရုံးမှာတော့ မိသားစုဝင်တွေအပြင် အမေရိကန်၊ ဗြိတိန်၊ EU ဥရောပသမဂ္ဂ သံရုံးတွေက တာဝန်ရှိသူတွေနဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW တို့လည်း လာရောက်ခဲ့ကြပါတယ်။

XS
SM
MD
LG