သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေထုညစ်ညမ်းမှု အန္တရာယ်


လေထုညစ်ညမ်းမှု
လေထုညစ်ညမ်းမှု

လေထုညစ်ညမ်းမှုဟာ လူထု ကျန်းမာရေး ကိုသာမက သဘာဝဝန်းကျင် အတွက်ပါ အန္တရာယ် ရှိပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှု၊ အက်ဆစ်မိုးရွာသွန်းမှုနဲ့ ကမ္ဘာကို နေက ဓါတ်ရောင်ခြည်တွေ မသင့်စေဖို့ အကာကွယ်ပေးနေတဲ့ ကောင်းတဲ့ အိုဇုံးလွှာ ပျက်စီးမှုတွေကို ဖြစ်စေတဲ့ လေထု ညစ်ညမ်းမှုကို ဘယ်အရာတွေက အဓိကစေတာပါလဲ။

မြေပြင်နားက မကောင်းတဲ့ အိုဇုံးဓါတ်ငွေ့တွေ၊ ကာဗွန်မိုနောက်ဆိုက်၊ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုက်၊ ဆာလ်ဖာ ဒိုင်အောက်ဆိုက်၊ ခဲနဲ့ particles လို့ခေါ်တဲ့ အမှုန်အမွှားလေးတွေ ကလေထုကို အဓိက ညစ်ညမ်းစေတာလို့ သဘာဝ ဝန်းကျင် ဆိုင်ရာ အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က ပြောပါတယ်။

ဒီ ၆ မျိုးနဲ့အတူ အာဆင်းနစ်၊ Asbestos ဘန်ဇင်းနဲ့ ဒိုင်အောက်စင်လို ကင်ဆာရောဂါလို ရောဂါဆိုးတွေကို ဖြစ်ပွါးစေတဲ့ ဆိုးဆိုးဝါးဝါး အဆိပ်သင့်စေတဲ့ ဓါတုပစ္စည်းတွေ၊ Greenhouse gas လို့ခေါ်တဲ့ ဖန်လုံအိမ် ဓါတ်ငွေ့တွေ၊ ကမ္ဘာ့လေထု အထက်လွှာ stratosphere က ကောင်းတဲ့ အိုဇုံးလွှာကို ပျက်စီးစေတဲ့ ဓါတုပစ္စည်းတွေ လည်း ပါဝင်ပါတယ်။

အိုဇုံး ၂ မျိုးရှိတဲ့ထဲက ကမ္ဘာ့လေထု အောက်ပိုင်းမှာ တွေ့ရတဲ့ မကောင်းတဲ့ အိုဇုံး ကတော့ နေရောင်အောက်မှာ နိုက်ထရိုဂျင်အောက်ဆိုက်နဲ့ Volitile Organic Compound - VOC လို့ခေါ်တဲ့ အငွေ့ပျံတတ်တဲ့ အော်ဂဲနစ်ကွန်ပေါင်းတွေ ဓါတ်ပြုလို့ ရတာဖြစ်ပါတယ်။

ဒီအိုဇုံးဟာ ရင်ကြပ်ရောဂါရှင်တွေအတွက် အန္တရာယ်ရှိသလို ကာဗွန်မိုနောက်ဆိုက် ကလည်း လူ့ခန္ဓာကိုယ်က လိုအပ်တဲ့ အောက်ဆီဂျင် အပြည့်မရနိုင်ပဲ ဖြစ်စေတာမို့ မူးဝေ ခေါင်းကိုက်စေသလို ပမာဏ သိပ်များသွားရင် အသက်ပါ ဆုံးရှုံးနိုင် တာပါ။ နိုက်ထရိုဂျင်အောက်ဆိုက်က အက်ဆစ်မိုးရွာစေသလို ဆာလဖာ ဒိုင်အောက်ဆိုက်ကလည်း အသက်ရှုကြပ်စေပြီး မျက်စိ၊ နှာခေါင်း၊ လည်ချောင်း တွေကို ဒုက္ခပေးတတ်ပါတယ်။ ခဲကတော့ ကျောက်ကပ်နဲ့ နှလုံးရောဂါအပြင် ကလေးငယ်တွေ ဆိုရင် ဉာဏ်ရည် နိမ့်ပါးမှု ဖြစ်စေတာပါ။

လူသားတွေဟာ အသက်မရှုပဲ နေလို့မရပါဘူး။ ဒါ့ကြောင့် လေထုညစ်ညမ်းမှုကို အထူးသတိပြုဖို့ လိုအပ်တာဖြစ်ပါတယ်။

XS
SM
MD
LG