သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားတွေ အစာငတ်ခံဆန္ဒပြ


လက်ပံတန်းမှာ ကြွေးကြော်သံတွေနဲ့အတူ ထိုင်သပိတ်ဆင်နွဲနေတဲ့ကျောင်းသားတွေ။ (မတ်လ ၃၊ ၂၀၁၅)
လက်ပံတန်းမှာ ကြွေးကြော်သံတွေနဲ့အတူ ထိုင်သပိတ်ဆင်နွဲနေတဲ့ကျောင်းသားတွေ။ (မတ်လ ၃၊ ၂၀၁၅)

လက်ပံတန်းမြို့မှာ လုံခြုံရေးရဲတွေ ပိတ်ဆို့ထားတဲ့ ကျောင်းသားသပိတ်ပင်မစစ်ကြောင်းမှာ ရွှေဝါရောင်နဲ့ ရဟန်းပျိူသံင်္ဃာတော်တွေ ဦးဆောင်ပြီး အင်္ဂါနေ့တညလုံး အစာငတ်ခံဆန္ဒပြနေကြပါတယ်။ ဗုဒ္ဓဟူးနေ့ မနက်ခင်းအချိန်ထိ မဟာအောင်မြေဘုန်းကြီးကျောင်း လမ်းထိပ်ရှေ့မှာ လုံခြုံရေးရဲတွေနဲ့ နှစ်ဖက်ထိပ်တိုင်ရင်ဆိုင်ဆဲဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်က ဆန္ဒပြကျောင်းသားလှုပ်ရှားမှုတွေမှာ အာဏာပိုင်တွေအနေနဲ့ ဖိအားပေးဖမ်းဆီးတာမျိုးမလုပ်ဖို့ ပင်မသပိတ်စစ်ကြောင်းဦးဆောင်တဲ့ ကျောင်းသားခေါင်းဆောင်တွေက တောင်းဆိုထားပါတယ်။ မအင်ကြင်းနိုင်က ဆက်သွယ်စုံစမ်း တင်ပြထားပါတယ်။

မင်းသွေးသစ်။ ။ ကြိုးတားတဲ့ထဲမှာ အစာငတ်ခံဆန္ဒပြမယ့်လူတွေက ဆုံးဖြတ်ပြီးရင် ဝင်လာလို့ရပါတယ်-ဆိုပြီး ကျနော်တို့ ဒီနေ့မှာ စစ်ကြောင်းတကြောင်းလုံးနီးပါးပဲ အစာငတ်ခံဆန္ဒပြတာ။ ရေသန့်ဗူးကလွဲလို့ တခြားဘာအစားအစာမှ မစားကြတော့ဘူးပေါ့။

