သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံကျောင်းသားတွေအမြင် နိုင်ငံပိုင်သတင်းစာဖော်ပြ


အသွင်သစ်နဲ့ ပြောင်းလဲထုတ်လုပ်လိုက်တဲ့ နိုင်ငံပိုင် ကြေးမုံ သတင်းစာကို တွေ့ရစဉ်။
အသွင်သစ်နဲ့ ပြောင်းလဲထုတ်လုပ်လိုက်တဲ့ နိုင်ငံပိုင် ကြေးမုံ သတင်းစာကို တွေ့ရစဉ်။

အစိုးရသစ် လက်ထက် အသွင်သစ်နဲ့ဖော်ပြလာတဲ့ ပြန်ကြားရေးဌာနရဲ့ သတင်း ထုတ်ပြန်ချက်တွေထဲ ဖမ်းဆီးခံ ကျောင်းသား ခေါင်းဆောင်တွေရဲ့ ဒီမိုကရေစီ ပညာရေးနဲ့ပတ်သက်လို့ မျှော်လင့်ချက်တွေနဲ့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး စတဲ့ နိုင်ငံရေးသုံးသပ်ချက် သတင်းဆောင်းပါးတွေ ပါရှိလာတဲ့ အပေါ် အကောင်းမြင်မျှော်လင့်မှုတွေ ရှိသလို ဒါဟာ အစိုးရသစ်ရဲ့သဘောထားလား၊ ဆောင်းပါးရှင်တွေရဲ့ အစိုးရသစ်အပေါ် တိုက်တွန်းချက် လားဆိုတဲ့ သုံးသပ်ဆန်းစစ်မှုတွေလည်း ရှိနေပါတယ်။ ပုံစံသစ်၊ အသွင်သစ်နဲ့ သတင်းတွေ ဖော်ပြလာ တာကို ပြည်သူ အများက ကြိုဆိုပေမဲ့ ပြန်ကြားရေးဝန်ကြီးသစ် လက်ထက် နိုင်ငံပိုင်သတင်းမီဒီယာတွေမှာ ဘက်လိုက်မှုကင်းတဲ့ မူ တခု ချမှတ်ပြီး စံနှုန်းသတ်မှတ် ဖို့လည်း အရေးကြီးတယ်လို့ သတင်းသမားတွေက ထောက်ပြပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

NLD ဦးဆောင်တဲ့ အစိုးရသစ် လက်ထက် ပြန်ကြားရေးဝန်ကြီးသစ် ဦးဖေမြင့်က ပြန်ကြားရေးဝန်ကြီးဌာနကို အရင်ကရှိခဲ့တဲ့ အစိုးရရဲ့ ဝါဒဖြန့်ချိရေး ပုံစံမျိုး မဟုတ်ဘဲ အများပြည်သူ ရဲ့ အသံတွေ၊ အများပြည်သူရဲ့ လိုလားချက်တွေကို ဖော်ပြနိုင်တဲ့၊ လူထုနဲ့ အပြန် အလှန် ပေါင်းကူး ဖလှယ်တဲ့ လူထု အကျိုးပြု ဌာန တခု ဖြစ်အောင် ပြင်ဆင် ပြောင်းလဲသွားမယ်လို့ ပြောဆိုခဲ့ပြီးနောက်မှာပဲ အစိုးရသစ် နိုင်ငံတာဝန် စတင်လွှဲပြောင်းယူပြီးချိန် မတ်လ ၃၁ရက်နေ့က စလို့ နိုင်ငံပိုင်သတင်းမီဒီယာတွေကို အသွင်သစ်အမြင်သစ်နဲ့ ပုံစံပြောင်း ထုတ်ဝေခဲ့တဲ့ အပေါ် ပြည်သူအများက နှစ်ခြိုက်သဘောကျေ ကျနပ်ခဲ့ကြပါတယ်။

ဧပြီလ ၁ရက်နေ့မှာတော့ ဒီမိုကရေစီ ပညာရေး အတွက် လေးပွင့်ဆိုင်သဘောတူညီမှု ဖော်ဆောင်နိုင်မည်ဟု ကျောင်းသား ခေါင်းဆောင်များ မျှော်လင့်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖမ်းဆီးခံ ကျောင်းသား ခေါင်းဆောင်တွေရဲ့ပညာရေးဝန်ကြီးသစ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မျှော်လင့်ချက် ပညာရေးနဲ့ပတ်သက်ပြီး သဘောထားတွေကို ထူးထူးခြားခြား ဖော်ပြပါရှိခဲ့ပါတယ်။

ဒီလို နိုင်ငံပိုင်သတင်းမီဒီယာတွေမှာ ဖော်ပြပါရှိလာတဲ့အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ အင်္ဂလိပ်စာဌာန ကထိက ရတနာပုံ တက္ကသိုလ်က ဆရာဦးသုတက အကောင်းမြင်မျှော်လင့်ပါတယ်။

