သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည် မြို့နယ်တချို့ ရွေးကောက်ပွဲမကျင်းပဖို့ UEC ဆုံးဖြတ်ချက် SNLD ကန့်ကွက်


ရှမ်းပြည်နယ်အတွင်း ဒေသတချို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် မြို့နယ် ၄ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပမှာမဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရဲ့ ကြေညာချက်ကို SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ကန့်ကွက်လိုက်ပါတယ်။

အဲဒီဒေသတွေမှာ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ တရားနည်းလမ်းတကျ တောင်းဆိုလှုပ်ရှားသွားမယ်လို့ SNLD အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်အတွင်းက မိုင်းရှူးနဲ့ ကျေးသီးမြို့နယ်တွေမှာ တမြို့နယ်လုံးနဲ့ တန့်ယန်းနဲ့ ဟိုပန်မြို့နယ်တွေမှာ တချို့ဒေသတွေ ရွေးကောက်ပွဲ ကျင်းပတော့မှာမဟုတ်ကြောင်း အောက်တိုဘာလ ၂၇ ရက်နေ့ ရက်စွဲနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက် ထုတ်ပြန်လိုက်တဲ့အပေါ် SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က နာရီပိုင်းအတွင်း ကန့်ကွက်စာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အဲဒီဒေသတွေမှာ အစိုးရနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ - ရှမ်းပြည်တောင်ပိုင်းတပ်မတော် (SSPP/SSA) တို့အကြား လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပေါ်နေတာကြောင့် SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ရွေးကောက်ပွဲတွေ မကျင်းပဖို့ အောက်တိုဘာလ ၁၉ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်ထံ အကြောင်းကြားခဲ့တာကြောင့် ရွေးကောက်ပွဲကော်မရှင်ထံက ဒီဆုံးဖြတ်ချက် ထွက်လာတာလို့ SNLD ပါတီအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

“ရွေးကောက်ပွဲမကျင်းပဖို့ ပထမဆုံးစာတင်လိုက်တာကတော့ ကျားဖြူပါတီက တင်လိုက်ပါတယ်။ အကြောင်းပြချက်ကတော့ အဲဒီဒေသတွေမှာ စစ်ပွဲတွေ ဖြစ်နေတာပေါ့နော်။ ကျနော်တို့အနေနဲ့ကတော့ စစ်ပွဲဖြစ်ရတဲ့အကြောင်းရင်းကိုကြည့်ရင် NCA လက်မှတ်ရေးမထိုးလို့ အင်း NCA လက်မှတ်ရေးထိုးဖို့ အဆင်သင့်မဖြစ်သေးလို့ စစ်ရေးနည်းနဲ့ သူတို့ဖိအားပေးတယ်။ တိုက်ပွဲတွေ စတင်တယ်။ ဒါကလည်းပဲ မှားနေတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ လိုအပ်တယ်။ နောက် ရွေးကောက်ပွဲဆိုတာက ကျနော်တို့နိုင်ငံအတွက် မဖြတ်သန်းလို့မဖြစ်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အင်မတန် အရေးကြီးတဲ့ကိစ္စဖြစ်တယ်။ အဲဒါကို ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပါ၊ ရပ်ဆိုင်းပါ ဆိုပြီးတော့မှ တောင်းဆိုတာဟာ သဘာဝမကျဘူး။ အစိုးရအနေနဲ့လည်းပဲ ငြိမ်းချမ်းရေးဖြစ်ဖို့ တိုက်ပွဲတွေရပ်ဖို့ဆိုတာ အစိုးရကိုယ်တိုင်က ဖန်တီးတဲ့ကိစ္စတွေ အများကြီးရှိပါတယ်။ ဒါကြောင့်မို့လို့ တိုက်ပွဲရပ်တယ်၊ မရပ်ဘူးဆိုတာ အစိုးရက အမိန့်ပေးရင် တပ်မတော်က ဒီမိုကရေစီအရေးကို လေးစားလိုက်နာမယ်ဆိုရင် ဒါ တိုက်ပွဲ မရပ်စရာ အကြောင်းလည်း မရှိဘူး။ ဒါကြောင့်မို့လို့ ကျနော့်အနေနဲ့ကတော့ UEC ရဲ့ လုပ်ဆောင်ချက်ဟာ တရားမျှတမှု မရှိတဲ့အတွက်ကြောင့်မို့လို့ ကန့်ကွက်လိုက်ရခြင်းလည်း ဖြစ်ပါတယ်။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပါတီတခုထဲရဲ့ တင်ပြချက်အပေါ် အခြေမခံဘဲ အစိုးရနဲ့ရော နိုင်ငံရေးပါတီတွေနဲ့ပါ ကင်းရှင်းပြီး ဘက်လိုက်မှုမရှိတဲ့ တသီးပုဂ္ဂလ အဖွဲ့အစည်းတခုခုရဲ့ တင်ပြချက်အပေါ် အခြေခံပြီး စဉ်းစား ဆုံးဖြတ်သင့်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာ ကော်မရှင်အနေနဲ့ ဘက်လိုက် ဆုံးဖြတ်တဲ့သဘော သက်ရောက်နေတယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

