သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်နဲ့ ဗွီအိုအေ


ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်နဲ့ ဗွီအိုအေ တွေ့ဆုံမေးမြန်းစဉ်။
ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်နဲ့ ဗွီအိုအေ တွေ့ဆုံမေးမြန်းစဉ်။

အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြရင်း ဖမ်းဆီးခံခဲ့ရပြီး အမှုရင်ဆိုင်နေရတဲ့ ကျောင်းသားတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အများအပြား လွတ်မြောက်ရေး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွမ်းဆောင်မှုကို ကြိုဆိုတဲ့အကြောင်း ပြန်လည်လွတ်မြောက်လာသူ တဦးဖြစ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင် မဖြိုးဖြိုးအောင်ကပြောဆိုလိုက်ပါတယ်။ အရင်အစိုးရ လက်ထက်က အတည်ပြုခဲ့တဲ့ ပညာရေးဥပဒေပြုပြင်ပြောင်းလဲရေး ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်တဲ့အကြောင်းလည်း မဖြိုးဖြိုးအောင်ကပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သာယာဝတီထောင်က ပြန်လည်လွတ်မြောက်လာတဲ့ မဖြိုးဖြိုးအောင်ကို ဗွီအိုအေရန်ကုန်ရုံးခွဲ တာဝန်ခံ ဒေါ်ခင်စိုးဝင်း ကတွေ့ဆုံမေးမြန်းထားပါတယ်။

“ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။

မဖြိုးဖြိုးအောင် ။ ။ မင်္ဂလာပါရှင်။

ဒေါ်ခင်စိုးဝင်း ။ ။အခု ဒီကျောင်းသားတွေလွတ်လာတာပေါ့နော် ။ ကျောင်းသားတွေ မလွတ်ခင်မှာလည်း ကျောင်းသားတွေလွတ်ဖို့ဆိုပြီးတော့ ပြည်သူအများမျှော်လင့်ခဲ့ကြတယ်ပေါ့နော်။ နိုင်ငံတကာကလည်းပါတယ် ပြည်တွင်းကအဖွဲ့အစည်းတွေအကုန်လုံးပေါ့လေ ပြည်သူလူထုတရပ်အနေနဲ့က ဒီကျောင်းသားတွေ အပြစ်မရှိပဲနဲ့ ထောင်ထဲမှာအထည့်ခံထားရတယ်။ အမှုတခုပြီးတခု ထပ်ဆွဲခံထားရတယ်။ ရုံးထုတ်ပြီဆိုလို့ရှိရင် နောက်ထပ်တမှုထပ်ဆွဲပြီဆိုပြီးတော့ အဲဒါတွေပဲ ကြားခဲ့ရပြီးတော့ အခု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကနေပြီးတော့ လွတ်ဖို့ အတွက် ကြိုးစားပမ်းစား သူ လုပ်ပေးခဲ့တယ်ပေါ့နော်။ အခုလည်း လွတ်လာကြပြီပေါ့။ အဲတော့ လွတ်လာပြီးတဲ့အခါမှာ ဒီ Facebook တွေမှာပေါ့ များသောအားဖြင့် ဝေဖန်ကဲ့ရဲ့သံတွေလည်း ကြားနေရတယ်။ အဲဒီတော့ တချိန်ထဲမှာပဲ ဗကသကလည်း ကြေညာချက်တခုထုတ်ထားတာလည်းရှိတယ်။ ဒါပေမယ့် အဲဒီကြေညာချက်က သံသယတွေကိုပေါ့နော် ဗကသကျောင်းသားတွေအပေါ်မှာ သံသယတွေ တစုံတခုသော အတိုင်းအတာအထိ ပြေပျောက်လိမ့်မယ်လို့ ယူဆထားတယ်ပေါ့။ ဒါပေမယ့် အဲဒီကြေညာချက်ကို မဖတ်ရသေးတဲ့ ပရိတ်သတ်လည်းရှိမှာပေါ့နော်။ အဲဒီကြေညာချက်ကလေးကို အကျဉ်းချုံးပြီး ပြောပြပေးပါလား။

