သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ ကျောက်မီးသွေး မိုင်း


Kalaywa coal mine. Burma
Kalaywa coal mine. Burma

ကျောက်မီးသွေးကို ၄ ရာစုလောက်က စတင်တွေ့ရှိခဲ့ပြီး ၁၁ ရာစုလောက် မှာတော့ ကျောက်မီးသွေးကို သံကို ကြိုချက်တဲ့ နေရာမှာ သုံးလာကြပါတယ်။ ၁၈၈၀ နှစ်တွေမှာ လျှပ်စစ်ဓါတ်အား ထုတ်ရာမှာ စတင် သုံးစွဲလာကြတာဖြစ်ပြီး အခု ကမ္ဘာ့လျှပ်စစ်ထုတ်လုပ်မှု ရာနှုန်း ၄၀ လောက်ဟာ ကျောက်မီးသွေးကို အားထားနေ ကြရတာပါ။ ဒါပေမယ့် ကမ္ဘာကြီးကို ပူနွေးစေတဲ့ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှု များသလို အန္တရာယ် ပေးနိုင်တဲ့ ကျောက်မီးသွေးကို မသုံးစွဲဖို့ အများက စဉ်းစား လာကြချိန်မှာ မြန်မာနိုင်ငံမှာတော့ ကျောက်မီးသွေးနဲ့ လည်ပါတ်တဲ့ ဓါတ်အားပေး စက်ရုံတွေ တည်ဆောက်ဖို့ ခေတ်စားလာတာ တွေ့ရပါတယ်။

ဒီကျောက်မီးသွေးကို မြန်မာနိုင်ငံမှာ ဘယ်အတိုင်းအတာထိ ထုတ်လုပ်နိုင်တယ် ဆိုတာနဲ့ ကျောက်မီးသွေး ထွက်တဲ့ မြန်မာနိုင်ငံရဲ့ အနေအထားကို သတ္တုတွင်းဝန်ကြီးဌာန လက်အောက်က ကလေးဝ ကျောက်မီးသွေး မိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစား အင်ဂျင်နီယာ ဦးစောမိုးမြင့်ကို မေးမြန်းပြီး တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ ကျောက်မီးသွေး သတ္တုသိုက်တွေက ထွက်လာမယ့် ကျောက်မီးသွေးဟာ သက္ကရာဇ် ၂၀၀၀ ဝန်းကျင်က ကလေးဝနဲ့ နမ်းမား သတ္တုတွင်းတွေကပဲ အဓိက ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး တန်ချိန် သန်းပေါင်း ၂၅၀ လောက် ရှိမယ်လို့ တွက်ချက် တိုင်းတာထားပါတယ်။ မြန်မာနိုင်ငံမှာ အထင်ကရ ကျောက်မီးသွေး ထွက်ရှိတဲ့ နေရာက ၃၀ ကျော်ရှိပါတယ်။ အများဆုံးတွေ့ရတဲ့ ဒေသက စစ်ကိုင်းတိုင်း ဖြစ်ပြီး မော်လိုက်ကနေ ကလေးဝ၊ မင်းကင်း အထိ တကျောလုံးမှာ တွေ့ရပါတယ်။ ရှမ်းပြည်နယ်က တီကျစ်၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တွေမှာလည်း တွေ့ရတာပါ။

၂၀၁၁ ခုနှစ် မြန်မာ့ စွမ်းအင်ဌာန တွက်ချက်မှုအရ တန်ချိန်သန်းပေါင်း ၂၇၀ ကျော်ရှိပြီး ၁၆ နေရာမှာ ကျယ်ကျယ်ပြန့်ပြန့် တူးဖေါ်နိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တွေ့ရတဲ့ ကျောက်မီးသွေးအမျိုးအစားက သက်နုတဲ့ အဆင့် ၃ အမျိုးအစားဖြစ်တဲ့ ကာဗွန်ဓါတ် ၅၀ ရာနှုန်း ဝန်းကျင်ပါဝင်တဲ့ Sub Bituminous နဲ့ ကာဗွန်ဓါတ် ၃၅ ရာနှုံးလောက် ပါဝင်တဲ့ Lignite တို့ ဖြစ်ပါတယ်။

ကျောက်မီးသွေး တူးဖေါ်မှုကို စနစ်တကျ မလုပ်နိုင်ရင် ဝန်းကျင် မြေထုအတွက်သာမက လေထုရော ရေထုမှာပါ ထိခိုက်စေနိုင်တာပါ။ ကျောက်မီးသွေး တူးဖေါ်ပြီး စွန့်ပစ်တဲ့ မြေစာထဲမှာ လူကို အန္တရာယ်ပြုနိုင်တဲ့ ဆာလဖာ ဒြပ်ပေါင်း ပါသလို မီးလောင်ရင် လူကို ဥပါဒ်ပေးတတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆောက်နဲ့ နိုက်ထရိုဂျင် အောက်ဆိုက် ဓါတ်ငွေ့တွေ ထွက်စေပါတယ်။ ကျောက်မီးသွေး တူးဖေါ်တာနဲ့ သယ်ယူပို့ဆောင်ရာမှာ လေထဲပျံ့သွားတတ်တဲ့ အင်မတန်သေးငယ်တဲ့ အမှုန်တွေကို ရှုမိရင် ကြာလေ အဆုပ်ကျစ်သွားတဲ့ ရောဂါမျိုးကို ဖြစ်စေတတ်တာပါ။ ကျောက်မီးသွေးသုံး စက်ရုံတွေက လွင့်တဲ့ ပြာက အဆိုးဆုံး ဖြစ်သလို မီးခိုးခေါင်းတိုင်က ထွက်တာထက် မီးဖိုအောက်ကထွက်တဲ့ ပြာကလည်း လူအတွက် အန္တရာယ်ပေးပါတယ်။

ကျောက်မီးသွေးကို မီးရှို့ရင် မာကျူရီလို့ ခေါ်တဲ့ ပြဒါး၊ အာဆင်းနစ်၊ ခဲ၊ ကက်ဒမီယံ၊ အပြင် ယူရေနီယံတွေပါ ထွက်လာစေတာမို့ အခုဆို ကမ္ဘာမှာ ဒီ ဓါတ်ငွေ့တွေနဲ့ ဖန်လုံအိမ် ဓါတ်ငွေ့တွေ မထွက်အောင် လုပ်ရတဲ့ clean coal technology နဲ့ သန့်စင်ပြီးမှ ကျောက်မီးသွေး ထုတ်လုပ်ခွင့်ကို အစိုးရတွေက ချပေးလာကြတယ်လို့ ဦးစောမိုးမြင့်က ပြောပါတယ်။

XS
SM
MD
LG