သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ပြောင်းလဲရေးအတွက် စာပေ၊ အနုပညာရှင်တွေ ပံ့ပိုးကြဖို့ ဒေါ်စုတိုက်တွန်း


ဒေါ်အောင်ဆန်းစုကြည်နဲ့ စာပေ၊ အနုပညာရှင်များ တော်ဝင်နှင်းဆီခန်းမမှာ တွေ့ဆုံစဉ်။ (ဓာတ်ပုံ- NLD)
ဒေါ်အောင်ဆန်းစုကြည်နဲ့ စာပေ၊ အနုပညာရှင်များ တော်ဝင်နှင်းဆီခန်းမမှာ တွေ့ဆုံစဉ်။ (ဓာတ်ပုံ- NLD)

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ရောက်မနေသေးကြောင်း ပြည်သူတွေ အမှန်အတိုင်းသိရှိဖို့ လိုအပ်တယ်လို့ NLD ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားလိုက်ပါတယ်။ စာပေနယ်ပယ်က စာရေးဆရာ၊ ထုတ်ဝေသူ၊ ကာတွန်းဆရာ၊ ပန်းချီဆရာတွေနဲ့ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံချိန် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာပါ။ ဗွီအိုအေ ရန်ကုန်ရုံးခွဲသတင်းထောက် ကိုစည်သူက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် ရောက်မနေသေးတဲ့အတွက် အဖြစ်မှန်ကို စာပေအနုပညာရှင်တွေအနေနဲ့ ပြည်သူကို သိသာထင်ရှားစွာ မြင်နိုင်အောင် ကူညီပြောဆိုကြဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ။

“ကျမတို့နိုင်ငံရဲ့ တကယ့် ပကတိအခြေအနေ၊ ဒီနိုင်ငံဟာ တကယ် ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ရောက်နေသေးတာ မဟုတ်ဘူးဆိုတာကို ထင်ရှားအောင်လို့၊ သိသာအောင်လို့၊ ကျမတို့ စာပေအနုပညာရှင်တွေကလည်း ဝိုင်းပြီးတော့ကူညီကြဖို့ လိုပါတယ်။ ဒီလို ကျမပြောခြင်းဟာ သက်သက် အပြစ်ရှာချင်လို့ပြောခြင်း မဟုတ်ပါဘူး။ ဒါပေမယ့် အပြစ်မရှိဘူးလို့ ထင်နေလို့ရှိရင် ဒီအပြစ်တွေကို ထပ်တလဲလဲ လုပ်နေမှာစိုးလို့ ဖြစ်ပါတယ်။ ကျမပြောပါတယ်။ မဝေဖန်ဘူး၊ မဝေဖန်ဘူး ဆိုလို့ရှိရင် ထပ်ပြီးတော့ လုပ်စရာမလိုတော့ဘူး၊ ပြုပြင်စရာ မလိုတော့ဘူး၊ ဒီပုံပဲ ဆက်ပြီးတော့ သွားနေမယ်ဆိုရင် ကျမတို့ ဘယ်လိုလုပ်ပြီး ဒီမိုကရေစီရနိုင်မှာလဲ၊ ဒီပုံစံက ဒီမိုကရေစီပုံစံမှ မဟုတ်ဘဲ။ အဲဒီတော့ ဒီမိုကရေစီပုံစံမဟုတ်တာကို၊ မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ကျမတို့က ပြောဖို့လိုပါတယ်။”

ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စာပေအနုပညာရှင်များတွေ့ဆုံပွဲမှာ အခုလို ပြောလိုက်တာပါ။ ၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှန်ပေါ် ရောက်ရှိရေး စာပေအနုပညာရှင်တွေအနေနဲ့ ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ ဒီမိုကရေစီ နိုင်ငံထူထောင်နိုင်ရေး အရေးကြီးတဲ့ စိတ်ဓာတ် တော်လှန်ရေးနဲ့ ဒီမိုကရေစီ ယဉ်ကျေးမှု ရှိစေရေးအတွက် စာပေရဲ့ သြဇာသက်ရောက်မှုကို အသုံးပြုရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ဒီမိုကရေစီဆိုတာ နိုင်ငံရေးစနစ် တခုထူထောင်ရုံနဲ့မရပါဘူး။ ယဉ်ကျေးမှုတခုအနေနဲ့ ကျမတို့မြင်မှ ခိုင်မြဲလိမ့်မယ်လို့ ကျမ ပြောပါတယ်။ အဲဒီတော့ ကျမတို့ဒီလို စိတ်ဓာတ်တော်လှန်ရေးပဲဖြစ်ဖြစ်၊ ယဉ်ကျေးမှုတခု ထူထောင်တာပဲဖြစ်ဖြစ်၊ အဲဒီလို ကိစ္စတွေမှာဆိုလို့ရှိရင် စာပေ၊ အနုပညာရှင်များရဲ့ကဏ္ဍဟာ အင်မတန်မှ အရေးပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာပေ၊ အနုပညာရှင်တွေရဲ့သြဇာကြောင့်မို့လို့၊ နိုင်ငံရေးအရကော၊ ယဉ်ကျေးမှုအရရော အပြောင်းအလဲတွေ အများကြီး ရှိနိုင်ပါတယ်။ ဒီလို အပြောင်းအလဲတွေ မှန်တဲ့ဘက်ကို ရောက်ဖို့ဆိုတာလည်း အားလုံးမှာ တာဝန်ရှိတယ်လို့ ကျမက ယူဆပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲကို စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာတွေအပြင် စာပေထုတ်ဝေသူတွေနဲ့ ပန်းချီဆရာတွေစတဲ့ မြန်မာ့စာပေ နယ်ပယ်က အနုပညာရှင်တွေ တက်ရောက်ခဲ့ပါတယ်။ စာပေအနုပညာရှင်တွေအနေနဲ့လည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သတ်တဲ့အမြင်တွေကို ပြောဆိုခဲ့ပါတယ်။ ကဗျာဆရာ သစ္စာနီကတော့ ကဗျာဆရာတွေရဲ့ နိုင်ငံရေးရပ်တည်ချက်ကို အခုလို ပြောပြခဲ့ပါတယ်။