မဖြိုးဖြိုးအောင် ။ ။ကျမတို့ဒီ သပိတ်စစ်ကြောင်းတလျှောက်လုံး ကျမတို့ဒီမိုကရေစီပညာရေး သပိတ်စပြီးဖြစ်ပေါ်ကတည်းက ကျမတို့ကို တောက်လျှောက်ဝန်းရံအားပေးခဲ့တဲ့ ပြည်သူလူထုပေါ့နော်။ အရပ်ဖက် ပြည်တွင်းပြည်ပ မှာရှိတဲ့နိုင်ငံရေးအင်အားစုတွေ သူတို့တွေရဲ့ အားပေး ဝန်းရံမှုတွေအပြင် ကျမတို့ လွတ်မြောက်ရေးအတွက်လည်း သူတို့ ပြည်တွင်းပြည်ပမှာနိုင်ငံတကာအဖွဲ့အစည်းရော၊ ပြည်တွင်းပြည်ပက အဖွဲ့အစည်းတွေရော တောက်လျှောက် လှုပ်ရှားမှုတွေနဲ့ သူတို့ကြွေးကြော် campaign တွေလုပ်ခဲ့တာတွေလည်းရှိတာပေါ့လေ။ သူတို့တွေရော နောက်တခုက ကျမတို့ကို လွှတ်ပေးတဲ့ သမ္မတ ဦးထင်ကျော် အစိုးရအဖွဲ့ပါမယ် နောက်အရေးကြီးဆုံးကြေညာချက်ကို ကျမတို့ ၇ ရက်နေ့ ညနေလောက် ကျမတို့ဖတ်ရတယ်ပေါ့နော်။ ဒီကြေညာချက်ထုတ်ပြီးတော့ အချိန်တို အတွင်းမှာပဲ ချက်ချင်း ကျမတို့လွတ်မြောက်စေဖို့အတွက် ကြိုးစားပေးတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သူတို့ကို ကျမတို့က စာလုံးထဲမှာ “လေးစားစွာ မှတ်တမ်းတင်ပါတယ်” လို့ ကျမတို့ကရေးထားတယ်။

အဲဒီနေရာမှာလည်း ကျမ နည်းနည်းလေးရှင်းပြချင်ပါတယ်။ အဲဒါဘာလဲဆိုတော့ တော်တော်များများက ကျမတို့ ဒါကို ပြန်လည်ဖြေရှင်းတဲ့သဘောလည်းသက်ရောက်တယ်။ ကျမတို့ ဒါကို ပင်ကိုကတည်းက ကြေညာချက်ထုတ်ဖို့ ရည်ရွယ်ချက်ထားပါတယ်။

ကျမတို့မှာ အချိန်ကာလ အခက်အခဲကြောင့်ရော ကျမတို့ နည်းနည်းလေးနောက်ကျမှထုတ်နိုင်တယ်။ ဆိုတော့ ဒီကြေညာချက်ထဲမှာ ကျေးဇူးတင်ပါတယ်ဆိုတာ မပါလို့ဆိုပြီးတော့ ထပ်ပြီးတော့ပြော တာတွေရှိပါတယ်။ ကျမတို့အနေနဲ့ကျတော့ ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလုံးကို နှုတ်ကနေပြီးတော့ မီဒီယာ အင်တာဗျူးတွေမှာပဲဖြစ်ပါစေ၊ ကျမတို့တောက်လျှောက်ပြောခဲ့ပါတယ်။

ဒါက တဦးချင်းစီ အနေနဲ့ ကျမတို့ record တွေလည်းရှိတယ်။ ကျမတို့ဒီ သခင်ကိုယ်တော်မှိုင်း ဂူဗိမ္မာန်မှာ ကျမ ည ရောက်တာ ၂ နာရီ၊ ၃ နာရီလောက်အချိန်တုန်းက အဲဒီမှာလာကြိုတဲ့လူတွေကို ကျမတို့ ကျေးဇူးတင်စကားပြောတဲ့အချိန်မှာလည်း ပါခဲ့ပါတယ်။ အဲဒီတုန်းကလည်း ပါတာတွေရှိပါတယ်။ ဆိုတော့ ကျမတို့နှတ်ကနေ ကျေးဇူးတင်စကားပြောပြီးပြီ ။ ဒါပေမယ့်ကြေညာချက် ထဲမှာကျတော့ ပိုပြီးတော့ လေးနက်တဲ့ အသွင်ကိုဆောင်ဖို့သင့်တယ်ဆို တာမြင်တယ်။ အဲဒီတော့ လေးစားစွာ မှတ်တမ်းတင်ပါတယ်ဆိုတာက နိုင်ငံရေးအရကို ကျမတို့ စကားလုံးရဲ့ အားသာချက် အများကြီးရှိတယ်၊ ဂုဏ်သိက္ခာအများကြီးရှိတယ်။ ဒါကြောင့်မို့လို့ ဒီစကားလုံးကို ရွေးချယ်ပြီး ထည့်သွင်းထားတာဖြစ်ပါတယ်။

