သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိပ်သီး ဆွေးနွေးပွဲ အရာရောက်ဖို့ နိုင်ငံရေး ပါတီတွေ တိုက်တွန်း


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ် ခေါင်းဆောင်တွေ မနက်ဖြန် နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။ အခုလို ဆွေးနွေးမှုတွေဟာ အရေးပါတဲ့ ဆွေးနွေးပွဲဖြစ်သလို အရာရောက်ဖို့လည်း လိုတယ်လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့က သုံးသပ် ပြောဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ လာမယ့်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့နဲ့ ရွေးကောက်ပွဲ မတိုင်ခင် ကြားကာလ တည်ငြိမ်ရေး ကိစ္စတွေကို ဆွေးနွေးဖို့ နိုင်ငံရေး ခေါင်းဆောင်တွေ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ၊ တိုင်းရင်းသား ကိုယ်စားလှယ်ခေါင်းဆောင်တွေ နဲ့ သမ္မတ ဦးသိန်းစိန် မနက်ဖြန် နေ့လည် ၃ နာရီမှာတွေ့ဆုံဖို့ ဖိတ်ခေါ်ထားတယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

“သဘောမတူတာတွေနဲ့ တူတာတွေကြားမှာ ညှိနှိုင်းဖို့ပဲပေါ့။ ဆွေးနွေးတဲ့အပေါ်မှာ မူတည်ပြီးတော့ သဘောထားပေးတာတွေ၊ သဘောထားကွဲတာတွေကို ညှိသွားဖို့ပဲ ရှိပါတယ်။ ညှိတာကို ကျနော်တို့ အပြန်အလှန် နားလည်မှုရှိသွားဖို့ပဲ ရှိပါတယ်။”

သမ္မတဦးသိန်းစိန်အနေနဲ့ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NlD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုတချို့ ရှိခဲ့ပေမဲ့လို့ ဒီလို တွေ့ဆုံ ဆွေးနွေးမှုတွေကနေ တိုင်းပြည်ရဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်မယ့် ရလဒ် တစုံတရာတော့ မရှိခဲ့ဘူး ဆိုတဲ့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ သမ္မတအနေနဲ့ နိုင်ငံရေးပါတီတွေ၊ ခေါင်းဆောင်တွေနဲ့ ခုလို တွေ့ဆုံ ဆွေးနွေးတာဟာ အရေးပါသလို၊ အရာရောက်ဖို့လည်း လိုတယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“နိုင်ငံရဲ့အရေး ဆွေးနွေးတာကတော့ အရေးပါတာချည်းပေါ့ဗျာ။ အရေးပါပေမဲ့လို့ အရာရောက်လား ဆိုတာ ရှိတာပေါ့။ အရာရောက်မှု မရောက်မှုကတော့ အရေးပါမှုကို အရာရောက်အောင် committee-wide စဉ်းစားပြီးတော့၊ ဒါတွေကို ထုတ်ပြန်ပြီးတော့၊ ဒါတွေကို လိုက်နာကြမယ် ဆိုတဲ့ဟာမျိုး။ ညီလာခံလိုဟာမျိုးဆိုရင်တော့ အရေးလည်းပါတယ်။ အရာလည်း ရောက်သွားမှာပေါ့။ အခုဟာက အရေးတော့ပါတယ်။ အရာရောက်အောင် လုပ်မယ်ဆိုရင်တော့ committee-wide ထည့်ပြီးတော့ စဉ်းစားဖို့ လိုတာပေါ့။”

မနက်ဖြန် ဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တိုင်းရင်းသားကိုယ်စားလှယ် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲလို့ ခေါင်းစဉ်တပ်ထားပေမဲ့ သမ္မတရုံးက အသိအမှတ်ပြုတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကိုသာ ရွေးချယ် ဖိတ်ခေါ်ပုံ ရတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။