”ကျွန်တော်တို့ အကောင်းဘက်ကို မျှော်လင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပြည်ထောင်စု ပညာရေး ဝန်ကြီးရာထူူး ယူထားတယ်။ ပညာရေး ဝန်ကြီးရာထူး ယူထားတဲ့အတွက် ပြည်သူလူထုက တိုက်ရိုက်ရွေးခြယ်တင်မြှောက်လိုက်တဲ့ အစိုးရဖြစ်တဲ့အတွက် ကျောင်းသားတွေအပေါ်ကော၊ သမဂ္ဂတွေအပေါ်ကော အကောင်းဘက်က နေပြီးတော့ အပေါင်းလကဏာနဲ့ ဆက်ဆံလိမ့်မယ် လို့ မျှော်လင့်ပါတယ် ခင်ဗျ။”

ဒီလိုကျောင်းသားတွေရဲ့ ဒီမိုကရေစီ ပညာရေးအပေါ် မျှော်လင့်ချက်သဘောထား၊ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးစတဲ့သတင်းဆောင်းပါး တွေ နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြပါရှိလာတဲ့ အပေါ်မှာတော့ ဒါဟာ အစိုးရသစ်ရဲ့သဘောထားလား၊ အစိုးရသစ်ကို တိုက်တွန်းလိုတဲ့ ဆောင်းပါးရှင် အယ်ဒီတာရဲ့ အာဘော်လားဆိုတာကိုလည်း သတင်းသမားတချို့က ဆန်းစစ်မှုရှိပါတယ်။ ခေတ်ရနံ့မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ ပြည်သွေးနိုင်က သူ့အမြင် အခုလိုပြောပါတယ်။

“ ဆရာဖေမြင့် ပြန်ကြားရေး ဝန်ကြီးဖြစ်တဲ့အချိန်ကစပြီးတော့ သတင်းစာတွေရဲ့ ပုံစံ ပြောင်းသွားတယ်။ ဒါကတော့ ကြိုဆိုရမှာပါ။ အင်မတန်ကောင်းတဲ့ ကိစ္စပါ။ လက်ခံရမှာပါ။ ဒါပေမယ့်လို့ ဒီသတင်းစာထဲမှာ ပါတဲ့ ပြင်ပဆောင်းပါးရှင်တွေ ပေါ့လေ။ နဂိုက အစိုးရ ပေါ်လစီရေးနေကျ လူတွေ မဟုတ်ပဲနဲ့ ပြင်ပ စာနယ်ဇင်းလောက၊ ဂျာနယ်လောကက ကလောင်ရှင်တွေ ကနေပြီးတော့ ဒီနေ့ မြန်မာ့အလင်းတို့၊ ကြေးမုံ တို့ပေါ်မှာ ရေးခွင့်ရလာတယ်။ ဒါဟာလည်း အင်မတန်ကောင်းတဲ့ ကိစ္စပါ။ သို့သော် ခုန ကပြောတဲ့ ကျေင်းသားတွေအပေါ်မှာ ထားတဲ့ သဘောထား ဒီလိုဟာတွေဟာ ဆိုလို့ရှိရင် တကယ်တော့ ဆောင်းပါးရှင်ရဲ့ ပေါ်လစီလား သတင်းစာရဲ့ သဘောထားလား ဆိုတာတော့ ကျွန်တော်တို့ သုံးသပ်ဖို့ နည်းနည်း စောနေဦးမယ်လို့ ထင်ပါတယ်။ ဒါ ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်တာ ဖြစ်တဲ့အတွက်၊ ပြန်ကြားရေး ဝန်ကြီးဌာနဆိုတာ လက်ရှိ အစိုးရသစ်ရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနပါ။ ဒါကြောင့် မို့လို့ ဒါဟာ အစိုးရ အာဘော်လို့ ယူဆမယ်ဆိုရင်တော့ လာမယ့် အစိုးရဟာ ဆောင်းပါးတွေထဲမှာ ရေးနေတဲ့ အချက်အလက်တွေကို စဉ်းစားနေတယ် ဆိုတာတော့ ယူဆလို့ ရပါတယ်။ အစိုးရကို တိုက်တွန်းတာလား၊ အစိုးရရဲ့ ပေါ်လစီလားဆိုတာကတော့ အခုအချိန်မှာ ပြောဖို့ စောဦးမယ်လို့ ယူဆပါတယ်ခင်ဗျ။ ”