နောက်တချက်ကတော့ ကျန်ရှိနေသေးတဲ့ ပြစ်ဒဏ်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ နောက်တခုက အမှုတွေ မရုပ်သိမ်းရသေးလို့ပေါ့နော် လက်တလော ရုံးပိတ်ရက်ရှည်ခံသွားတဲ့အတွက် အမှုမရုပ်သိမ်းရသေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂ /၂၀၁၆ ပေါ့နော် အတိုင်ပင်ခံရုံးက ကြေညာချက် အရပေါ့နော် လွတ်ဖို့ရှိသေးတယ်ဆိုတော့ သူတို့ကိုလည်း ထပ်ပြီးတော့ အချိန်တိုအတွင်း လွတ်မြောက်နိုင်ရေး ထပ်ပြီးတော့ အားလုံး ဝန်းရံလွတ်မြှောက်နိုင်ရေး ထပ်ပြီးတော့ ဝန်းရံကြိုးစားပေးကြဖို့ ကျမတို့ တိုက်တွန်းထားတဲ့အချက်လည်းပါတယ်။

နောက် ကျမတို့ အရေးကြီးတဲ့ ကျမတို့ဗကသများအဖွဲ့ချုပ် ဘာဆက်လုပ်မလဲဆိုတာကိုလည်း ကျမတို့ ကြေညာချက်ထဲမှာထည့်ပြီးတော့ရေးထားပါတယ်။ ဆိုတော့ကျမတို့ရဲ့တာဝန်တွေကရှိနေသေးတယ်။ ဆိုတော့ ပညာရေးပြုပြင်ပြောင်းလဲမှု ကဏ္ဍ မှာ ဆက်ပြီးတော့ NLD အစိုးရပေါ့နော် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ သမ္မတ ဦးထင်ကျော်အစိုးရအဖွဲ့ရယ်၊ နောက် လွှတ်တော်အသစ် ရယ် တို့နဲ့ ဆက်ပြီးတော့ ညှိနှိုင်းဆောင်ရွက်တဲ့ပုံစံမျိုးနဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုကို ဆက်သွားဖို့လည်း ကျမတို့မှာ အစီအစဉ်တွေရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမတို့ VOA အမေရိကန်အသံကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ဆုံးတွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။ အဲဒီထဲမှာ ကျမတို့ ကျောင်းသားတွေရဲ့ စိုးရိမ်မကင်းတာတွေနဲ့ ပတ်သက်ပြီးတော့ သူ့ကို ပြောပြဖူးပါတယ်။ အဲဒီအခါမှာသူက ပညာရေး ဥပဒေကပေါ့နော် နည်းဥပဒေ မထွက်လာသေးတဲ့အတွက်ကြောင့်မို့လို့ ဒီကျောင်းသားတွေ လိုအပ်ချက်က လိုနေသေးတယ်လို့ပြောသွားတယ်ပေါ့။ တကယ်လို့များပေါ့နော် နည်းဥပဒေ ထွက်လာလို့ရှိရင်ကော ဒီအမျိုးသားပညာရေးဥပဒေအောက်ကနေပဲ နည်းဥပဒေတွေ ထွက်လာမယ်ဆ ိုရင် မဖြိုးဖြိုးအောင်တို့ ဗကသတွေရဲ့တောင်းဆိုချက်တွေက ပြည့်မှီလိမ့်မယ်လို့ ယူဆပါသလား။