မေး။ ။ ကိုမင်းသွေးသစ်တို့ကိုယ်တိုင် အစာငတ်ခံ ဆန္ဒပြနေကြပြီပေါ့နော်။

မင်းသွေးသစ်။ ။ ဟုတ်ကဲ့ပါခင်ဗျ။ ကျနော်တို့ ဗကသဗဟိုလုပ်ငန်းကော်မတီကလည်း အကုန်လုံးပါပါတယ်။ ဒါပေမယ့် ကျနော်တို့ဒီနေ့ ထပ်ပြီးတော့ အာဏာပိုင်တွေနဲ့ ညှိနှိုင်းတဲ့အချိန်မှာ ကျနော်တို့မြင်ရတာတွေကိုက အရှည်သဖြင့်သွားရမယ့်ပုံစံဖြစ်နေတယ်။ တိုက်ပွဲပုံစံက တရက်နှစ်ရက်နဲ့ပြီးမယ့်ပုံမရှိဘူး။ အဲဒီတော့ ကျနော်တို့ ဒိထက်ပိုပြီးတော့ အစာငတ်ခံတိုက်ပွဲကို စနစ်ကျအောင်လို့ ညဦးပိုင်းက အစည်းဝေးလုပ်ကြတယ်။ အစည်းအဝေးလုပ်ပြီးတဲ့အခါမှာ ကျနော်တို့ဆုံးဖြတ်တာက သံဃာတွေနဲ့အတူတူ ပထမတရက်မှာ ပထမ အသုတ်လိုက်ခွဲပြီး တဆင့်ချင်းဆန္ဒပြရတာ၊ စည်းစနစ်တကျ ဆန္ဒပြရတာ ပိုပြီးတော့ ကောင်းမယ်ပေါ့။ ကျနော်တို့ကို ဆန္ဒပြမယ့်ကျောင်းသားတွေလာပြီးတော့ ကိုယ့်ဆန္ဒနဲ့ကိုယ် နာမည်စာရင်းလာပေးပါ-ဆိုပြီးတော့ စာရင်းကောက်လိုက်တယ်။ အဲဒီအထဲကမှ ဆယ်ယောက်ရွေးထုတ်ပြီးတော့ ဗဟိုကော်မတီက သုံးယောက်နဲ့ နယ်က (၇) ယောက်၊ ခရိုင်တွေက (၇) ယောက်ရွေးထုတ်ပြီး ဆယ်ယောက်က မနက်ဖြန်ကစပြီးတော့ ဆက်ပြီးတော့ အစာငတ်ခံဆန္ဒပြမယ်။ ကျန်တဲ့ကျောင်းသားတွေကတော့ အစာစားလို့ရပြီ။ သံဃာတွေနဲ့ ကျန်တဲ့ဆယ်ယောက်က အစာငတ်ခံဆန္ဒပြမယ်။

မေး။ ။ ဘယ်လိုအကြောင်းတွေကြောင့် အခု လက်ပံတန်းမှာရှိနေတဲ့အနေအထားက ရေရှည်တိုက်ပွဲဖြစ်လာနိုင်တယ်လို့များ သုံးသပ်တာလဲရှင့်။