“ကဗျာဆရာတွေနဲ့နိုင်ငံရေးနဲ့ ဘာဆိုင်လို့လဲလို့ ကဗျာဆရာတချို့ကလည်း ပြောတယ်၊ အရပ်သားတချို့ကလည်း ပြောတယ်။ ကျနော့်အမြင် ပြောရရင်တော့ ကဗျာနဲ့နိုင်ငံရေး၊ သို့မဟုတ် ကဗျာဆရာနဲ့ နိုင်ငံရေးသမားဆိုတာ အတူတူပါပဲ။ အခြေခံအားဖြင့် ကျနော်သိတဲ့ အချက်သုံးချက်အပေါ် ကဗျာဆရာရော၊ နိုင်ငံရေးသမားရော တစ်-အချက်က အမှန်တရားကို မြတ်နိုးတယ်၊ နှစ်-အချက်က အဖိနှိပ်ခံပြည်သူတွေဘက်က အမြဲရပ်တည်တယ်။ သုံးအချက်က အကျိုးရလဒ်ကို မျှော်ကိုးပြီးတော့ ဘယ်တော့မှ မလုပ်ဘူး။”

ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာမှာ အနုပညာဟာ အနုပညာအတွက် သက်သက်သာဖြစ်တယ် ဆိုတဲ့ စိတ်မျိုးထက် ပြည်သူလူထုရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ပိုမိုကြိုးစားသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

“အနုပညာသည် အနုပညာသက်သက်အတွက်သာ-ဆိုတဲ့ အနေအထားမျိုး၊ အယူအဆမျိုးဟာ နိုင်ငံတနိုင်ငံဟာ နိုင်ငံရေးအရ၊ စီးပွားရေးအရ အတိုင်းအတာတစ်ခုအထိ တိုးတက်တည်ငြိမ်နေပြီဆိုရင်တော့ အဲဒီလို သဘောထားတွေနဲ့ လုပ်လို့ရတယ်လို့ ကျမ လက်ခံတယ်။ သို့သော်ငြားလည်း ကျမတို့နိုင်ငံလို အားလုံးက ဝိုင်းပြီးတော့ ရုန်းရမယ့်အချိန်မှာ အနုပညာရှင်များဟာ အနုပညာအတွက် သက်သက်ပဲလို့ ဆိုတာတော့ မသင့်လျော်ဘူးလို့ ဒါ- ကျမ ပွင့်ပွင့်လင်းလင်း ပြောတာပါ။ ကိုယ့်ရဲ့ကျွမ်းကျင်ရာ၊ ကိုယ့်ရဲ့စိတ်ပါဝင်စားရာ ဘာသာရပ်တခုကိုပဲ ဦးစားပေးမယ်၊ ဒီဟာကိုပဲ မီးမောင်းထိုးပြီးတော့ အာရုံစိုက်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့တော့ ကျမတို့ လုပ်မယ်ဆိုရင် ကျမတို့နိုင်ငံဟာ တိုးတက်မှုကို မြန်နိုင်သမျှ မြန်မှာ မဟုတ်ဘူးလို့ ကျမထင်ပါတယ်။”

စာပေအနုပညာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲမှာ စာပေထုတ်ဝေသူတွေကလှူဒါန်းတဲ့ စာအုပ်စာတမ်းတွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ခံခဲ့ပါတယ်။ စာပေအနုပညာရှင်တွေရဲ့ စာပေတွေဟာ လူထုအတွက် ယဉ်ကျေးမှုတစ်ခု ထူထောင်ဖို့နဲ့ စိတ်ဓာတ်တော်လှန်ရေး အတွေးအခေါ်တွေကို ဖြစ်စေတဲ့အတွက် လူထုရဲ့ လိုအပ်ချက် နိုင်ငံရဲ့ လိုအပ်ချက်ကို ဖြည့်စည်းနိုင်အောင် ကြိုးစားကြဖို့ စာပေအနုပညာရှင်တွေကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်ခင်ဗျာ။

XS
SM
MD
LG