မဖြိုးဖြိုးအောင်။ ။ဒီအမျိုးသားပညာရေးဥပဒေမှာက ပြဌာန်းထားတဲ့ အချက်တခုကို အောက်က နည်းဥပဒေက ပြန်ချေဖျက်တာမျိုးဖြစ်လို့ရှိရင် ဘယ်ဟာက တရားဝင်သလဲဆိုတဲ့ အငြင်းပွားမှုတွေ မပေါ်လာအောင် အခုကတည်းကဒီအမျိုးသားပညာရေးဥပဒေကို ပြည့်စုံနိုင်သလောက် ပြည့်စုံအောင် လုပ်ထားရင်တော့ ပိုပြီးတော့ သင့်တော်လိမ့်မယ်လို့ ဒါ ကျမ သာမန်မြင်ကြည့်တာပါ။ ဆိုတော့ နည်းဥပဒေ ကိစ္စတွေမှာလည်း ထပ်ပြီးတော့ ဒီကျောင်းသားတွေနဲ့ ဒီလေးပွင့်ဆိုင် ကတိကဝတ်တွေထဲမှာတော့ ပါတာပေါ့နော်။ ကျမတို့ကျောင်းသားကိုယ်စားလှယ်တွေ ၊ ဆရာ ကိုယ်စားလှယ်တွေ ၊ အဘက်ဘက်ကနေပြီးတော့ Stakeholders တွေ သုံးတာပေါ့။

ဒေါ်ခင်စိုးဝင်း။ ။ (မဖြစ်မနေပါဝင်ရမယ့်သူတွေပေါ့)

မဖြိုးဖြိုးအောင်။ ။ ဟုတ်ပါတယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ Stakeholders တွေ ပါဝင်ပြီးတော့ ၊ ရေးဆွဲတဲ့နေရာမှာမဟုတ်ဘူး ၊ ရေးဆွဲဖို့အတွက် ဒီလူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ဘယ်လိုအချက်တွေက ပိုပြီးသင့်တော်သလဲဆိုတော တိုင်ပင်ဆွေးနွေးပြီးမှ ဥပဒေရေးဆွဲတဲ့ ကဏ္ဍ ကို သွားရမှာပေါ့နော်။ ဒါကိုပါဝင်ဖို့အတွက်ကို ကျမတို့ သဘောတူညီထားပါတယ်။ အဲဒီတော့ ပြဿနာက ဘာလဲဆိုတော့ အခုလက်ရှိအစိုးရလက်ထက်တော့မဟုတ်ဘူးပေါ့နော် ပြီးခဲ့တဲ့ အစိုးရလက်ထက် ဒါပေမယ့် ရက်က သိပ်မကွာသေးဘူးဆိုတော့ ကျမတို့ဒီ တချို့သက္ကသိုလ်တွေမှာ ပဋိညာဉ်တွေ စပြီး ဆွဲနေကြပြီပေါ့နော်။ တက္ကသိုလ် ပဋိညာဉ်တွေ က ဆွဲလို့ရတယ် ဆိုတော့ လက်ရှိပါချုပ်တွေက တက္ကသိုလ်အလိုက်ဆွဲနေကြပြီ။ ဒါပေမယ့် ပြဿနာက အဲဒီအထဲမှာ ခုန ပါဝင် သင့်ပါဝင်ထိုက်တဲ့လူတွေကို မခေါ်ပဲနဲ့ အနိမ့်ဆုံး တက္ကသိုလ်မှာရှိတဲ့ ပါမောက္ခတွေကိုတောင် မခေါ်ပဲနဲ့ အသိမပေးပဲနဲ့ လျှို့ဝှက်ဆွဲလိုက်တဲ့ ဥပဒေတွေက ရှိနေပြီအခုလောလောဆယ်မှာကိုရှိနေပြီဆိုတော့ ဒါမျိုးတွေကိုအစ ကျမတို့က မျက်ခြေပျက်လို့မရဘူးပေါ့နော်။ တက္ကသိုလ် ပဋိညာဉ်တွေ ကလည်း တက္ကသိုလ်အလိုက် အရေးကြီးပါတယ်။”

သာယာဝတီထောင်က ပြန်လည်လွတ်မြောက်လာတဲ့ မဖြိုးဖြိုးအောင်ကို ဗွီအိုအေရန်ကုန်ရုံးခွဲ တာဝန်ခံ ဒေါ်ခင်စိုးဝင်း ကတွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။

XS
SM
MD
LG