မင်းသွေးသစ်။ ။ ဒီနေ့ ညနေပိုင်းမှာ ကျနော်တို့ ဒီမှာ ရှိနေတဲ့ ဂိုဏ်းပေါင်းစုံသံဃာဆရာတော်တွေလာရောက် မေတ္တာရပ်ခံမှုကြောင့် ကျနော်တို့က ရန်ကုန်ကို ကျနော်တို့ ကားနဲ့အေးအေးဆေးဆေးဝင်ပါမယ်။ အဲဒီတော့ ကျနော်တို့သပိတ်စစ်ကြောင်းဝင်တဲ့အခါ အလံထောင်ပြီး ဝင်ခွင့်ပေးဖို့နဲ့ ရန်ကုန်ရောက်ရင် ရွှေတိဂုံဘုရားဖူးခွင့်ပေးဖို့။ အဲဒါကို လိုက်ပြီးတောင်းဆိုပေးပါ။ ကျနော်တို့ အေးအေးဆေးဆေး အိမ်ပြန်ချင်ပါတယ်ဆိုတဲ့အကြောင်း၊ ရန်ကုန်ရောက်ရင်လည်း သပိတ်ရပ်နားမယ်ဆိုတဲ့အကြောင်း သံဃာတော်တွေကို ကတိပေးပြီး အာဏာပိုင်တွေကို လိုက်လျှောက်ထားတဲ့အခါ သံဃာတော်တွေနဲ့ ကျနော်တို့ဆီက ကျောင်းသားကိုယ်စားလှယ်သုံးယောက်ရယ်၊ နောက် နယ်လုံဝန်ကြီးနဲ့တွေ့ပါတယ်။ အဲဒါကို နယ်လုံဝန်ကြီးက သူ့ရဲ့မူလ ဆုံးဖြတ်ချက်အတိုင်းပဲ ကျနော်တို့တောင်းဆိုထားတဲ့ အချက် (၈) ချက်ကို လိုက်လျောလို့မရဘူးဆိုတာကို အကြောင်းပြန်လိုက်တယ်ပေါ့လေ။ နောက်တခုက ကျနော်တို့ကို လုံခြုံရေးထိပ်ဆိုင် ကိုင်တွယ်နေတဲ့ ကွပ်ကဲနေတဲ့ ရဲအရာရှိတွေက - ဒီနေ့ဖြစ်စဉ်ကို တခုခုဖြစ်လာခဲ့လို့ရှိရင် နံပါတ်တုတ်ထုတ်ပြီးတော့ ရိုက်ယူရတဲ့အနေအထား အဲလိုမျိုုးအသင့် ဖြစ်နေတာကို ကျနော်တို့က ဝေဖန်ကန့်ကွက်တယ်။ သူတို့ကိုသွားပြီးတော့ တိုက်ရိုက်လည်းပြောတယ်။ ဒါမျိုးဖြစ်နေတာ ကျနော်တို့လက်မခံနိုင်ဘူး၊ ကျနော်တို့မှာ လက်နက်မပါဘူး။ ကျနော်တို့ ဝင်တိုးဖို့အစီအစဉ်မရှိဘူးလို့ အစောကြီးကတည်းက ပြောထားပြီးသားဖြစ်တဲ့အတွက် အခုလို မယုံသင်္ကာမျိုးနဲ့ ထစ်ကနဲရှိ တုတ်နဲ့ရိုက်လိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ တပ်ကို ကွပ်ကဲထားတာ မကောင်းဘူးဆိုတဲ့အကြောင်း ကျနော်တို့ပြောတဲ့အခါ သူတို့က နောက်အခါကျလို့ရှိရင် သူတို့ဘက်ကလည်း ကျနော်တို့မတိုးသရွေ့ အကြမ်းဖက်မှုလုံးဝမလုပ်ပါဘူး၊ ဖြိုခွဲမှုလည်းမလုပ်ပါဘူးဆိုတဲ့ဟာကို သူတို့ကိုလည်း အထက်က အဲလို အမိန့်ပေးထားပါတယ်ဆိုတာကို ကျနော်တို့ကို ပြောပြပါတယ်။ ကျနော်တို့ကို အေးအေးဆေးဆေးဖွင့်မပေးသရွေ့ ကျနော်တို့ ဒီနေရာမှာ အစာငတ်ခံဆန္ဒပြပြီး ထိုင်နေမှာဖြစ်တယ်။

အဲဒီတော့ ကျနော်တို့သုံးသပ်တာကတော့ ကျနော်တို့မတိုးသရွေ့ အစိုးရက အကြမ်းဖက်ဖြိုခွဲတာမျိုး ပုံစံမျိုး အကြမ်းဖျင်းသုံးသပ်လို့ရတယ်။ ဒါကြောင့် ဒီတိုက်ပွဲဟာ အနည်းဆုံး နှစ်ရက်၊ သုံးရက်လောက်ကြာနိုင်တယ်လို့ ကျနော်တို့ သုံးသပ်တဲ့အတွက် ဒီနေ့ အစာငတ်ခံဆန္ဒပြတဲ့ကိစ္စကို ကျနော်တို့ စနစ်တကျပြန်ပြီး စီစဉ်လိုက်တာဖြစ်ပါတယ်။

မေး။ ။ အဲဒီတော့ ကိုမင်းသွေးသစ်တို့ဘက်က ပင်မသပိတ်စစ်ကြောင်း ရန်ကုန်ရောက်ဖို့က ဘာကြောင့် အရေးကြီးတာလဲရှင့်။

