သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းငြိမ်းချမ်းရေး နှစ်သစ်ကူးမိန့်ခွန်းမှာ ဒေါ်စုအလေးပေး


ဒေါ်အောင်ဆန်းစုကြည် နှစ်သစ်ကူးမိန့်ခွန်းပြောကြား(ဓါတ်ပုံ- နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး )
ဒေါ်အောင်ဆန်းစုကြည် နှစ်သစ်ကူးမိန့်ခွန်းပြောကြား(ဓါတ်ပုံ- နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး )

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နှစ်သစ်ကူး မိန့်ခွန်းပြောကြားရာမှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အပစ်အခတ် ရပ်စဲရေးပြီးမြောက်အောင် ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်း နဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး တို့လည်း လိုအပ်ကြောင်း ထည့်သွင်းပြောဆို သွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နှစ်သစ်ကူး မိန့်ခွန်းပါ ပြည်တွင်းငြိမ်းချမ်းရေးအပေါ် နိုင်ငံရေး သုံးသပ်သူတွေရဲ့ အမြင်တွေကို ဗီအိုအေမြန်မာပိုင်းက ကိုမိုးဇော်က အခုလို စုစည်းတင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန်ယူပြီးနောက် လူထုကို ပထမဆုံးပြောဆိုလိုက်တဲ့ မိန့်ခွန်းမှာ ရွေးကောက်ပွဲကာလက တင်ပြခဲ့တဲ့ မူဝါဒတွေအတိုင်း အစိုးရသစ်က ဆောင်ရွက်မှာဖြစ်ကြောင်း ထပ်လောင်း ပြောဆိုလိုက်ပါတယ်။

ဒီမူဝါဒတွေထဲမှာ အမျိုးသားရင်ကြားစေ့ရေး၊ ပြည် တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင် ပြောင်းလဲရေး၊ ဒီမိုကရေစီစနစ်ရှင်သန်အမြစ်တွယ်အောင် ဆောင်ရွက်ရေးတွေပါဝင်ကြောင်းကို ထည့်သွင်း ပြောဆိုပါတယ်။

“တရားဥပဒေစိုးမိုးရေးဆိုတာ ကျွန်မတို့ပြည်တွင်း ငြိမ်းချမ်းရေးအတွက်လည်း အင်မတန်မှ အရေးကြီးပါတယ်။ တရားဥပဒေ စိုးမိုးရေးမရှိဘဲနဲ့ ကျွန်မတို့ငြိမ်းချမ်းရေးကို ဆောက်တည်လို့မရပါဘူး။ ငြိမ်းချမ်းရေးအကြောင်းပြောနေတဲ့ တစ်ချိန်တည်းမှာ ကျွန်မပြောချင်တာဟာ ကျွန်မတို့ဟာ အရင်အစိုးရရဲ့လုပ်ရပ်တွေအားလုံးကို ပစ်ပယ်တဲ့စိတ်ဓာတ် မရှိပါဘူး။

အကောင်းတွေလုပ်ခဲ့တာကို ကျွန်မတို့ အသိအမှတ်ပြုပါတယ်။ ဒီဟာတွေပေါ် မှာ ဆက်ပြီးတော့ ဆောက်တည်သွားပါမယ်။ ဒါကြောင့်မို့လို့ ပြည် တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အပစ်အခတ်ရပ်စဲရေးစတင်ပြီးတော့ လုပ်ခဲ့တဲ့အတွက် ကျွန်မတို့ဒါကို အများကြီးတန်ဖိုးထားပါတယ်။ ဒီအပစ် အခတ်ရပ်စဲရေးဟာ ပြီးမြောက်အောင်လို့ အားလုံးပါဝင်သင့်တဲ့အဖွဲ့အစည်း များပါဝင်အောင်လို့ ကျွန်မတို့ဆက်ပြီးတော့ ကြိုးစားပါမယ်။”

ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုလည်း အခုလို ဆက်လက် ပြောဆိုပါတယ်။