“ဦးသိန်းစိန်တို့ရုံးက အသိအမှတ်ပြုတဲ့ နိုင်ငံရေးပါတီတွေ ရှိပါလိမ့်မယ်။ သူတို့မှာ အသိအမှတ်ပြုတဲ့ပါတီ နဲ့ အသိအမှတ်ပြုတဲ့ ပုဂ္ဂိုလ်တွေ ရှိပါလိမ့်မယ်။ သူတို့ ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားတဲ့ သဘာအားဖြင့် ပါတီတခုရဲ့ ဖွဲ့စည်းပုံအရ စကားပြောချင်တယ် ဆိုရင် သမ္မတကြီး ရုံးဘက်မှာ တာဝန်ရှိတာပေါ့။ မဖိတ်လို့ ကျနော်တို့က ကွက်ပြီးပြောတာ မဟုတ်ဘူးနော်။ ဖွဲ့စည်းပုံတခုကို လေးစားတဲ့အစိုးရ ဖြစ်သင့်တာပေါ့။ အုပ်ချုပ်တဲ့အစိုးရဖြစ်လို့ ပါတီလေးတခုရဲ့ ဖွဲ့စည်းပုံကို မလေးစားဘူးဆိုရင်၊ ကျီးက ဘုတ်ကို ရိုသေမှပဲ။ ဘုတ်က ကျီးကို ရိုသေတာမျိုး ဖြစ်လာနိုင်တယ်။ ဆိုတော့ အဲဒါမျိုးတွေ မဖြစ်ဖို့တော့ သမ္မတရုံးဘက်မှာ တာဝန်ရှိတာပေါ့။ ဥပမာ နိုင်ငံရေးပါတီ အားလုံးကို ဖိတ်မယ်ဆိုရင် သူတို့ဘက်က နိုင်ငံရေးပါတီအားလုံးကို ရွေးကောက်ပွဲ ကော်မရှင်နဲ့ ညှိပြီးတော့မှ သူ့ပါတီအလိုက်၊ သူ့ပါတီရဲ့ ဒီမိုကရေစီ ကျင့်စဉ်အရ ဖိတ်ခေါ်ရမှာပေါ့။ ခေါင်းခေါက်ပြီး ရွေးဖိတ်တာမျိုးဆိုရင် ဒီပွဲက ကြည့်မကောင်းဘူး ဖြစ်သွားမှာပေါ့။”

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အပါအဝင် တိုင်းပြည်ရေးရာတွေကို ဆွေးနွေးညှိနှိုင်းနိုင် ဖို့အတွက် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ် နဲ့ လွှတ်တော်ဥက္ကဋ္ဌ တို့ပါဝင်တဲ့ လေးပွင့်ဆိုင် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပပေးဖို့ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့သလို၊ ပြည်ထောင်စုလွှတ်တော်ကလည်း တိုင်းရင်းသားကိုယ်စားလှယ်တဦးပါ ပါဝင်တဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးမှုတွေ ကျင်းပပေးဖို့ အဆိုပြုခဲ့တာတွေ ရှိပေမဲ့လို့ သမ္မတ ဦးသိန်းစိန်ကတော့ လေးပွင့်ဆိုင် ဆွေးနွေးမှုတွေနဲ့ မလုံလောက်ဘူး၊ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ ဖြစ်ရမယ်ဆိုပြီး ပြောဆိုခဲ့တာပါ။

အဲဒီနောက် ပြီးခဲ့တဲ့ ၂၀၁၄ အောက်တိုဘာလတွင်း သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် နိုင်ငံရေး ပါတီတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ပါဝင်တဲ့ ၁၄ ပွင့်ဆိုင် ဆွေးနွေးမှု၊ အဲဒီနောက် ဇန်နဝါရီလထဲမှာလည်း တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ ပါဝင်တဲ့ ၄၈ ပွင့်ဆိုင် ဆွေးနွေးပွဲ စသဖြင့် ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တာရှိသလို၊ သမ္မတနဲ့ နိုင်ငံရေးပါတီတွေကြား သီးသန့် တွေ့ဆုံမှုတွေလည်း ရှိခဲ့ပါတယ်။

XS
SM
MD
LG