သုံးရလွယ်ကူစေသည့် Link များ

ထိုင်းရှိ မြန်မာအလုပ်သမား ခရီးသွားလာခွင့် လက်မှတ် ထုတ်ပေးမည်


ထိုင်းနိုင်ငံတွင်းက ရွှေ့ပြောင်းအလုပ်သမားများ။
ထိုင်းနိုင်ငံတွင်းက ရွှေ့ပြောင်းအလုပ်သမားများ။

ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်ရင်း အလုပ် လုပ်နေကြတဲ့ မြန်မာပြည် က ရွှေ့ပြောင်း အလုပ်သမားတွေအတွက် လိုအပ်လာရင် နေရပ်ရင်းပြန်နိုင်အောင် ခရီးသွားလာခွင့် အထောက်အထားတွေကို ထိုင်းနိုင်ငံမှာ ရှိတဲ့မြန်မာသံ
ရုံးက ထုတ်ပေးဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ မြန်မာအလုပ်သမားတွေ အဖမ်းမခံရဖို့ အတွက် ထိုင်းမြန်မာ နှစ်နိုင်ငံ သဘောတူညီချက်ကနေ အခုလို အခြေအနေရောက် လာတာဖြစ်တဲ့အကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံး အလုပ်သမားရေး တာဝန်ခံ တစ်ဦးက အခုလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း အစီအစဉ်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကနေ ရွှေ့ပြောင်းအလုပ်သမားရေး လုပ်ဆောင်နေ တဲ့ အဖွဲ့တချို့ကိုခေါ်ယူတွေ့ဆုံခဲ့ပြီးနောက် ယာယီနိုင်ငံကူး လက်မှတ် မရှိဘဲ နေရပ်ရင်း ကို ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေအတွက် သူတို့ဆီမှာ တင်ပြတောင်းခံ လာမယ်ဆိုရင် ခရီးသွား လက်မှတ် ကိုထုတ်ပေး မှာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။ ထိုင်းနိုင်ငံဘန်ကောက်မြို့က အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်ကတော့ ခရီးသွားလာတဲ့အခါမှာ မြန်မာသံရုံးက အထောက်အထား လက်မှတ်ထုတ်ပေးမယ့် ကိစ္စကို ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့သဘောတူညီမူ ရယူထားတယ်လို့ဆိုပါတယ်။

"ဘတ်ဘတ်ကဆိုတာပါမယ် မြန်မာသံရုံးက ခရီးသွားထောက်ခံချက် ပါမယ်ဆိုလို့ရင် လမ်းမှာ အဖမ်းအဆီးမရှိဘူး။ နောက်တစ်ခါ ခါတိုင်းလုပ်တဲ့ အခါမှာ အရင်တုန်းကဆိုပေးရတယ်။ တစ်ထောင်လား တစ်ထောင့်နှစ်ရာလား ပေးရတယ်။ အခုမြန်မာပြည်ပြန်မှာဖြစ်တဲ့အတွက်ကြောင့် ပေးစရာမလိုဘူး ဆိုတာ ထိုင်းဖက်ကလည်း အဲဒါလေးတွေကို ဆွေးနွေးထားတာဖြစ်တဲ့အတွက်ကြောင့် အဲဒီဟာလေးတွေကို အောက်ခြေအထိအောင် ကျနော် ရှင်းပြလိုက်ခြင်းဖြစ်ပါတယ်"

ထိုင်းနိုင်ငံမှာ ရှိတဲ့ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပါတ်သက်လို့ အလုပ်လုပ်ခွင့် လက်မှတ်တွေကို ထိုင်းအစိုးရက ဇွန်လကစတင်ပြီး ထုတ်ပေးနေပြီ ဖြစ်ပေမဲ့ တချို့ အလုပ်သမားတွေ အနေနဲ့ နိုင်ငံကူး လက်မှတ်လုပ်ဖို့ အတွက်က မြန်မာနိုင်ငံသားမှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းမရှိကြတာကြောင့် အခက်အခဲတွေလည်း တွေ့ကြုံနေကြရတာပါ။

ဒီအတွက် မြန်မာသံရုံးက နေရပ်ရင်းပြန်ဖို့ အတွက် ခရီးသွားလက်မှတ်တွေ လုပ်ပေးမယ် ဆိုရင်တော့ အလုပ်သမားတွေအတွက် အဖမ်းဆီး ခံရပြီး ငွေကုန်ကြေးကျ များနိုင်မယ့် ကိစ္စတွေအတွက် အဆင်ပြေမူတွေ ရှိသွားနိုင်တယ် ဆိုပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ မဟာချိုင်ဒေသတာဝန်ခံ ကိုခိုင်ကြီးက အခုလိုပြောပြပါတယ်။

