သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရန် သပိတ်စစ်ကြောင်းများ နား


ဓာတ်ပုံ- မာတင်ဆွေ fb
ဓာတ်ပုံ- မာတင်ဆွေ fb

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်နေတဲ့ တနင်္သာရီ၊ မွန်၊ မြေလတ်သပိတ်စစ်ကြောင်းဟာ ပဲခူးမြို့ကို ရောက်လာပါပြီ။ ကျောင်းသားတွေရဲ့ ဆန္ဒသဘောထားတွေနဲ့ ရေးဆွဲထားတဲ့ အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို လွှတ်တော်က အတည်ပြုတဲ့အထိ ပင်မသပိတ်စစ်ကြောင်းက ဆက်လက်ချီတက်သွားမှာဖြစ်သလို ကျန်တဲ့ သပိတ် စစ်ကြောင်းတွေကတော့ လွှတ်တော်က အတည်ပြုမယ့်ကာလအထိ စောင့်ကြည့်ရင်း သပိတ်တွေကို ခေတ္တရပ်နားထားမယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

တနင်္သာရီ၊ မွန်၊ မြေလတ်ကျောင်းသားတွေရဲ့ သပိတ်စစ်ကြောင်းဟာ လက်ရှိ ပဲခူးမြို့ပေါ်မှာပဲ ဆက်ရှိနေပြီး သူတို့စစ်ကြောင်းရဲ့ ဆုံးဖြတ်ချက်အရ အမျိုးသား ပညာရေးဥပဒေမူကြမ်းကို လွှတ်တော်က အတည်ပြုပေးဖို့ စောင့်ကြည့်ရင်း ဆက်လက်လှုပ်ရှားသွားမှာဖြစ်ပေမယ့် လောလောဆယ်မှာ သပိတ်ကို ခေတ္တရပ်နားထားမယ်လို့ ဆိုပါတယ်။ ပညာရေးဥပဒေအပေါ် အစိုးရနဲ့ဆွေးနွေးပွဲတွေကို တလအတွင်း စောင့်ကြည့်နေမှာဖြစ်ပြီး ဒီအတောအတွင်း ကျောင်းသားသမဂ္ဂ ဖော်ဆောင်ရေးလုပ်ငန်းတွေ ဆက်လုပ်သွားမယ်လို့ ထားဝယ်စစ်ကြောင်းရဲ့ သပိတ်ခေါင်းဆောင် ကိုဇင်မောင်ဖြိုးက ဆိုပါတယ်။

“ဒီရက်ပိုင်းအတွင်းမှာ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့မူကြမ်း လွှတ်တောကို ပို့မှာလေ။ အဲဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျနော်တို့က သပိတ်ကိုတော့ မလှန်ဘူး။ ခေတ္တရပ်လိုက်တယ်ပေါ့။ အဲဒီ Pre-correction (၉) ချက်မှာ အခုလက်ရှိ ရှိနေတဲ့ကျောင်းသားသမဂ္ဂတွေကို တရားဝင်အသိအမှတ်ပြုတယ်လို့ ပြောတယ်။ အခု ရက် (၃၀) အတွင်းမှာ ကျနော်တို့က ကျောင်းသားသမဂ္ဂတွေကို ပိုပြီးတော့ အင်အားကောင်းအောင် စုစည်းမယ်။ နောက်ပြီးတော့ ပြန်ပြီးတော့ စည်းလုံးမယ်ပေါ့- အင်အားပိုပြီးတော့ များလာအောင်၊ ပိုပြီးတော့ --- အောင်လုပ်မယ်ပေါ့။ ရက် (၃၀) အတွင်းမှာ ဖွဲ့စည်းရေးကာလလို့ ကျနော်တို့ သတ်မှတ်ထားတယ်။ ရက် (၃၀) အတွင်းမှာ ကျနော်တို့လိုချင်တဲ့ဟာတွေ မရရင် ဒီထက်ပိုပြီးတော့ ပြင်းထန်တဲ့သပိတ်တိုက်ပွဲတွေ ပြန်ပြီးတော့ ဆင်နွဲမယ်။”

မန္တလေးကနေ ရန်ကုန်ချီတက်လာနေတဲ့ ပင်မသပိတ်စစ်ကြောင်းကတော့ ပဲခူးတိုင်း၊ မင်းလှမြို့ကို ရောက်နေပါပြီ။ ပင်မသပိတ်စစ်ကြောင်းက မဖြစ်မနေ ရန်ကုန်ကို ချီတက်ဖို့ ဆုံးဖြတ်ချက်ချထားကြောင်း၊ ပင်မသပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုသီဟဝင်းတင်က ဆိုပါတယ်။

“ကျနော်တို့ ဒီခရီးလမ်းကို လျှောက်လာတယ်ဆိုတာက ပြည်သူတွေရဲ့အားကြောင့်လည်း ကျနော်တို့ ဒီအထိ ရောက်လာတာ။ ဒီ ပြည်သူတွေကိုလည်း ကျနော်တို့ ကျေးဇူးတင်စကားတွေ ပြောဖို့ရှိတယ်။ ကျေးဇူးတင်ကြောင်းလည်း ပြောရမယ်။ ပြီးတော့ အောင်မြင်မှုအထိမ်းအမှတ်အနေနဲ့ ရန်ကုန်မှာ ပြည်သူကို ကျေးဇူးတင်စကားပြောဖို့အတွက်ပေါ့။ ကျနော်တို့ ပင်မသပိတ်စစ်ကြောင်းကတော့ အတားအဆီးတွေကြားကပဲ ရန်ကုန်ကိုဝင်မယ်၊ ရန်ကုန်ကိုဝင်တဲ့အခါမှာ ဒီဥပဒေက အတည်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ရဲ့ အောင်မြင်မှုအထိမ်းအမှတ်အနေနဲ့ မိဘတွေအတွက် ကျေးဇူးတင်စကားပြောဖို့ ရန်ကုန်ကိုဝင်မယ်။ တကယ်လို့သာ ဒီဥပဒေ အတည်မဖြစ်ခဲ့ဘူးဆိုရင် ကျနော်တို့ ရန်ကုန်အဝင်ဟာ တိုက်ပွဲသဏ္ဍန်ပဲဖြစ်လိမ့်မယ်။”

အခုရက်ပိုင်းအတွင်း သပိတ်စစ်ကြောင်းတွေ ရန်ကုန်နယ်နိမိတ်ထဲ မဝင်လာရေး အာဏာပိုင်တွေဘက်ကလည်း လုံခြုံရေးချပြီး အတားအဆီးတွေ ရှိနေချိန်မှာပဲ ထားဝယ်နဲ့ မွန်၊ မြေလတ်စစ်ကြောင်း၊ ဧရာဝတီစစ်ကြောင်းတွေကို ခေတ္တရပ်နားထားမယ့်အကြောင်း သပိတ်မှောက် ကျောင်းသားတွေ ဘက်က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ကြပါတယ်။

ကျောင်သားတွေအနေနဲ့ အောင်မြင်နေချိန်မှာ ‘ရပ်နားဖို့’ စောင့်ကြည့်လေလာနေသူတွေနဲ့ သံဃာတော်တချို့က ပြောနေတာ ရှိပေမယ့် အစိုးရဲ့ ကတိစကားတွေအပေါ်မှာ ယုံကြည်မှုအားနည်းနေတာမျိုးတွေလည်းရှိတဲ့အကြောင်း သပိတ်စစ်ကြောင်းအသီးသီးက ခေါင်းဆောင်တွေက ပြောပါတယ်။ ကျောင်းသားတွေ အခုလို ဆုံးဖြတ်ချက် ချကြတာဟာ ကျောင်းသားအချင်းချင်းကြား ကွဲလွဲမှုတွေရှိနေတာကြောင်းလားလို့ မေးမြန်းကြည့်တဲ့အခါမှာတော့ ကျောင်းသားတွေအနေနဲ့ ဘုံ သဘောတူညီချက်ရှိကြပြီး နည်းဗျူဟာအရသာ ကွဲလွဲမှု အနည်းငယ်ရှိနိုင်ကြောင်း ကိုသီဟ ဝင်းတင်က ဆိုပါတယ်။