“ငြိမ်းချမ်းရေးညီလာခံများကနေတစ်ဆင့် ကျွန်မတို့နိုင်ငံသူနိုင်ငံသားများအားလုံး လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ခု ထူထောင်ဖို့အတွက် ကျွန်မတို့ဆက်ပြီးတော့ လုပ်သွားမှာ ဖြစ်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ ခုနကပြောတဲ့ ကျွန်မတို့ရဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးနဲ့ဟာ အင်မတန် မှ လေးလေးနက်နက်ကို ဆက်နွှယ်မှုရှိပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကိုလည်း လိုအပ်ပါတယ်။

ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ တကယ့်စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တစ်ခုကို ပေါက်ဖွားစေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုဖြစ်ဖို့လိုပါတယ်။”

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့အတွက် လူထုကို မထိခိုက်တဲ့နည်းလမ်းတွေ အသုံးပြုသွားမယ်လို့လည်း ပြောပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်နေတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဒေါက်တာ ခလမ်ဆမ်ဆွန် ကတော့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုအပေါ် အခုလို သုံးသပ်ပါတယ်။

“မနေ့ကပဲ ဒီလိုင်ဇာနားမှား နမ့်ဆန်ယန်နားမှာ စစ်ကြောင်းတွေလှုပ်ရှားလားတာနဲ့ တင်းမာမှုတွေပြန်ဖြစ်နေသလိုကြားရတယ်။ ကြားရတယ်ဆိုတော့ နိုင်ငံတော်အကြံပေးရဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်ရွယ်ချက်နဲ့ လမ်းစဉ်နဲ့ စစ်တပ်သွားနေတဲ့လမ်းစဉ်က တထပ်ထဲဖြစ်ပါ့မလားဆိုတာတော့ စိုးရိမ်မိတာပေါ့နော်။”

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းဟာ မြန်မာပြည်ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို မီးမောင်းထိုးပြထားတယ်လို့ ရှုမြင်ပြီး သူ့အမြင်ကို အခုလို ပြောပါတယ်။

“လာမယ့်အစိုးရသစ် သက်တမ်းအတွင်းမှာ အခက်အခဲတွေ အကျပ်အတည်းတွေ၊ စိန်ခေါ်မှုတွေက အများကြီးပဲ ကြုံရမယ်လို့ ကျနော်ကတော့မြင်တယ်။ အဲတော့ လက်ရှိအခြေအနေမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရအနေနဲ့ မြန်မာ့နိုင်ငံရေး လမ်းပြမြေပုံအသစ်တခုကို ရေးဆွဲနိုင်ဖို့လိုအပ်တယ်လို့ ကျနော်ကတော့မြင်တယ်။ ဖြစ်နိုင်မယ်ဆိုရင် အစိုးရအဖွဲ့အနေနဲ့ တဖက်သတ် အပစ်ခတ်ရပ်စဲရေးကို ဖော်ဆောင်နိုင်ဖို့ ၊ အဲဒီလို တဖက်သတ် အပစ်ခတ်ရပ်စဲရေးကိုဖော်ဆောင်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို စတင်နိုင်ဖို့ ၊ အဲဒီနိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ လွတ်တော်အတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဆွေးနွေးမှုတွေနဲ့ အပြန်အလှန်ချိန်ဆက်ပြီးတော့ ပုံဖော်နိုင်မယ့် နိုင်ငံရေးလမ်းပြမြေပုံအသစ်တခု အဲဒါကို မဖြစ်မနေဖော်ဆောင်ဖို့ လိုအပ်တယ်လို့မြင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းမှာ အစိုးရသစ်အနေနဲ့ အတွေ့အကြုံရှိပြီး နိုင်ငံကို အကျိုးပြုမယ့်သူ မည်သူကိုမဆို အစိုးရသစ်နဲ့ လက်တွဲဆောင်ရွက်ဖို့ကိုလည်း ဖိတ်ခေါ်ခဲ့သလို ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း ပြောဆိုခဲ့သလို ပြည်သူပြည်သားတွေ အပေါ် မေတ္တာထားပြီး နိုင်ငံအပေါ် သစ္စာရှိစွာနဲ့ အုပ်ချုပ်မယ်လို့လည်း ကတိပြုပြောကြားထားပါတယ်။

XS
SM
MD
LG