သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူလာအိုမာ သေဆုံးမှု တာလီဘန် အတည်ပြု


 တာလီဘန်အဖွဲ့ကို တည်ထောင်သူ Mullah Omar ကွယ်လွန်။
တာလီဘန်အဖွဲ့ကို တည်ထောင်သူ Mullah Omar ကွယ်လွန်။

တာလီဘန်အဖွဲ့ကို တည်ထောင်သူ Mullah Omar ကွယ်လွန်သွားပြီဖြစ်ကြောင်း တာလီဘန်အဖွဲ့က တရားဝင် အတည်ပြု ပြောကြားပါတယ်။ Mullah Omar ဟာ မနာမကျန်းဖြစ်ပြီး သေဆုံးသွားကြောင်း ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာ တာလီဘန်အဖွဲ့က ပြောကြားထားပေမယ့် ဘယ်တုန်းက ဘယ်နေရာမှာ သေဆုံးတယ်ဆိုတဲ့ အသေးစိတ် အချက်အလက် ကို ပြောမထားပဲ သူ ကွယ်လွန်ခါနီး ၁၅ ရက်အလိုမှာ သူ့ကျန်းမာရေးအခြေအနေ ဆိုးရွားလာခဲ့တယ်လို့သာ ဖော်ပြထားပါတယ်။

ဒါ့အပြင် Mullah Omar လွန်ခဲ့တဲ့ ၂ နှစ်လောက်က သေဆုံးသွားတယ်လို့ အာဖဂန်အစိုးရက ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော်ပြောဆိုခဲ့တာ မှန်ကန်ခြင်း ရှိမရှိဆိုတာကိုလည်း တာလီဘန်အဖွဲ့ရဲ့ ကြေညာချက်ထဲမှာ တစုံတရာ ဖော်ပြထားခြင်း မရှိပါဘူး။

Mullah Omar ဟာ ပါကစ္စတန်နိုင်ငံအတွင်းက ဆေးရုံတခုမှာ သေဆုံးသွားတယ်လို့ အာဖဂန်အစိုးရက ပြောဆိုထားပေမယ့် သူ့အနေနဲ့ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့တွေ တာလီဘန်အစိုးရအဖွဲ့ကို ဖြုတ်ချလိုက်တဲ့ ၂၀၀၁ ခုနှစ်ကစလို့ သူ့အနေနဲ့ အာဖဂန်နစ္စတန်နိုင်ငံ ပြင်ပကို ဘယ်တုန်းကမှ ထွက်ခွာသွားခဲ့ခြင်း မရှိဘူးလို့ တာလီဘန်အဖွဲ့က ပြောပါတယ်။

တာလီဘန်အဖွဲ့နဲ့ အာဖဂန်အစိုးရအကြား ပြုလုပ်ဖို့ရှိတဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေကို အာဖဂန်မှာရှိတဲ့ တာလီဘန်အဖွဲ့ရဲ့ တောင်းဆိုချက်အရ ရက်ရွေ့ဆိုင်းထားတယ်လို့ ပါကစ္စတန်နိုင်ငံက ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။

တာလီဘန် ခေါင်းဆောင်တွေအနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဆက်လက် ပြုလုပ်ကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဆွေးနွေးပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးနေတဲ့ ပါကစ္စတန် အစိုးရက ပြောပါတယ်။

XS
SM
MD
LG