သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားဆန္ဒ ၄ ပွင့်ဆိုင်ဆွေးနွေးမည်


မကွေးတိုင်းကိုဝင်ရောက်လာတဲ့ ဒီမိုကရေစီပညာရေး တောင်းဆိုဆန္ဒပြကျောင်းသားများ။ (ဓာတ်ပုံ- ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ကော်မတီ)
မကွေးတိုင်းကိုဝင်ရောက်လာတဲ့ ဒီမိုကရေစီပညာရေး တောင်းဆိုဆန္ဒပြကျောင်းသားများ။ (ဓာတ်ပုံ- ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ကော်မတီ)

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေတဲ့ ကျောင်းသားတွေရဲ့ကိုယ်စားလှယ် ၁၅ ဦးနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူတွေ ဒီကနေ့ ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမမှာ တွေ့ဆုံဆွေးနွေးကြပါမယ်။

ဇန်နဝါရီလ ၂၈ ရက်နေ့က တကြိမ် တွေ့ဆုံဆွေးနွေးကြပြီးတဲ့နောက်ရခဲ့တဲ့ အချက်လေးချက်ပါ သဘောတူညီချက်အရ တွေ့ဆုံ ဆွေးနွေးကြမှာပါ။ အဲဒီသဘောတူညီချက်တွေအရ အစိုးရ၊ လွှတ်တော်၊ ကျောင်းသားနဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ယက် NNER ကိုယ်စားလှယ်တွေပါဝင်တဲ့ ပထမအကြိမ် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

အဲဒီလေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ကျောင်းသားတွေဘက်က တောင်းထားတဲ့ အချက် ၁၁ ချက်ကို ဆွေးနွေးညှိနှိုင်းအဖြေရှာကြဖို့၊ အပြုသဘော ဆောင်ဆွေးနွေးပြီး သဘောတူညီမှုတွေကို ညှိနှိုင်းရယူဖို့နဲ့ ဆွေးနွေးဖို့ ကျန်တာတွေကို ဆက်ပြီး ဆွေးနွေး အဖြေ ရှာသွားဖို့၊ ညှိနှိုင်းဆွေးနွေးမှု စတင်တဲ့နေ့မှာ ကျောင်းသားတွေရဲ့ သပိတ်ကို ရပ်နားသွားဖို့ သဘောတူညီချက်မှာ ပါပါတယ်။

ခရီးရှည်ချီတက်နေတဲ့ ဆန္ဒပြကျောင်းသားတွေရဲ့ ပင်မအဖွဲ့ကတော့ အခုဆိုရင် မကွေးတိုင်းထဲ ဝင်ရောက်သွားပြီဖြစ်ပြီး သောကြာနေ့ညက မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ညအိပ်ရပ်နားကြပါတယ်။ ဒါ့အပြင် ဧရာဝတီနဲ့ ရခိုင်ဘက်က ကျောင်းသား တွေလည်း ရန်ကုန်မြို့ကို ချီတက် လာနေကြပါတယ်။ ဆွေးနွေးပွဲစတင်တဲ့ ဒီကနေ့ တရက်ထဲကိုပဲ ဆန္ဒပြချီတက်တာကို ရပ်နားထားမှာဖြစ်ပြီး နောက်ရက်တွေမှာ ရန်ကုန်ထိ ဆက်ပြီးချီတက်ကြမယ်လို့ ဆန္ဒပြကျောင်းသားခေါင်းဆောင်တွေက ပြောထားပါတယ်။

XS
SM
MD
LG