"ကျနော်တို့က ကိုယ့်နိုင်ငံကို ပြန်တဲ့အခါကြရင် ရှိတဲ့ဒေသကနေ ရဲစခန်းကို သတင်းပို့ရတယ်။ ကြား အကျိုးဆောင်တစ်ယောက်နဲ့။ သတင်းပို့တဲ့အခါကျရင် ကျနော်ပြန်ပါ့မယ်လို့ဆိုပြီး ရဲကို ပြောပြီး သွားအဖမ်းခံရတယ်။ အဲ့ဒီကျ ရဲက အလကား မဖမ်းဘူး။ သူ့ရဲ့ ပိုက်ဆံသတ်မှတ်ထားတဲ့ ဈေးနှုန်း နှစ်ထောင်လေးရာ ယူလိုက်တယ်။ အဲဒါ ကျနော်တို့က သူ့ရဲ့ မှတ်ပုံတင် နဲ့ ဓါတ်ပုံရိုက်တဲ့ဈေးနှုန်း နှစ်ထောင်လေးရာ ယူလိုက်တယ်။ ပြီးသွားရင် ရဲက ကားပေါ်တင်ပေးလိုက်တယ်။ မြဝတီဂိတ်ရောက်ရင် အဲဒီမြဝတီမှာ လက်မှတ်သွားထိုးတဲ့ အခါကျရင် မြဝတီက ကိုးသုံးလုံးဂိတ်ကို သွားပို့တယ်။ အဲဒီဂိတ်မှာ နောက်ထပ်ပိုက်ဆံ ခြောက်ရာ ထပ်တောင်းတယ်။ ခြောက်ရာ မပေးတဲ့လူဆိုရင် လုံးဝ ဗမာပြည်ဖက်ကို ပြန်လို့မရဘူး။ မြဝတီ အချုပ်ထဲမှာ ထည့်ထားတယ်။ သောမောရုံး လဝကမှာ အနဲဆုံး ၂၄ နာရီ တရက် နှစ်ရက်လောက်အထိထားတယ်ပေါ့ဗျာ။ ဗမာပြည်သားတွေက ပိုက်ဆံ ခြောက်ရာမပေးဘူးဆိုပြီး အကုန်နေပစ်လိုက်တဲ့အခါကျတော့ နောက်ပိုင်းမှာ ရက်တွေတိုးတိုးပြီးတော့ခါ အလုပ်သမားတွေ စိတ်ညစ်ပြီးတော့ ပိုက်ဆံ ခြောက်ရာပေးရတယ်။ အဲဒါ ကိုးသုံးလုံးဂိတ်မှာ ပေးရတယ်။ အဲဒီတော့ ဟိုက ၆၀၀ ရယ် ဒီက ၂၄၀၀ ရယ် သုံးထောင် ကုန်တယ်။ အဲဒီ သုံးထောင်ကို အလုပ်သမားအရာရှိ ဦးသိန်းနိုင်ကပြောတဲ့ အတိုင်း သူတို့ပရိုဂရမ် အတိုင်း မှန်ကန်သွားပြီဆိုရင် ဒီနေ့ကစပြီးပြောတာပေါ့နော်။ ကျနော်တို့အလုပ်သမားတွေ အတွက် အရမ်းကို အကုန်အကျ သက်သာသွားမယ်။ ကားခပဲကုန်မယ်"

ထိုင်းအစိုးရ က အလုပ်သမားတွေလက်မှတ်လုပ်ဖို့အတွက် ဝမ်းစတော့ ဆားဗစ်စင်တာ (One Stop Service Center ) လို့ခေါ်တဲ့ စခန်းတွေကို ၂၀၁၄ ခုနှစ်အောက်တိုဘာလ (၃၀) ရက်နေ့ထိ ဆက်လက်ဖွင့်လှစ်သွားဖို့ ကြေညာထားပြီး ယာယီအလုပ်လုပ်ခွင့်ကို ၂၀၁၅ ခုနှစ် မတ်လ (၃၁) ရက်နေ့အထိ သက်တမ်းပေးသွားဖို့ ထိုင်းအစိုးရ ဆုံးဖြတ်ချက်ချထားပါတယ်။

ဇွန်လ(၃၀) ရက်နေ့ကစပြီး စတင်ပြုလုပ်ခဲ့တဲ့ မှတ်ပုံတင်တဲ့အစီစဉ်မှာတော့ မြန်မာ ကမ္ဘောဒီယား လာအို ရွှေပြောင်း အလုပ်သမားပေါင်း လေးသိန်းသုံးထောင် (၄၀၃၀၀၀) ကျော်လာရောက် မှတ်ပုံတင်ခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား သိန်းနဲ့ချီရှိတဲ့ တာ့(ခ်) ခရိုင်ထဲမှာတော့ ထိုင်းအစိုးရ ရွှေ့ပြောင်းလုပ်သား တသိန်းလေးသောင်းကျော် မှတ်ပုံတင်ကြမယ်လို့ ခန့်မှန်းထားတာပါ။ ဒါပေမဲ့ သြဂုတ်လ ၄ ရက်နေ့ ၁၄ရက်နေ့ထိ ၁၀ရက်အတွင်းမှာ မြန်မာနိုင်ငံသား တထောင်ကျော်သာ လာရောက်မှတ်ပုံတင်ခဲ့ကြပါတယ်။

ရွှေ့ပြောင်း အလုပ်သမားအတော်များများဟာ အလုပ်လုပ်ခွင့် လက်မှတ်ဖိုး အပြင် နောက်ဆက်တွဲ လုပ်ရမယ့် နိုင်ငံကူးလက်မှတ်ရဲ့ကုန်ကျစားရိတ်တွေကို တတ်နိုင်မူ မရှိသေးတာကြောင့် ရော နေရပ်ရင်းပြန်ဖို့အခက်အခဲတွေကြောင့် ထိုင်းအစိုးရခန့်မှန်းသလောက် ထိုင်းနိုင်ငံတွင်းမှာ မှတ်ပုံတင်ကြတာမျိုးတွေ မရှိသေးပါဘူး။

XS
SM
MD
LG