သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ် ပင်လယ်ပြဿနာ အာဆီယံညီလာခံမှာ လွှမ်းမိုး


ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ အာဆီယံထိပ်သီး အစည်းအဝေးပွဲကို နေပြည်တော်မှာ စတင် ကျင်းပတော့မှာပါ။ ဒီတခေါက် အာဆီယံခေါင်းဆောင်တွေအနေနဲ့ တောင်တရုတ်ပင်လယ်ပိုင်နက်ကို လိုက်နာစောင့်စည်းရမယ့် အချက်တွေနဲ့ ပတ်သက်ပြီးတော့ သဘောတူညီချက်ရဖို့ အလားအလာတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Steve Herman ပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၃ လကကျင်းပခဲ့တဲ့ ဒေသတွင်း လုံခြုံရေးနှီးနှောဖလှယ်ပွဲမှာ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ ၁၀ နိုင်ငံက တောင်တရုတ်ပင်လယ်ပြင်ဆိုင်ရာ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေကို အမြန်ဆုံး အဆုံးသတ် ရေးဆွဲချမှတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ အခုသီတင်းပတ်အတွင်း အာဆီယံခေါင်းဆောင်တွေ နေပြည်တော်မှာ တွေ့ဆုံချိန်မှာ ဒီကိစ္စ အပြီးသတ် လုပ်ဆောင်နိုင်ဖွယ် မရှိပေမဲ့လို့ ဒါကို အမြန်ဆုံး ချမှတ်ဆောင်ရွက်နိုင်အောင် ပါဝင်ပတ်သက်ကြသူတွေ အားလုံးက သန္ဓိဌာန်ချ ဆောင်ရွက်နေတယ်လို့ မြန်မာပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

“ကျနော်တို့ ဒီ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ ဒီ အာဆီယံဥက္ကဌရာထူး စယူမယ်ဆိုကတည်းကိုက တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကြောင့် မြန်မာနိုင်ငံအနေနဲ့ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ဦးဆောင်နိုင်ပါ့မလားဆိုတဲ့ သံသယတွေ ကျနော်တို့မှာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ကျနော်တို့ အာဆီယံထိပ်သီး အစည်းအဝေးရယ်၊ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရယ်၊ ၂ ကြိမ်ရယ်ပေါ့နော် အဲ့ဒါကိုကြည့်လိုက်မယ်ဆိုရင် တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်လို့ ကျနော်တို့ အာဆီယံရဲ့ ဘုံသဘောထားအပေါ်မှာ ရပ်တည်ပြီးတော့မှ ကျနော်တို့ မှန်ကန်တဲ့ ဖြေရှင်းမှုတွေ လုပ်နိုင်တာကို တွေ့ရပါတယ်။ နှစ်ဆန်းပိုင်းတုန်းက တော်တော်လေး တင်းမာမှု မြင့်ခဲ့တာတွေ ရှိပါတယ်။ ရေနံတွင်းတူးစင်နဲ့ ပတ်သက်ပြီးတော့။ သို့သော် ကျနော်တို့ရဲ့ ကြားဝင် ညှိနှိုင်းမှုဆိုတာက ဒါ အစည်းအဝေး ခန်းမတွေအတွင်းမှာ ညှိနှိုင်းဖြေရှင်းပေးမှုအရရော၊ တောင်တရုတ်ပင်လယ်ပြင်မှာ ဘာပဲပြောပြော တင်းမာမှုအရှိန် လျော့ကျလာတာကို တွေ့ရမှာပါ။ အဲတော့ ဒီအစည်းအဝေးမှာတော့ ကျနော်တို့ ဘာကို မျှော်မှန်းထားသလဲဆိုတော့ code of conduct တခု အမြန်ဆုံး ပေါ်ပေါက်နိုင်ရေးအတွက် ဘယ်လိုစပြီးတော့ အစီအစဉ်တွေ လုပ်ကြမလဲဆိုတဲ့ ခိုင်ခိုင်မာမာ သဘောတူညီချက်တခု ရနိုင်ဖို့တော့ ကျနော်တို့အားလုံး ကြိုးစားဖို့ မျှော်လင့်ထားပါတယ်။”

တရုတ်သင်္ဘောတွေ ပါဝင်ပတ်သက်နေတဲ့ ရေကြောင်းဆိုင်ရာ အငြင်းပွားမှုတွေနဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံတွေက ပိုပြီးတော့ စိုးရိမ်လာနေကြတာပါ။ တရုတ်အစိုးရဟာ အငြင်းပွားနေတဲ့ ရေပိုင်နက် နေရာတွေမှာ ပိုမို ဆိုးဆိုးရွားရွား ပြုမူလာနေတာ တွေ့ရတယ်လို့ အမေရိကန်အစိုးရ အရာရှိတွေက ပြောပါတယ်။

ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အစိုးရိမ်ဆုံး နိုင်ငံတွေပဲ ဖြစ်ပါတယ်။ ဒီစိုးရိမ်ချက်ကို ဗီယက်နမ် သံတမန်ဟောင်းတဦးဖြစ်တဲ့ လက်ရှိ အာဆီယံ အတွင်းရေးမှူးချုပ် Le Luong Minh ကလည်း ဗွီအိုအေနဲ့ တွေ့ဆုံမေးမြန်းချိန်မှာ အသိအမှတ်ပြု ပြောဆိုပါတယ်။

“နိုင်ငံရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ စိတ်ပိုင်းဖြတ်ထားတာနဲ့ လက်တွေ့ ဆောင်ရွက်မှုတွေကြား ကွာဟချက် ကြီးမားနေတာကို တွေ့ရပါတယ်။ ကျနော် ဆိုလိုတာက တကယ့် ပင်လယ်ပြင်မှာ ဖြစ်နေတဲ့ အခြေအနေကိုပါ။ ဒါကို ဖြေရှင်းနိုင်ဖို့က ကျနော်တို့အတွက် စိန်ခေါ်မှု ဖြစ်နေပါတယ်။”

ရှေ့နှစ်ကျရင် အာဆီယံအလှည့်ကျ တာဝန်ယူမယ့် မလေးရှားဟာ တရုတ်လိုလားတဲ့နိုင်ငံလို့ ရှုမြင်ထားတာကြောင့် အခု တောင်တရုတ်ပင်လယ်ပြင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်လို့ သဘောတူညီချက် ရယူဖို့ကိစ္စ ပိုပြီးတော့ ခက်ခဲနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။ အရင် အာဆီယံအတွင်းရေးမှူးချုပ် ပြောသလိုပဲ အာဆီယံဟာ အရာရာကို အများသဘောတူညီချက်နဲ့ ဆုံးဖြတ်ရတာကြောင့်မို့လို့ အဖွဲ့ရဲ့ လုပ်ကိုင်နိုင်မှုနှုန်းဟာ အာဆီယံထဲမှာ အနှေးဆုံး အလုပ်လုပ်နိုင်တဲ့ နိုင်ငံတခုရဲ့ နှုန်းလောက်ကို နှေးကွေးနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG