သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖမ်းဆီးခံကျောင်းသား ပြန်လွှတ်ရေး တကသ တောင်းဆို


မြန်မာနိုင်ငံတွင်း စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ထိန်းသိမ်းခံ ကျောင်းသူကျောင်းသားတွေကို အမြန်ဆုံး ပြန်လွှတ် ပေးဖို့နဲ့ အာဏာပိုင်တွေဘက်က ကျောင်းသားပြည်သူကို ဖိနှိပ်နေတဲ့လုပ်ရပ်ကို အမြန်ဆုံးရပ်တန့်ဖို့ ကျောင်းသားတွေနဲ့ ပြည်ပရောက်ဒီမိုကရေစီ အင်အားစုတွေက ၅၃နှစ်မြောက် ဆဲဗင်းဂျူလိုင် နှစ်ပတ်လည်မှာ တောင်းဆိုလိုက်ကြပါတယ်။ ၅၃ နှစ်မြောက် ဆဲဗင်းဂျူလိုင်အခမ်းအနားကို ရန်ကုန် တက္ကသိုလ်သမဂ္ဂမြက်ခင်းပြင်မှာ ကျင်းပဖို့ရှိသလို ဒီကနေ့မှာလည်း တောင်ကိုရီးယားနိုင်ငံ မြန်မာသံရုံးရှေ့မှာ ကျင်းပခဲ့ပါတယ်။ အသေးစိတ်ကို ဆက်သွယ် မေးမြန်းထားတဲ့ မဆုမွန်ကတင်ပြပေးပါမယ်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်း ဆန္ဒပြကျောင်းသူကျောင်းသားတွေကို အကြမ်းဖက်ပစ်ခတ်ခဲ့ပြီးတော့ တက္ကသိုလ်ရဲ့သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဗုံးဖောက်ခွဲဖြိုခွဲခဲ့တဲ့ ဆဲဗင်းဂျူလိုင်နေ့ ဒီနှစ် ၂ဝ၁၅ ခုနှစ်မှာ ကျရောက်တဲ့ ၅၃ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို တက္ကသိုလ်ကျောင်းသားသမဂ္ဂ ( တကသ) ကျောင်းသားတွေက ဦးဆောင်ပြီး ရန်ကုန်တက္ကသိုလ် သမဂ္ဂ မြက်ခင်းပြင်မှာ အောက်မေ့ဖွယ်အခမ်းအနား ကျင်းပဖို့စီစဉ်နေပါတယ်။ အာဏာပိုင်တွေဘက်က ဘယ်လိုပဲ ပိတ်ပင်တားဆီးမှုတွေရှိပါစေ တကသ ကျောင်းသားတွေဘက်က ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက်ပြီး အခမ်းအနားကိုဖြစ်မြောက်အောင် လုပ်မှာဖြစ်တယ်လို့ တကသကျောင်းသားသမဂ္ဂ သတင်းပြန်ကြားတာဝန်ခံ ကိုဖိုးသားကပြောပါတယ်။

ရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ် (RASU) ရဲ့အထင်ကရ အဆောက်အဦးတခုဖြစ်တဲ့ ဂျပ်ဆင်နဲ့ တည့်တည့်ဝင်ပေါက် ဂွန်လ ၂၈၊ ၂၀၁၂ ခုနှစ် မြင်ကွင်း။
ရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ် (RASU) ရဲ့အထင်ကရ အဆောက်အဦးတခုဖြစ်တဲ့ ဂျပ်ဆင်နဲ့ တည့်တည့်ဝင်ပေါက် ဂွန်လ ၂၈၊ ၂၀၁၂ ခုနှစ် မြင်ကွင်း။

“၇ ရက်နေ့မှာ 7 July အခမ်းအနားကို လှည်းတန်းစံရိပ်ငြိမ်မှတ်တိုင်ကနေ စပါမယ်။ ညနေ ၃ နာရီလောက်ပေါ့။ အဲဒီကနေစုပြီး သမဂ္ဂမြက်ခင်းပြင်ကြီးကို လမ်းလျှောက်၊ လမ်းလျှောက်ပြီးရင် သမဂ္ဂမြက်ခင်းပြင်မှာ ကျနော်တို့ 7 July (၅၃) နှစ်ပြည့်အခမ်းအနား အောက်မေ့ဖွယ် အခမ်းအနားကို အဲဒီမှာ ကျင်းပမှာဖြစ်ပါတယ်။ ကျနော်တို့ ဆန္ဒပြတဲ့ပုံစံမျိုး မဟုတ်ဘူးပေါ့။ ဝမ်းနည်းတဲ့အထိမ်းအမှတ်နဲ့ ငြိမ်သက်စွာလမ်းလျှောက်မယ်၊ ပြည်သူလူထုနဲ့ကျနော်တို့ပူးပေါင်းပြီးတော့ပေါ့။ သမဂ္ဂမြက်ခင်းပြင်အထိ စီတန်းလမ်းလျှောက်မယ်ဆိုပြီးတော့ ကျနော်တို့ ကဗျာရွတ်တဲ့အစီအစဉ်တွေ၊ အမှတ်တရ စကားပြောတဲ့အစီအစဉ်တွေ လုပ်မယ်။ ကျနော်တို့အနေနဲ့ကတော့ အစိုးရကို ခွင့်ပြုချက်တင်တွေဘာတွေလည်း လုပ်မှာမဟုတ်ပါဘူး။ တကယ်လို့ ဖြစ်လာရင်လည်း ဖြစ်လာတဲ့ပြဿနာတွေကိုလည်း အားလုံး ရင်ဆိုင်ဖြေရှင်းသွားမှာပါ။”

မြန်မာနိုင်ငံတွင်း ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးအပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေ ကို အစိုးရဘက်ကနေ ဖမ်းဆီးအရေးယူ ထောင်ချ၊ ဖမ်းဝရမ်းထုတ်နေတာကို ဆန့်ကျင်ကန့်ကွက်ပြီး ကျောင်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ ဖိနှိပ် မှုတွေကို ရပ်တန့်ပေးဖို့၅၃ နှစ်မြောက် ဆဲဗင်းဂျူလိုင်မှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂ( တကသ) ကျောင်းသားတွေက တောင်းဆိုတယ်လို့ ပြောပါတယ်။

“၁၉၆၂ ခုနှစ်ကစပြီးတော့ပေါ့….၈၈ အထိပေါ့၊ …ကျနော်တို့ မျိုးဆက်အထိပေါ့။ အခု ဦးသိန်းစိန်ဦးဆောင်တဲ့အရပ်သားအစိုးရကလည်း ကျနော်တို့ ယခင်နည်းတူပါပဲ၊ ဖိနှိပ်နေဆဲပဲပေါ့။ အခုဆိုရင် ကျောင်းသားတွေကို ဝရမ်းပြေးလို့ စွပ်စွဲပြီးတော့ ဖမ်းဆီးနေတာတွေ ရှိတယ်။ အခု လက်ရှိ ဒီအစိုးရ အထိပေါ့။ ဒီလို ကျနော်တို့ကျောင်းသားတွေကို ဒီလိုလုပ်ခဲ့ပါတယ်ဆိုတဲ့ဟာတွေကို ပြည်သူလူထုကို အမှန်အတိုင်းသိစေချင်တယ်။ အဲဒါကြောင့် နှစ်တိုင်းနှစ်တိုင်း 7 July အခမ်းအနားတွေကို ကျောင်းသားတွေဦးဆောင်ပြီးတော့ အမြဲတမ်းသဖြင့်ပေါ့- ကျနော်တို့ လုပ်နေတာရှိပါတယ်။ အခုက message ပေးချင်တာက ဒီလို နှစ်ပတ်လည်အခမ်းအနားတွေ လုပ်နေခြင်းသည် - ဒီလိုအချိန်မျိုးမှာ၊ ဒီလိုနေ့ရက်မျိုးမှာ ဒီအစိုးရက ကျနော်တို့ ကျောင်းသားတွေကို ဒီလိုလုပ်ခဲ့တယ်ဆိုတာမျိုးကို သိအောင်လို့ပါ။”

ဒီကနေ့ ဇူလိုင်လ ၅ ရက်နေ့မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲက ဦးဆောင်ပြီး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်က မြန်မာသံရုံးရှေ့မှာ ၅၃ နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့အခမ်းအနားကိုကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင်း ကျောင်းသားသမဂ္ဂ တရားဝင် ဖြစ်တည်မှု ရှိစေရေးနဲ့ ဒီမိုကရေစီပညာရေးစနစ် ဖော်ဆောင်နိုင်ရေး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်လာနိုင်ရေး အပါအဝင် ဆဲဗင်းဂျူလိုင် သမိုင်းဖြစ်ရပ်မှန် ဖော်ထုတ်နိုင်ရေးတွေကို ကိုရီးယားရောက်မြန်မာ့ဒီမိုကရေစီအင်အားစုတွေက တောင်းဆိုခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ၊ ကိုရီးယားဌာနခွဲရဲ့ဥက္ကဋ္ဌ ဦးနေထွန်းနိုင်က သံရုံးရှေ့မှာ အခုလို ပြောသွားခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ကျင်းပတဲ့ (၅၃) နှစ်မြောက် (၇) ဇူလိုင်အရေးအခင်းအထိမ်းအမှတ် ဆန္ဒပြပွဲ။ (ဓာတ်ပုံ ရန်နိုင်ထွန်း-ကိုရီးယား/ ဇူလိုင် ၅၊ ၂၀၁၅)
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ကျင်းပတဲ့ (၅၃) နှစ်မြောက် (၇) ဇူလိုင်အရေးအခင်းအထိမ်းအမှတ် ဆန္ဒပြပွဲ။ (ဓာတ်ပုံ ရန်နိုင်ထွန်း-ကိုရီးယား/ ဇူလိုင် ၅၊ ၂၀၁၅)

“(၅၃) နှစ်မြောက် 7 July အရေးအခင်းဆိုတာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း (၅၀၀) ကျော်ရင်ကျော်သွားပါစေ၊ နှစ်ပေါင်း (၁) ထောင် ကျော်ရင်ကျော်သွားပါစေ၊ ကျုပ်တို့ပြည်သူတွေရဲ့ရင်ထဲမှာ ဘယ်သောအခါမှ မေ့ပျောက်သွားနိုင်မယ့်ဖြစ်ရပ် မဟုတ်ဘူးဆိုတာ ပြောလိုပါတယ်။”

အခုအချိန်အထိ ဖမ်းဆီးအထိန်းသိမ်းခံနေရဆဲ ကျောင်းသူကျောင်းသားတွေ၊ ဝန်းရံပြည်သူတွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့မြန်မာ အစိုးရကို ကိုရီးယား-မြန်မာ-အင်္ဂလိပ်စာ သုံးမျိုးနဲ့ အိတ်ဖွင့်ပေးစာပေးပို့တောင်းဆိုခဲ့တယ်လို့ ကိုရီးယားဌာနခွဲ NLD ဒုဥက္ကဋ္ဌလည်းဖြစ် သတင်းပြန်ကြားတာဝန်ခံလည်းဖြစ်တဲ့ ဦးရန်နိုင်ထွန်းက အခုလိုပြောပါတယ်။

“ကိုရီးယားနိုင်ငံမှာရောက်နေကြတဲ့ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးနေတဲ့ မြန်မာပြည်သူပြည်သားအားလုံးဟာ အတိတ်သမိုင်းကြောင်းကို အမြဲတမ်း မမေ့မလျော့ရှိတယ်ဆိုတဲ့အကြောင်းတခုရယ်၊ နောက် ပြည်တွင်းမှာ မတရားဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းခြင်း၊ အကျဉ်းချခြင်းခံနေရတဲ့ ကျောင်းသားတွေအကုန်လုံးအနေနဲ့လည်း မိမိတို့ရဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယက အမြဲတမ်းမလျှော့ချဖို့၊ နောက်တခုက ပြည်သူပြည်သားတွေအနေနဲ့ကလည်း ဒီလို တိုင်းပြည်ကို ဒီလို မတရားအုပ်ချုပ်နေတဲ့အစိုးရကို ဝိုင်းဝန်းပြီးတော့ တွန်းလှန်ကြဖို့ဆိုတဲ့စကားမျိုးတွေ ကျနော်တို့ ပြောလိုပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံတွင်း စနစ်အမျိုးမျိုး ခေတ်အဆက်ဆက်က အာဏာရှင်စနစ်ကို ဆန့်ကျင်ကန့်ကွက်ပြီး မြန်မာနိုင်ငံအတွက် ပြုပြင်ပြောင်းလဲရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလို ဆဲဗင်းဂျူလိုင် အောက်မေ့ဖွယ် အခမ်းအနားတွေကို ပြည်တွင်းပြည်ပက ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ဦးဆောင်ကျင်းပနေကြတာဖြစ်ပါတယ်။

XS
SM
MD
LG