သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းလူမှောင်ခိုစက်လှေ ပိုင်ရှင် ရန်ကုန်မှာ ဖမ်းမိ


ရာနဲ့ချီတဲ့ လှေစီးပြေးသူတွေကို မြန်မာ့ရေတပ်မတော်က ကယ်တင်ခဲ့စဉ်။ (ဓာတ်ပုံ - MOI)
ရာနဲ့ချီတဲ့ လှေစီးပြေးသူတွေကို မြန်မာ့ရေတပ်မတော်က ကယ်တင်ခဲ့စဉ်။ (ဓာတ်ပုံ - MOI)

လူကုန်ကူးမှုနဲ့ပတ်သက်လို့ ထိုင်းဘက်ကအလိုရှိနေတဲ့ ထိုင်းနိုင်ငံသား စက်လှေပိုင်ရှင်ကို ရန်ကုန်တိုင်းအတွင်းမှာဖမ်းမိခဲ့ပြီးသူနဲ့ဆက်စပ်နေသူတွေကို ဖမ်းမိထားတယ်လို့ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီနှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြောပါတယ်။ မလေးရှားနိုင်ငံဘက်သွားဖို့ ကြိုးပမ်းစဉ် ရခိုင်ပြည်နယ် ရေပိုင်နက်ထဲ မကြာသေးခင်က ဖမ်းဆီးရမိခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံသားတချို့ပါတဲ့ လှေပိုင်ရှင်ဟာ ထိုင်းလူမျိုးဖြစ်တယ်ဆိုတာ ခြေရာခံမိရာက အခုလို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့မေလ ၂၁ ရက်နေ့က မောင်တောမြို့နယ်ထဲမှာ မြန်မာ့ရေတပ်က လှေစီးပြေးဒုက္ခသည် ၂၀၀ ကျော်ကို ဖမ်းဆီးမိခဲ့ပြီးနောက် စုံစမ်းစစ်ဆေးရာကနေ လှေပိုင်ရှင်ဟာ ထိုင်းနိုင်ငံ၊ ရနောင်းမြို့က ‘ဖိမင့်’ ဆိုသူဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ထိုင်းနဲ့မြန်မာ သတင်းဖလှယ်ပူးပေါင်းပြီး လူကုန်ကူးသူတွေကို ဖမ်းဆီးခဲ့ရာမှာ ထိုင်းစက်လှေပိုင်ရှင်ကို မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းနယ်နိမိတ်အတွင်းမှာ ဖမ်းမိခဲ့တယ်လို့ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့က ရဲမှူးချုပ်ဝင်းနိုင်ထွန်းက ပြောပါတယ်။

“Au Mint က ရန်ကုန်တိုင်းအတွင်းထဲမှာမိတာပါ။ အဲဒီလူက ထိုင်းကအလိုရှိနေတဲ့လူဖြစ်တယ်လို့ - ထိုင်းကအလိုရှိတဲ့အတွက် ဒီဘက်ကို အကြောင်းကြားတဲ့အတွက် ဒီဘက်က ရှာဖွေပြီးတော့ ဖမ်းလိုက်တာပေါ့နော်။ လောလောဆယ်တော့ စိစစ်ဆဲပဲရှိပါသေးတယ်။ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က စိစစ်နေဆဲဖြစ်တော့ ကျနော်တို့က အရေအတွက်တော့ မသိသေးဘူး။ လောလောဆယ် သူနဲ့ဆက်နွယ်ပြီးတော့ ပါဝင်ပတ်သက်တဲ့သူတွေ နှစ်ယောက် သုံးယောက်လောက်တော့ စိစစ်နေတဲ့အပိုင်းပဲရှိပါသေးတယ်။ ကျနော်တို့အခုသိသလောက်တော့ ထိုင်းနိုင်ငံသားဖြစ်တယ်၊ သွားလိုက်လာလိုက်ဆိုတဲ့ သဘောပဲ ရတယ်။ သူ့ရဲ့ဖြေကြားချက်ပေါ်ပဲမူတည်တယ်။ အခုလောလောဆယ်လေ၊ ကျနော်တို့သတင်းရနေတာတော့ ထိုင်းဘက်ကပြောတဲ့ သတင်း အရတော့ မြန်မာဘက်မှာလည်းနေတယ်။ ထိုင်း citizen ဖြစ်တယ်။ ထိုင်းလူမျိုးဖြစ်တယ်၊ အဲဒါကိုပဲ ကျနော်တို့ စိစစ်တဲ့အပိုင်းပဲ ရှိပါသေးတယ်။”

ထိုင်းနိုင်ငံမှာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားလို့ ယူဆရတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ရုပ်အလောင်းတွေ တွေ့ရှိခဲ့ပြီးတဲ့နောက် လူကုန်ကူးမှုမှာ ပါဝင် ပတ်သက်တယ်လို့ယူဆရသူတွေကို ထိုင်းအစိုးရက ပြင်းပြင်းထန်ထန် ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအထဲမှာ ဒေသဆိုင်ရာ အာဏာပိုင်တွေကိုပါ ဖမ်းဆီး အရေးယူမှုတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒီလိုအရေးယူမှုတွေအတွင်း လှေစီးပြေးဒုက္ခသည်တွေကို သယ်ဆောင်ပေးတဲ့ ထိုင်းနိုင်ငံ၊ ရနောင်းမြို့က စက်လှေပိုင်ရှင်ကိုလည်း ထိုင်းနိုင်ငံဘက်က အရေးယူနိုင်ဖို့အတွက် မြန်မာနိုင်ငံဘက်ကိုလည်း အကူအညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းမိထားတဲ့ စက်လှေပိုင်ရှင်ကို မြန်မာနိုင်ငံဘက်က စစ်ဆေးနေဆဲဖြစ်ပြီး ထိုင်းနိုင်ငံကို လွှဲပြောင်းမပေးရသေးဘူးလို့ ဆိုပါတယ်။ ထိုင်းနိုင်ငံသားစက်လှေပိုင်ရှင်ကို ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ထဲမှာ မေလ ၂၉ ရက်နေ့က ဖမ်းဆီးမိခဲ့ကြောင်း မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနကလည်း ပြည်ထဲရေးဌာနကို ကိုးကားပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်ရှင်။

XS
SM
MD
LG