“တခြား ကြီးကြီးမားမား ကွဲလွဲမှုတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ကျောင်းသား-ဆိုတာလည်းတူတယ်၊ ပြီးတော့ နောက်တချက်က အမျိုးသားပညာရေးဥပဒေကို ကျနော်တို့ ဒီမိုကရေစီဆန်တဲ့ ပညာရေးဥပဒေကိုလည်း ကျနော်တို့လိုလားတယ်-ဆိုတာ ဘုံတူညီချက်တွေပေါ့နော်။ ဒါပေမယ့် သွားတဲ့လမ်းလေးတွေမှာတော့ နည်းနည်း ကွဲကောင်းကွဲမှာပေါ့။ ဗျူဟာအရတွေတော့ ကွဲကောင်းကွဲမှာပေါ့။ ဒါလောက်ပဲ ရှိမှာပါ။”

အမျိုးသားပညာရေးဥပဒေကို နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအစည်းအဝေးကနေ ကန့်ကွက်ကြောင်းစာတစောင်ကို နိုဝင်ဘာလမှာ ကျောင်းသားတွေက ထုတ်ပြန်ခဲ့ပြီးတဲ့နောက် (၄) ရက်ကြာ ထိုင်သပိတ်ဆင်နွဲခဲ့ပါတယ်။ အဲဒီ ထိုင်သပိတ်ပြီးတဲ့နောက် ရက်ပေါင်း (၆၀) အတွင်း အစိုးရက ညှိနှိုင်း ဖြေရှင်းဖို့ ကိုလည်း တောင်းဆိုထားခဲ့ပါတယ်။ ရက်ပေါင်း (၆၀) ကျော်လာတဲ့ချိန်အထိ အစိုးရဘက်က တစုံတရာ အရေးတယူ ဖြေရှင်းဆောင်ရွက်ပေးတာ မရှိခဲ့တဲ့အတွက် အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်နေကြတဲ့ကျောင်းသားတွေဟာ မန္တလေးကနေ ရန်ကုန်အထိ ခရီရှည် ခြေလျင်ခရီး ချီတက် ဆန္ဒပြခဲ့ကြ တာကြောင့် အခုလို အစိုးရနဲ့ကျောင်းသားတွေကြား တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာခဲ့တာပါ။

အစိုးရဘက်ကတော့ ကျောင်းသားတွေရဲ့တောင်းဆိုချက်တွေကို ‘မူအားဖြင့်’ သဘောတူကြောင်းပြောခဲ့ပြီး သပိတ်တွေရပ်နားဖို့ တောင်းဆိုခဲ့ပါတယ်။ ကျောင်းသားတွေဘက်ကလည်း သူတို့တောင်းဆိုထားတဲ့ ပညာရေးဥပဒေကို လွှတ်တော်မှာ အတည်ပြုပြီးတဲ့အထိ ဖိအားပေးဖို့ရည်ရွယ်ချက်နဲ့ သပိတ်တွေကို ရပ်တန့်မှာမဟုတ်ဘူးလို့ ကြေညာထားခဲ့တာပါ။ အစိုးရဘက်ကလည်း ကျောင်းသားသပိတ်စစ်ကြောင်းတွေ ရန်ကုန်ကို ဝင်ရောက်မယ်ဆိုရင် ‘တည်ဆဲဥပဒေအရ အရေးယူမယ်’ လို့ သတင်းထုတ်ပြန်ထားပါတယ်။

လောလောဆယ်မှာ ကျောင်းသားသပိတ်စစ်ကြောင်းတချို့က ရန်ကုန်ကိုမဝင်ဖို့ ဆုံးဖြတ်လိုက်ကြပေမယ့် မန္တလေးကနေ ခရီးအရှည်ဆုံးချီတက်လာခဲ့တဲ့ ပင်မသပိတ်စစ်ကြောင်းကတော့ ရန်ကုန်ကို ဆက်လက်ချီတက်မယ်လို့ ကြေညာထားပါတယ်ရှင်။

XS
SM
MD
LG