“အဲဒါ နှစ်ဘက်ပါတီရဲ့ ပြဿနာကို သူတို့ ခေါ်ယူကြားနာစစ်ဆေးတာမျိုး မရှိဘူး။ သုံးသပ်တာမျိုး မလုပ်ဘဲနဲ့ တဘက်ပါတီရဲ့အလိုကျ ဆုံးဖြတ်လိုက်တာကတော့ ဒါ သဘောသဘာဝအားဖြင့်တော့ ဒါ လုံးဝကို ဘက်လိုက်တဲ့အနေအထားမျိုး ရောက်ပါတယ်။ ဒါကလည်းပဲ UEC ရဲ့ ဂုဏ်သိက္ခာကို အင်မတန်ကို ထိခိုက်စေတဲ့ လုပ်ရပ်လို့ ကျနော်မြင်ပါတယ်။”

အခု တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာဟာလည်း NCA အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ လက်မှတ်ထိုးဖို့အတွက် စစ်ရေးအရ ဖိအားပေးတဲ့အနေနဲ့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ သူတို့အနေနဲ့ ယူဆတဲ့အကြောင်း၊ တိုက်ပွဲဖြစ်ပွားနေတာဟာ တပ်မတော်က ထိုးစစ်ဆင်တဲ့အတွက် ဖြစ်တာကြောင့် တိုက်ပွဲတွေရပ်လိုက်ရင် ရွေးကောက်ပွဲ ကျင်းပနိုင်မယ်လို့ ဦးစိုင်းလိတ်က ဆက်ပြောပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ အကူးအပြောင်းကို လေးစားတယ်၊ ရွေးကောက်ပွဲကို တန်ဖိုးထားတယ်ဆိုရင် ဒီထိုးစစ်ဆင်တဲ့ကိစ္စက ရပ်ကိုရပ်ရပါမယ်။ သူတို့ရပ်တာနဲ့ တပြိုင်တည်း UEC က ထပြီးတော့မှ ရွေးကောက်ပွဲလုပ်ပေးနိုင်ပါ့မလား။ ဘယ်တော့မှ ပြန်လုပ်ပေးမလဲ၊ အာမခံချက်လည်း မပေးဘဲနဲ့ ဒီလို တဘက်သတ် ကြေညာလိုက်တာကတော့ လုံး၀ သဘောသဘာဝမကျဘူးပေါ့နော်။”

ရွေးကောက်ပွဲ မကျင်းပဖို့ ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ထားတဲ့ မြို့နယ် ၄ မြို့နယ်မှာ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေးအတွက် သူတို့အနေနဲ့ တရားနည်းလမ်းတကျ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

“ကျနော်ကတော့ စာထွက်လိုက်ပြီ။ UEC ကို တိုက်ရိုက်လည်း ပို့ပါတယ်။ ဒိအပြင်ကို ဒေသခံလူထုတွေ ကိုယ်တိုင်က သူတို့ဟာ အခုလာမယ့် ရွေးကောက်ပွဲကို ပါဝင်ဆင်နွှဲချင်တယ်ဆိုတာကို လက်မှတ်လည်း ကောက်ခံထားပြီးပါပြီ။ ရွေးကောက်ပွဲကို မရွှေ့ဆိုင်းဖို့၊ မပိတ်ပင်ဖို့၊ ဝိုင်းဝန်းကန့်ကွက်တဲ့ လက်မှတ်ရေးထိုးပြီးတော့မှ စာတင်ထားကြတာ၊ တမြို့နယ်ကို အနည်းဆုံး လေး၊ ငါးထောင် ရပြီးပါပြီ။ အဲဒါတွေလည်းပဲ ကျနော်တို့ UEC ကို ပို့မယ်။ ဒိအပြင် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုယ်တိုင် ဦးဆောင်တဲ့ တရားနည်းလမ်းတကျ ဆန္ဒပြပွဲတွေလည်းပဲ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိပါတယ်။”

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ အတွင်းက မြို့နယ်နဲ့ ကျေးရွာတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့တာမှာ ရှမ်းပြည်နယ်အတွင်း ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ပန်ဆန်း အပါအဝင် ပန်ဝိုင်၊ မိုင်းမော၊ နားဖန်းနဲ့ မိုင်းလားမြို့နယ်တွေမှာ မြို့နယ်တခုလုံးစီနဲ့ မူဆယ်၊ ကုန်းကြမ်း၊ မန်တုံ၊ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းတုံနဲ့ မက်မန်း မြို့နယ်တွေမှာ ကျေးရွာအုပ်စုတချို့တို့ပါဝင်ကြောင်း ဖော်ပြထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်းဒေသ ကွတ်ခိုင်နဲ့ မိုင်းရှူး ဒေသတွေမှာ အောက်တိုဘာ လလယ်လောက်ကတည်းက စတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ မနေ့ အောက်တိုဘာလ ၂၇ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်ခင်ဗျာ။

XS
SM
MD
LG