ပြန်ကြားရေး ဝန်ကြီးသစ် လက်ထက် ဆက်တိုက်ဆိုသလို အတိုက်အခံ နိုင်ငံရေးသမား တက်ကြွလှုပ်ရှားသူတွေရဲ့ ကဗျာတွေ၊ စာတွေ ဆောင်းပါးတွေနဲ့ နိုင်ငံရေး သုံးသပ်ချက်တွေ နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ အကျယ်တဝင့်ဖော်ပြပါရှိလာတဲ့ အပေါ်မှာတော့ နိုင်ငံပိုင် သတင်းမီဒီယာ တခုအနေနဲ့ မူ စံနှုန်းတခု သတ်သတ်မှတ်မှတ် ထားရှိသင့်တယ် လို့လည်း သတင်းစာဆရာတွေက အကြံပြုပါတယ်။ နိုင်ငံပိုင် မီဒီယာတွေမှာ ဘက်လိုက်မှုကင်းတဲ့ စံနှုန်းသတ်မှတ်ချက်ရှိသင့်တယ်လို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ရှုမြင်ပါတယ်။

“တကယ်ဖြစ်သင့်တာက ပါတီတစ်ခုက အနိုင်ရသွားပြီးတဲ့အခါကျရင် သူခန့်တဲ့ ဝန်ကြီးက သူ့စိတ်ကြိုက်လုပ်တယ်ဆိုတာ မျိုးထက်ကို မူ တစ်ခုကတော့ သူရှိရမှာပေါ့။ ဘာလို့လဲ ဆိုတော့ ဒါက အစိုးရ အဖွဲ့အစည်းတစ်ခုက ထုတ်တယ်။ နောက်တစ်ခုက ပြည်သူလူထုရဲ့ ပိုက်ဆံနဲ့ ထုတ်တယ်ဆိုတော့ မူတစ်ခုတော့ ရှိရမယ်။ အဲဒီမူ မှာ ဘာလဲဆိုတော့ ဥပမာ နိုင်ငံရေး ပါတီတွေနဲ့ ပက်သက်ရင် ဘယ်လို သဘောထားရမလဲ။ Editorial မူဝါဒက ဘာဖြစ်ရမလဲ ဆိုတဲ့ guidline တွေ ဘာတွေ သေချာရှိပြီးမှ လုပ်မှ ပိုပြီးတော့ သင့်တော်မှာပေါ့နော်။ ဆိုတော့ မူ တစ်ခု ကောင်းကောင်းမွန်မွန် ရှိသင့်ပြီလို့ ထင်ပါတယ်။”

အရင် အစိုးရ အဆက်ဆက် အစိုးရအာဘော် ဆောင်းပါးတွေနဲ့ ခေါက်ရိုးကျ ပုံစံနဲ့ ဖော်ပြခဲ့တဲ့ နိုင်ငံပိုင် သတင်းမီဒီယာတွေကို ငြီးငွေ့ခဲ့တဲ့ ပြည်သူအများကတော့ အခုလို အစိုးသစ်လက်ထက် အသွင်သစ်ပုံစံသစ်နဲ့ သတင်းဆောင်းပါးရှင်တွေ ဘက်က ကလောင်စွမ်းပြလာတဲ့ နိုင်ငံပိုင်သတင်းမီဒီယာတွေကို သဘောကျ နှစ်ခြိုက်ကြတာကို တွေ့ရတယ်လို့ ပြောပါတယ်။

NLD အစိုးရသစ်လက်ထက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေ အရှိန်အဟုန် ကောင်းကောင်းနဲ့ ဖော်ဆောင် ပြောင်းလဲနိုင်မယ်လို့ ပြည်သူအများက မျှော်လင့်နေသလို အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင် နဲ့ စတုတ္ထမဏ္ဍိုင် ဖြစ်တဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ ကိုလည်း ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်နေကြတာပါ။

ဒီအထဲ အစိုးရသစ်လက်ထက် မပြောင်းလဲပဲ ဆက်လက် ထားရှိခဲ့တဲ့ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေ ဖော်ပြချက်တွေ ဟာလည်း ပြည်သူကိုဗဟိုပြုတဲ့ အများပြည်သူဝန်ဆောင်မှုပေးနိုင်တဲ့ ဘက်လိုက်မှုကင်းတဲ့ နိုင်ငံပိုင် သတင်းမီဒီယာတွေ ဖြစ်စေဖို့ကိုလည်း သတင်းသမားတွေက ရှုမြင် သုံးသပ် နေကြတာ လည်း ဖြစ်ပါတယ်။ နိုင်ငံပိုင်သတင်းစာတွေကို ပုံစံပြောင်းအရည်အသွေးမြှင့်ဖို့ ကြိုးစားနေချိန်မှာပဲ လွတ်လပ်တဲ့ ပုဂ္ဂိလပိုင် သတင်းစာတွေရဲ့ ရေရှည်ရပ်တည်နိုင်ဖို့အတွက် အားထုတ်မှုတွေအပေါ်မှာ ထိခိုက် သက်ရောက်မှုတွေရှိနိုင်တယ် ဆိုပြီးလည်း စိုးရိမ်မှုတွေလည်း တိုးလာနေပါတယ်။

XS
SM
MD
LG