မင်းသွေးသစ်။ ။ ကျနော်တို့အနေနဲ့က အစိုးရအခုလက်ရှိလုပ်နေတဲ့ အစိုးရက ပြည်သူကို ဝါဒဖြန့်ချိမှုလုပ်ပြီးတော့ လုပ်ထားတဲ့အချက်က ဘာလဲဆိုတော့ ကျောင်းသားတွေရဲ့တောင်းဆိုချက်တွေကို လွှတ်တော်မှာ ဆောင်ရွက်ဖို့ပြင်နေပြီ၊ အဲဒီတော့ ကျောင်းသားတွေတောင်းဆိုချက်ကိုလည်း သူတို့က လိုက်လျောပြီးသွားပြီ။ လေးပွင့်ဆိုင် တောင်းဆိုချက်ကို။ အဲဒါကို ကျောင်းသားတွေ သပိတ်ဖျက်ပေးပါလို့ ပြောတယ်။ ဒါပေမယ့် အခုထက်ထိ လွှတ်တော်မှာ တင်သွင်းသေးတာမဟုတ်ဘူး။ ရက်ကကြာနေတယ်။ ဒီကြားထဲမှာလည်း ကျနော်တို့ရဲ့မူလသဘောတူညီချက် အခြေခံတွေကို ချိုးဖောက်ပြီး ကျောက်ဆည်က ဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းကိုထောက်ခံပြီး ဆန္ဒပြတဲ့ကျောင်းသားလေးယောက်ကို တရားစွဲထားတာတွေ၊ နောက် ဥပဒေနှစ်ခုလုံးကို ပညာရေးဝန်ကြီးဌာနဘက်က မတင်တော့ဘူးလို့ ပြောတဲ့ဥပဒေကို သတင်းစာမှာ နှစ်ခုလုံးပါလာတာတွေ၊ ကျောင်းတွေမှာ အလယ်တန်းတွေရဲ့စာမေးပွဲကာလ ပြီးခဲ့တဲ့ ဆယ်ရက် သပိတ်ရပ်နားလိုက်တဲ့အခါမှာ သူတို့က ကျောင်းတွေထဲ၊ တက္ကသိုလ်တွေထဲအထိဝင်ပြီး ဆန္ဒပြမှုတွေ လုပ်လာတာတွေ၊ ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် ဘာသာရေးနဲ့လှည့်တိုက်ပေးနေတဲ့ကိစ္စတွေ လုပ်လာတာဖြစ်တဲ့အတွက် အစိုးရကို ကျနော်တို့က မယုံဘူး။ အဲဒီအတွက် - ပြီးတော့ နောက်တခုက သပိတ်စစ်ကြောင်းမှာ ပါလာတဲ့အများစုက ရန်ကုန်ကျောင်းသားတွေဖြစ်တယ်။ ကျနော်တို့က ကိုယ့်အိမ်ကိုယ်ပြန်မယ်။ သပိတ်စခန်းလည်း ရန်ကုန်မှာဖွင့်မှာမဟုတ်ဘူးဆိုတဲ့ဟာမျိုးနဲ့ အစိုးရကို ကျနော်တို့ တောင်းဆိုတာပါ။

ကျောင်းသားသပိတ်စစ်ကြောင်းကနေ အဓိကတောင်းဆိုနေတဲ့အချက်တွေကဆယ်တန်းစာမေးပွဲမစခင် ရန်ကုန်မြို့ထဲဝင်ခွင့်ပေးဖို့၊ သာယာဝတီကနေ ရန်ကုန်ကို ကျောင်းသားတွေကိုယ်တိုင်စီစဉ်တဲ့ကားတွေနဲ့ဝင်ရာမှာ ကျောင်းသားသမဂ္ဂအလံတင်ခွင့်ပြုဖို့နဲ့ သမဂ္ဂသီချင်းသီဆိုခွင့်ပြုဖို့၊ ရွှေတိဂုံဘုရားကိုတက်ရောက်ဖူးမျှော်ခွင့်ပြုဖို့တွေဖြစ်ပါတယ်။ အဲဒီနောက် ရန်ကုန်မြို့မှာ သပိတ်ရပ်နားပြီး လူစုခွဲကြဖို့ရည်ရွယ်ထားကြောင်း ကျောင်းသားခေါင်းဆောင်တွေက ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG