သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယား အပစ်ရပ် လက်တွေ့ဖော်ဆောင်ဖို့ ကုလ လိုလား


ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Staffan de Mistura တို့တွေ့ဆုံ
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Staffan de Mistura တို့တွေ့ဆုံ

ဆီးရီးယားနိုင်ငံတွင်း နှစ်လကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်တွေ့ ထိထိရောက်ရောက် အကောင်အထည် ပေါ်စေချင်တယ်လို့ ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Staffan de Mistura က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ ဒီကနေ့ မော်စကိုမြို့မှာ ဆီးရီးယားအရေး ဆွေးနွေးခဲ့ပြီးတဲ့နောက် အခုလို ပြောဆိုလိုက်တာပါ။

ဆီးရီးယားအစိုးရကိုလိုလားတဲ့ တပ်ဖွဲ့တွေနဲ့ သူပုန်အဖွဲ့တွေကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နှောင်းပိုင်းမှာ စတင်အသက်ဝင်ခဲ့ပြီး အကြမ်းဖက်မှုတွေ သိသိသာသာ ကျဆင်းသွားခဲ့ပြီးနောက်မှာ မှ တဘက်နဲ့တဘက် ဒီသဘောတူညီချက်ကို အကြိမ်ကြိမ် ချိုးဖောက်တယ်ဆိုတဲ့ အပြန်အလှန် စွပ်စွဲချက်တွေနဲ့ တိုက်ခိုက်မှုတွေ တဖြည်းဖြည်း ပြန်စလာခဲ့တာပါ။

မြောက်ပိုင်းက Aleppo မြို့တဝိုက်မှာ တိုက်ခိုက်မှုတွေ အပြင်းထန်ဆုံး ပြန်လည်ဖြစ်ပွားနေပြီး၊ အစိုးရတပ်တွေဘက်က လေကြောင်း တိုက်ခိုက်မှုတွေနဲ့ သူပုန်တွေဘက်ကလည်း ဗုံးကျဲတိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့သီတင်းပတ်တွင်းမှာတင် လူတွေ ရာနဲ့ချီ သေဆုံးခဲ့ရပါတယ်။ ဒီကနေ့ Aleppo မြို့က ဆေးရုံတခုကို သူပုန်တွေရဲ့ ရော့ကတ်ကျည်ဆံတွေ ထိမှန်လို လူတွေ ဒါဇင်နဲ့ချီ သေဆုံး ဒါမှမဟုတ် ဒဏ်ရာရခဲ့တယ်လို့ ဆီးရီးယား အစိုးရသတင်းမှာ ဖော်ပြထားပါတယ်။

အထူးကိုယ်စားလှယ် Staffan de Mistura နဲ့ ဆွေးနွေးပွဲ အစမှာပဲ မစ္စတာ Lavrov က ရုရှားနဲ့ အမေရိကန် နှစ်နိုင်ငံစလုံးက ဆီးရီးယားအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပိုပြီးတော့ ထိရောက်အောင် လုပ်သွားဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။ ဆီးရီးယားအရေးနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ မစ္စတာ Lavrov တနင်္လာနေ့က တယ်လီဖုန်းပေါ်မှာ ပြောဆို ဆွေးနွေးခဲ့သလို၊ အပစ်အခတ်ရပ်စဲရေးကို တိတိကျကျလိုက်နာဖို့ နှစ်ဘက်စလုံးကို သူတို့က တိုက်တွန်းနေတယ်လို့ မစ္စတာ Lavrov ရဲ့ ရုံးက ပြောပါတယ်။

XS
SM
MD
LG